Mar 17, 2010
သိမှတ်ဖွယ်ရာ ကရင်ယဉ်ကျေးမှုအဖြာဖြာ အပိုင်း(၁)
´ယဉ်ကျေးမှု` ဟူသည် ကိုယ်နှုတ်၊နှလုံး သုံးပါးဖြင့် ယဉ်ကျေးသိမ်မွေ့စွာ သွားလာနေထိုင် ပြောဆိုဆက်ဆံခြင်း ဟူ၍လည်းကောင်း၊ ယဉ်းကျေးမှု ဟူသည် အတိတ်ကာလအမွေအနှစ်များ၏ အထိန်းအကွပ်၊ အနာဂတ်အင်အားသစ်တစ်ရပ်အတွက် အခြေခံခြင်း၊ ယဉ်ကျေးမှု ဟူသည် ပြုစုပျိုးထောင် စောင့်ရှောက်ရမည့်လုပ်ငန်း၊ ယဉ်ကျေးမှု ဟူသည် ရုပ်နှင့်နာမ် ပူးပေါင်းဆက်နွယ်ပြီး တစ်ဦးကို တစ်ဦး မှီတွယ်ပြုနေကြသည်။ မိမိ၏ ရှုထောင့် အသီးသီးမှနေ၍ ခေတ်အဆက်ဆက် တင်ပြဆွေးနွေးခဲ့ကြသည်။
`ဘာသာစာပေအနုပညာသည် ယဉ်ကျေးမှု၏ အဓိကရေသောက်မြစ်´ ဟူ၍လည်းကောင်း၊ ယဉ်ကျေးမှုဟူသည် ရှုသာမြင်သာသော ဓလေ့ထုံးစံ အပြုအမူများ ဖြစ်ပေါ်လာအောင် တွန်းအားပေးသော အခြေအနေ အလေ့အထဖြစ်ပြီး ၄င်းအပြုအမူကို ဖြစ်ပေါ်လာအောင် တွန်းအားပေးခြင်းသည် ယဉ်းကျေးမှုဖြစ်သည်။ ယဉ်ကျေးမှုသည် လူ့ဘောင်လောက၏ အဓိကချည်တိုင်ကြီး ဖြစ်သည်ဟု ခံယူသူလည်း ခံယူကြသည်။ သို့ဖြစ်ရာ ယဉ်ကျေးမှုသည် လူတို့အတွက် အထူးလိုအပ်ကြောင်း သိသာထင်ရှားပါသည်။
+ Read more
Mar 13, 2010
ကရင်စာပေရှေ့ဆောင် ဖူ့ဒိုက်ကော်
(၁)-ဗုဒ္ဓဘာသာ အရှေ့ပိုးကရင်စာပေ
ထိုစာပေသည် ဖလုံ (ပိုးကရင်) တို့က `လိက်ထူ့လီ´ ရှေးဟောင်းစာပေအဖြစ် သတ်မှတ်ကြသည်။ ယင်းစာပေကို သထုံဘုရင်၊ မနူဟာမင်ကြီးထံပါး ခစားရသော ကရင်အမျိုးသား ပညာရှိ `မွန်ဒိင်´ အမည်ခေါ် `ဖူ့ဒိုက်ကော်´ က တီထွင်ရေးသားခဲ့သည်။
(၂)-နှစ်ခြင်းဘာသာဝင် စကောကရင်စာပေ
ထိုစာပေသည် အမေရိကန်သာသနာပြု ဒေါက်တာ ဂျွန်နသန်ဝိတ် က ခရစ်သက္ကရာဇ် ၁၈၃၂-ခုနှစ်တွင် မြန်မာအက္ခရာကိုမှီး၍ တီထွင်ရေးသားခဲ့သည်။ ဗျည်းအက္ခရာ (၂၅) လုံးနှင့် သရ (၉) လုံးပါဝင်သည်။
(၃)- နှစ်ခြင်းဘာသာဝင် ပိုးကရင်စာပေ
ထိုစာပေကိုလည်း ခရစ်သက္ကရာဇ် ၁၈၃၂-ခုနှစ်၊ ဒေါက်တာ ဂျွန်နသန်ဝိတ် ကပင် ရေးသားခဲ့သည်။ ဗျည်း (၂၆) လုံးနှင့် သရ (၁၀) လုံးပါဝင်သည်။ ထိုစာရေးနည်းမှာ ခေါမ၊ ရောမနှင့် အမျိုးအမည် မကွဲပြားသောအက္ခရာများ ပါဝင်နေသဖြင့် ဖတ်မှတ်ရာတွင် မလွယ်ကူခြင်း၊ ကရင်အများစုကလည်း မကြိုက်မနှစ်သက်ခြင်းရှိရာ နှစ်မကြာမီ မှေးမှိန် ပျောက်ကွယ်သွားလေသည်။
(၄)- ရောမအက္ခရာ စကောကရင်စာပေ
ထိုစာပေသည် ခရစ်သက္ကရာဇ် ၁၈၃၂-ခုနှစ်တွင် ဒေါက်တာ ဂျွန်နသန်ဝိတ် ရေးသားတီထွင်ခဲ့သော စကောကရင်စာပေကိုမှီး၍ ဆရာထွန်းမြက တီထွင်ရေးသားပြီး ကရင်ရေးရာ ပညာရေးအရာရှိချုပ် စောဘထွန်းတင်က စိစစ်ပြင်ဆင်သော ရေးသားနည်းဖြစ်သည်။ ယင်းစာပေသည် ဗျည်းအက္ခရာ (၂၆) လုံးနှင့်
သရ (၉) လုံးပါဝင်သည်။
(၅)- မြန်မာအက္ခရာကိုအခြေခံသော ပိုးကရင်စာပေ
ထိုစာပေသည် ဒေါက်တာ ဂျွန်နသန်ဝိတ် တီထွင်ရေးသားခဲ့သော ပိုးကရင်စာကို ခရစ်သက္ကရာဇ် ၁၈၅၂-ခုနှစ်တွင် ဒေါကတာ အယ်လ် ဘရေတန်က မြန်မာဗျည်းအက္ခရာများကို မှီးယူ၍ တီထွင်ရေးသော စာပေဖြစ်သည်။ ဗျည်း (၂၆) လုံးနှင့် သရ (၁၀) လုံး ပါဝင်သော်လည်း နောင်အခါတွင် ထပ်မံဖြည့်စွက်၍ ဗျည်း (၂၇) လုံး ရှိလာလေသည်။
(၆)- ဗုဒ္ဓဘာသာ ကရင်စာပေ
ထိုစာပေကို ကော့ကရိတ်မြို့၊ မင်္ဂလာဇေယုံကျောင်း ဘုန်းတော်ကြီး ဦးနန္ဒမာလာက သက္ကရာဇ် ၁၂၉၁-ခုနှစ်၊ ခရစ်နှစ် ၁၉၃၀-ခုနှစ်တွင် ကျုံဒိုး ဇမ္မသုခကျောင်း၌ တီထွင်းရေးသားခဲ့သည်။ ဆရာတော် တီထွင်ရေးသားသောစာသည် ပိုးကရင်၊ စကောကရင် ၊ ကရင်နှစ်မျိုးလုံးဖတ်ရှုနိုင်ပြီး မြန်မာ၊ မွန်၊ ရောမအက္ခရာကိုမှီး၍ ရေးသားခဲ့သည်။ ဗျည်း (၃၈) လုံးနှင့် သရ (၂)လုံး ပါဝင်သည်။
(၇)- ဗုဒ္ဓဘာသာ စကောကရင်စာပေ
ထိုစာပေသည် ဘားအံမြို့နယ်၊ မုက္ကဒိကျေးရွာအုပ်စု၊ ကမ်းကြီးရွာ၊ မြိုင်သာယာဆရာတော် ဦးသာဂရ တီထွင်ရေးသားသော စာရေးနည်းဖြစ်သည်။ ပထမတန်းမှ ဆဋ္ဌမတန်းအထိ ကျောင်းသုံးစာအုပ်များပြုစု၍
ယနေ့တိုင် သင်ကြားပို့ချလျက်ရှိသည်။
(၈)- ဗရင်ဂျီဘာသာ စကောကရင်စာပေ
ထိုစာပေသည် ပြင်သစ်လူမျိုး အက်ဒွပ်ကဲလ်မင်းနှင့် ဗရင်ဂျီဘာသာဝင် စကောကရင်အမျိုးသား ဆရာကျော်စိန်တို့က ရောမအက္ခရာကို အသုံးပြု၍ တီထွင်ရေးသားခဲ့ပြီး ခရစ်သက္ကရာဇ် ၁၉၅၄-ခုနှစ်၊ စက်တင်ဘာလတွင် ယိုးဒယားပြည်၊ ဘန်ကောက်မြို့၌ ပုံနှိပိထုတ်ဝေခဲ့သည်။ ဗျည်းအက္ခရာ (၂၀) လုံးနှင့်
သရအက္ခရာ (၉) လုံး ပါဝင်သည်။ ထိုစာရေးနည်းကို ဖာပွန်ဒေသနှင့် ယိုးဒယားနယ်တို့တွင် သင်ကြားကြပြီး
ယိုးဒယားနယ်တွင် ပို၍ ထွန်းကားလာကြောင်း သိရသည်။
(၉) လဲကယ်ဘာသာ `လိုက်ဆန်ဝှေ့´
လဲကယ်ဘာသာကိုးကွယ်သော ပိုးကရင်တို့၏ `လိက်ဆန်ဝှေ့´ ခေါ် ကြက်ယက်စာပေဖြစ်သည်။ ထိုစာပေအား သက္ကရာဇ် ၁၂၀၈-ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၈၄၆-ခုနှစ်တွင် ကရင်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ဖူ့ကျာ်သောင်လျှက်ကလည်းကောင်း၊ ဘားအံမြို့နယ်၊ နှစ်ခြားရွာ ဦးမောင်ထိုင်ကလည်းကောင်း၊ တီထွင်ရေးသားခဲ့ကြောင်း အဆိုနှစ်ရပ်ရှိလေသည်။ ထိုစာရေးနည်းအား သက္ကရာဇ် ၁၂၂၂-ခုနှစ်၊ ခရစ်နှစ် ၁၈၆၁-ခုနှစ်တွင် နှစ်ခြားရွာ လဲကယ်ဘာသာဝင်ခေါင်းဆောင် `ဖိမိုက်ကာလီ´ က ပုရပိုက်ပေါ်တွင် ပထမဆုံးအကြိမ် စတင်ရေးသားခဲ့ပြီး ဗျည်းအက္ခရာ (၂၅) လုံးနှင့် သရအက္ခရာ (၁၂) လုံးပါဝင်သည်။
+ Read more
အထက်ဖော်ပြပါ ပေါ်ထွန်းခဲ့သော ကရင်အမျိုးသား စာပေများအနက် ရှေးကျသော စာရေးနည်းနှင့် မျက်မှောက်တွင် ထွန်းကားနေသော စာရေးနည်းမှာ (၃) မျိုးခန့်သာ ရှိလေသည်။ ထိုစာပေ (၃) မျိုးမှာ မျက်မှောက်တွင် ရေးသား ပုံနှိပ်ထုတ်ဝေသော `လိက်ထူ့လီ´ ခေါ် အရှေ့ပိုးကရင်စာပေ၊ စကောကရင်စာပေနှင့် အနောက်ပိုးကရင်စာတို့ဖြစ်သည်။ ကျန်သော စာပေအချို့တွင် သူ့ဒေသအလျောက် ကိုးကွယ်ရာ ဘာသာအလိုက် သင်ကြားခြင်းလည်း ရှိလေသည်။ ရှေးကျ၍ လူအများ သုံးစွဲထွန်းကားနေသော စာရေးနည်းများအနက် မူလက `ဖူ့ဒိုက်ကော်´ တီထွင်ရေးသားခဲ့သော ဗုဒ္ဓဘာသာ အရှေ့ပိုးကရင်စာပေသည် ကျယ်ပြန့်စွာ လွမ်းမိုးလျက်ရှိနေသည်။ ဖူ့ဒိုက်ကော်မှ အစပြုသော စာရေးနည်းဖြစ်သည့်အလျှောက် ဗုဒ္ဓဘာသာ အရှေ့ပိုးကရင်တို့က `လိက်ထူ့လီအစ ဖူ့ဒိုက်ကော်က´ ဟူ၍လည်းကောင်း၊ `ကရင်စာပေရှေ့ဆောင် ဖူ့ဒိုက်ကော်´ဟူ၍လည်းကောင်း ဂုဏ်ပြုကြသည်။
ဖူ့ဒိုက်ကော်တီထွင်ခဲ့သော စာရေးနည်းသည် ဖူ့ဒိုက်ကော်၏ ဘ၀ဖြစ်စဉ်နှင့် ကရင်စာပေသမိုင်းတို့တွင် ထင်ဟပ်
ဆက်စပ်လျက် ရှိလေသည်။ ဖူ့ဒိုက်ကော်၏ ကြိုးပမ်းအားထုတ်မှုကြီးမားခြင်းကိုလည်း မျက်မှောက် အရှေ့ပိုးကရင်ဘာသာ ဗုဒ္ဓဘာသာဝင်တို့၏ နှလုံးသားတွင် ကိန်းဝပ်လျက်ရှိလေသည်။
စာပေကျမ်းဂန်ထွန်းကားခဲ့သော ကရဏ္ဏကတိုင်း၊ သုဓုမ်ပြည်နယ်၊ အုပ်စိုးသော မင်းအဆက်ဆက်၌ ခစားသော ကရင်အမျိုးသား ပညာရှိများလည်း အမြောက်အများရှိလေသည်။ အေဒီ (၅) ရာစုလောက်တွင် အုပ်စိုးသော မွန်မင်းလက်ထက်၌ အိန္ဒိယပြည်တောင်ပိုင်း ကဒမ္ဗအက္ခရာနှင့်ပလ္လ၀အက္ခရာများမှတဆင့် မွန်အက္ခရာစာပေကို
တီထွင်လာကြောင်း သုတေသီများက မှတ်ယူထားလေသည်။သုဓုမ်ပြည့်ရှင် မင်းသီဟရာဇာမင်းမှစ၍ (၅၇) ဆက်မြောက် မနူဟာမင်း ခေါ် သီရိတြိဘ၀နာဒိတျာပ၀ရ ဓမ္မရာဇာဘွဲ့ခံ မကုဋမနူဟာမင်းလက်ထက်တွင် ပညာရှိအမတ်ကြီးများရှိသည့်အနက် ကရဏ္ဏကတိုင်းသားပညာရှိ ကရင်အမျိုးသားအမတ်ကြီးတစ်ဦးလည်း ရှိလေသည်။
ထိုပညာရှိအမတ်ကြီးမှာ ဗညားဣန္ဒဘွဲ့ခံ မွန်အခေါ်အားဖြင့် `မွန်ဒိင်´ ဖြစ်သော ကရင်အမျိုးသား`ဖူ့ဒိုက်ကော်´ ပင်ဖြစ်သည်။
မနူဟာမင်းလက်ထက်တွင် ဆင်ဖြူတော် (၃၂) စီး၊ ပိဋကတ်အစုံ (၃၀) ရှိလေသည်။ သုဓုမ်ပြည်ရှိ မွန်ပညာရှိ ရဟန်းတော်များက မွန်စာပေကိုအဓိကထား၍ တစ်ပြည်လုံးတွင်
တိုးတက်ထွန်းကားအောင် သင်ကြားကြလေသည်။ ကရင်အမျိုးသားပညာရှိအမတ်သည် မွန်စာပေကို သင်ကြားတတ်မြောက်ပြီးနောက် ကရင်အမျိုးသားများ ဗုဒ္ဓစာပေကျမ်းဂန်များကို လေ့လာသင်ကြားနိုင်ရန် အကြံတော်ရပြီး ကရင်အက္ခရာစာလုံးများကို တီထွင်ရေးသားလေသည်။ဖူ့ဒိုက်ကော် တီထွင်ရေးသားခဲ့သော စာရေးနည်းသည် ဗြဟ္မီအက္ခရာ၊ ကဒမ္ဗအက္ခရာကိုအခြေခံပြီး ကရင်စကား၊ ကရင်အသံထွက်နိုင်အောင် ဗျည်းအက္ခရာများဖြည့်စွက်၍ ပြုစုခဲ့လေသည်။
အမတ်ပညာရှိ ဖူ့ဒိုက်ကော်သည် ကရင်သင်ပုန်းကြီးနှင့် အခြေခံသဒ္ဒါ သင်္ဂဟများကို မွန်စာပေနည်းတူ ကရင်ဘာသာဖြင့် ပြန်ဆိုရေးသားပြီး ပေရွက်ပေါ်တွင် အက္ခရာတင်ထားလေသည်။ကရဏ္ဏကတိုင်းရှိ ကရင်အမျိုးသားများကိုလည်း တစ်ဆင့်ဖြန့်၍ သင်ကြားလေသည်။အမတ်ပညာရှိ ဖူ့ဒိုက်ကော်သည် အချိန်အားလပ်တိုင်း ပိဋကတ်စာပေများကို ကရင်ဘာသာသို့ ကြိုးစားပြန်ဆိုရေးသားခဲ့လေသည်။ ပြန်ဆိုပြီးသမျှ ပိဋကတ်အစုံများကိုလည်း ပေရွက်ပေါ်တွင် အက္ခရာတင်၍ ရေးသားထားလေသည်။
မြန်မာသက္ကရာဇ် ၄၁၉-ခုနှစ်၊ (ခရစ်-ခုနှစ် ၁၆၅၇-ခု)တွင် ပုဂံပြည့်ရှင် အနိရုဒ္ဓဒေ၀ရာဇာဘွဲ့ခံ အနော်ရထာမင်းသည် ပိဋကတ်သုံးပုံစာပေကို အလိုရှိတော်မူ၍ မနူဟာမင်းထံ တောင်းဆိုလေရာ မနူဟာမင်းက ငြင်းဆန်တော်မူသဖြင့် ကိုယ်တော်တိုင် ဦးစီး၍ သုဓုမ်ပြည်ကြီးကို လာရောက်တိုက်ခိုက်လေသည်။ အနော်ရထာမင်း တိုက်ခိုက်၍ မနူဟာမင်း စစ်ရှုံးလေသည်။
အနော်ရထာမင်းသည် ဆင်ဖြူတော် (၃၂) စီးနှင့် ပိဋကတ်တော် အစုံသုံးဆယ်ကို ယူဆောင်သွားလေသည်။ စာပေကျမ်းဂန်တတ်မြောက်သော ရဟန်းသံဃာ (၁၀၀၀) ကျော်နှင့် မနူဟာမင်း၏ မှူးမတ်ဗိုလ်ပါများ၊ လက်မှု ပညာသည်များ လူပေါင်း (၁၀၀၀) ကျော်ကိုလည်း ပုဂံပြည်သို့ ခေါ်ဆောင်သွားလေသည်။
အနော်ရထာမင်း သုဓုမ်ပြည်ကို လာရောက်တိုက်ခိုက်ရာတွင် ကြိုတင်တွက်ဆထားသော ပညာရှိအမတ်ကြီး ဖူ့ဒိုက်ကော်က တပည့်များကို စည်းရုံးစေပြီး သူရေးသားထားသောစာပေများကို ထုပ်စည်းလျက် မြို့ကျလျှင် ထွက်ပြေးယူဆောင်ရန် ပြင်ဆင်ထားလေသည်။ အမတ်ကြီး ဖူ့ဒိုက်ကော် တွက်ဆထားသည့်အတိုင်းပင် မနူဟာမင်းစစ်သည်တော်တို့မှာ စစ်ရေးရှုံးနိမ့်မည့်အခြေအနေဆိုက်လေသည်။ ထို့ကြောင့် အနော်ရထာများစစ်သည်တော်များကို တိုက်ခိုက်၍ မြို့တံခါးပေါက်သည်နှင့် အမတ်ကြီးဖူ့ဒိုက်ကော်သည် တပည့်(၄၀) နှင့်အတူ ညအချိန်တွင် တိတ်တဆိတ်ထွက်သွားပြီး ဘင်လိုင်ချောင်းရိုးအတိုင်း အရှေ့ဘက်သို့ ထွက်ပြေးလေသည်။ (အချို့သော သမိုင်းအဆိုအရ အနော်ရထာမင်း စစ်အောင်၍ ပိဋကတ်ကျမ်းဂန် အတတ်ပညာရှိများ ခေါ်ဆောင်သွားလေရာ မွန်အမျိုးသား မဟုတ်သော ဖူ့ဒိုက်ကော်အား ခွင့်လွတ်ခဲ့သည် ဟု ဆိုလေသည်။ဤအဆိုသည် ယုတ္တိ မရှိနိုင်ချေ။ ဖူ့ဒိုက်ကော်နှင့် တပည့်များ ထွက်ပြေးလွန်မြောက်သွားခြင်းက ပို၍ဖြစ်နိုင်လေသည်။)
သုဓုမ်ပြည်က ထွက်ပြေးလွတ်မြောက်လာသော ဖူ့ဒိုက်ကော်သည် မိမိအပင်ပန်းခံ ပြုစုရေးသားထားသော စာပေများကို တပည့်(၄၀) နှင့် အဆင့်ဆင့် သယ်ဆောင်လာခဲ့ရာ သံလွင်မြစ်ကို ဖြတ်ကူးပြီး ဒိုဟနတောင်တန်း ခေါ် ဒေါနတောင်တန်းခြေသို့ ရောက်ရှိသွားလေသည်။ထိုနေရာသည်လည်း လုံခြုံစိတ်ချရခြင်းမရှိ၍ နောက်ဆုံး ရှမ်းတို့နယ်(ယိုးဒယားနယ်) ကမ္ဗုရီ ခေါ် ဌာန်ဝကျောက်ခေါင်းအရပ်သို့ ရောက်ရှိသွားလေသည်။
ကရင်လူမျိုးတို့ သမိုင်းအရ ဌာန်ဝကျောက်ခေါင်းအရပ်သည် အဆက်ဆက်ကပင် ကရင်လူမျိုးများ နေထိုင်ခဲ့သည်။ ထိုဒေသတွင် ယိုးဒယားလက်အောက်ခံ စော်ဘွားအဆင့် ´ဖရသုဝဏ်´ ဘွဲ့အမည်ခံ၍ အုပ်ချုပ်ကြောင်း ဆိုသည်။ သံလွင်မြစ် အရှေ့ဘက်ကမ်းနှင့် ဇွဲကပင်တောင်ခြေရှိ ကရင်များ စစ်မက်ဘေးဒဏ်ကြောင့် ထိုနယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ရာတွင် ဖူ့ဒိုက်ကော်နှင့် တပည့်(၄၀) တို့ ရောက်ရှိသွားခြင်းမှာ ပထမအကြိမ်ဖြစ်သည်ဟု ကရင်ရာဇ၀င်၌ ဆိုထားလေသည်။ ကျောက်ခေါင်းနယ်သို့ ရောက်ရှိသွားသော ဖူ့ဒိုက်ကော်သည် ထိုနယ်ရှိ ကရင်အမျိုးသားများအား စာပေသင်ကြားပို့ချလေသည်။
ကျောက်ခေါင်းဒေသရှိ ကရင်အမျိုးသားများသည် ဖူ့ဒိုက်ကော် သင်ကြားပို့ချသော စာပေကို သင်ယူကြပြီး အဆက်မပြတ် တတ်မြောက်ခဲ့ရာ ယနေ့တိုင် ဖူ့ဒိုက်ကော် တီထွင်ရေးသားခဲ့သောစာပေကို တတ်မြောက်သူများ ရှိသောကြောင့် လေ့လာတွေ့ရှိရပေသည်။ အမတ်ကြီး ဖူ့ဒိုက်ကော်သည် ကျောက်ခေါင်းဒေသတွင် ကွယ်လွန်အနိစ္စရောက်ခဲ့သည်။ ယင်းမရှိသည့်နောက်ပိုင်းတွင် ယင်းပြုစုသောစာပေများကို အစဉ်အဆက် ဆက်လက်၍ သင်ကြားကြလေသည်။
သို့ရာတွင် ဖူ့ဒိုက်ကော် ကွယ်လွန်သော် စာပေအား စနစ်တကျ ထိန်းသိမ်းသူများ နည်းပါးလာသည်။ ထို့အပြင် ယိုးဒယားနိုင်ငံတွင် စစ်မက် မကြာမကြာဖြစ်ပွါး၍ ဌာန်ဝကျောက်ခေါင်းနယ်ရှိ ကရင်အမျိုးသားတို့သည် စစ်မက်ရှောင်တိမ်းရင်း ပြေးလွှားနေကြလျက်ရှိရာ စာပေများကိုလည်း မထိန်းသိမ်းနိုင်ဘဲ ရှိလေသည်။ ဖူ့ဒိုက်ကော်သည် သူတီထွင် ရေးသားခဲ့သော စာပေများကို နောင်အရှည်သဖြင့် တည်တံ့စေရန် ၀ါးခြမ်းပြားကို စနစ်တကျ သပ်ပြီး ကျောဘက်တွင် ရေးသားလေသည်။
ထိုသို့ရေးသား၍ ကျမ်းတစ်စောင်ပြီးတိုင်း ၀ါးခြမ်းပြား မြောက်များစွာကို သီ၍ ထားရလေသည်။ တစ်နေရာမှ တစ်နေရာပြောင်းရွှေ့လျှင် ဆင်နှင့်တင်ပြီး ယူဆောင်ရလေသည်။ ထိုသို့ ဆင်နှင့်တင်၍ ယူဆောင်သဖြင့် စစ်မက်ဖြစ်ပွါး၍ ရှောင်တိမ်းပြေးရာတွင် အကုန်အစင် ယူဆောင်ခြင်း မဟုတ်ဘဲ ဖူ့ဒိုက်ကော်စာပေသည် ပျောက်ပျက်၍ ပျက်စီးရလေသည်။
သို့ရာတွင် ဖူ့ဒိုက်ကော်၏ ကျေးဇူးသည် ကြီးမားစွာ ကျန်ရစ်ခဲ့လေသည်။ ဖူ့ဒိုက်ကော် ရေးသားထားသော ကရင်ဘာသာစာပေသည် ယခုလက်ရှိ ပိုးကရင်စာပေကိုလည်း `လိက်ထူ့လီ´ ရှေးဟောင်းစာပေအဖြစ် ဂုဏ်ယူခေါ်ဝေါ်ကြလေသည်။ မျက်မှောက်ခေတ်တွင် ကရင်စာပေ ဖော်ထုတ်ရေး ကော်မတီ (သံဃာ့ကော်မတီ) က စာပေတိုးတက်မြင့်မားရေးကို ဆောင်ရွက်လျက်ရှိရာ ကရင်စာပေရှေ့ဆောင် ဖူ့ဒိုက်ကော်၏ ဂုဏ်ကျေးဇူးသည် ကြီးမားလှပေကြောင်း ဂုဏ်ပြုအပ်ပေသည်။
မူရင်း။ ။ သထုံမြို့မယ်၊ ကရင်နှစ်သစ်ကူးပွဲတော် အထိန်းအမှတ် စာစောင်မှ
Mar 10, 2010
Poe Karen Dictionary ဒေါင်းလုတ် နိုင်ပါပြီ
ရနိုင်မှာဖြစ်ပါတယ်။ ဒါကတော့ မသိသေးသူတွေ အတွက် ပြောပြတာပါခင်ဗျာ။ တကယ်လို့ ဖိုင်ဖြေဖို့ လိုအပ်တဲ့ ဆော့ဝဲရ် မရှိသေးဘူးဆိုရင် 7 Zip Download နဲ့ Winrar ဒေါင်းလုတ်ယူလိုက်ပါခင်ဗျာ။
စာအုပ်ဒေါင်းလုတ် လင့်ကတော့ အောက်မှာပါခင်ဗျာ။ တကယ်လို့ လင့်တွေ သေသွားမယ်ဆိုရင် ပြန်လည်အကြောင်းကြားပေးပါ။
အားလုံးပျော်ရွှင် အဆင်ပြေပါစေ….။
စာအုပ်Download links...
Karen Dictionary part1
Karen Dictionary part2
Karen Dictionary part3
No need password
Mar 8, 2010
မိဘအချို့

တစ်ခုသောနွေရာသီကာလ၌ စာရေးသူသည် ကျေးရွာတစ်ရွာသို့ ကရင်စာပေယဉ်ကျေးမှုသင်တန်း သွားရောက်ဖွင့်လှစ်ပေးသည်။ ထိုသင်တန်းမှ အသက်(၆)နှစ်မှ အသက်(၂၀)ကျော်အထိ သင်တန်းသားဦးရေ (၁၀၀)ကျော်ရှိသည်။ သူတို့တစ်ထွေ အားတက်သရော ကရင်စာလာသင်နေကြသည်ကို တွေ့ရတော့ စာရေးသူ ပီတိဖြစ်မိသည်။ စာရေးသူအဖို့ ရယူခြင်းမပါပဲ ပေးဆပ်ခြင်းသက်သက်ဖြင့် သင်ကြားပေးခဲ့သည်။ ကရင်အမျိုးသား စာပေ၀န်ထမ်းသည် လစာ(ထောက်ပံ့ကြေး) နှင့် အလုပ်လုပ်သူတွေ မဟုတ်လေတော့ အခက်အခဲများစွာနှင့် ရင်ဆိုင်ခဲ့ပါ၏။ သို့ပေမယ့် အခက်အခဲတွေကို အပထားပြီး တစ်နှစ်တစ်ကြိမ် ကရင်စာပေသင်တန်း ဖွင့်လှစ်ဖြစ်မြောက်အောင်မြင်နိုင်ရေးကို ဦးတည်ကာ ပြဿနာအမျိုးမျိုးကို သည်းခံခြင်းဖြင့် အနိုင်ယူခဲ့ပါသည်။
တစ်ခါတစ်လေ သည်းမခံနိုင်လောက်အောင် သင်တန်းသားများ၏ မိဘစကားတွေကို ခံရတတ်သေးသည်။ အကြောင်းကား စာရေးသူ ပို့ချပေးလိုက်သော သင်ခန်းစာတွေကို သူတို့အိမ်ပြန်ရောက်တော့ လေ့ကျင့်ရွတ်ဖတ်ကြသည်။ အဲသလိုရွတ်ဖတ်ကြတော့ မိဘဖြစ်သူတွေက နားငြီးသည်ဆိုပြီး စာမဖတ်ရန် ကလေးတွေကို ဟောက်ကြ ဆူကြသည်။ `မင်းတို့ ကရင်စာသင်တာ ဘယ်မှာ သွားသုံးမလဲ´…၊ ကရင်စာတတ်တော့ကော ဘာရာထူးရမှာလဲ`… စသည်ဖြင့် ပြောကြသည်။
+ Read more
ကြားထဲမှာ စာရေးသူ၏ စေတနာကိုပါ စော်ကားလိုက်သေးသည်။ သူတို့စော်ကားပုံကား… `ကရင်စာပေနည်းပြဟာ လစာဘယ်လောက်ရလို့လဲ၊ လစာမရှိဘဲနဲ့ လုပ်နေရင် အရူး အမှိုက်ကောက်တာနဲ့ အတူတူပဲ`…တဲ့။ ကဲ စဉ်းစားကြည့်ပါ။ မိဘဖြစ်သူတွေက အဲသလို အယူအဆ အမြင်ကျဉ်းလေတော့ စာရေးသူတို့ အမျိုးသားစာပေသမားအားလုံး ဘယ်လောက်ခံရမည်နည်း။ သူတို့ပြောသည့်အတိုင်းဆိုလျှင် စာရေးသူတို့ စာပေသမားများသည် အရူးသာဖြစ်ကြ၏။ ဟုတ်တော့ ဟုတ်ပါသည်။
လူဆိုသည်မှာလည်း တစ်ယောက်တစ်မျိုးစီ ရူးကြသည့်သူတွေ ချည်းပါ။ သို့ပေမယ့် တစ်ခြားအရူးနှင့်စာလျှင် အမျိုးသားစာပေ ရူးခြင်းသည် သဘာဝကျလှသည်။သဘာဝ မကျသူကား မိဘဖြစ်ပြီး ဘိုးဘွားအမွေ အစစ်အမှန်ဖြစ်သည့် စကား၊ စာပေ၊ ယဉ်ကျေးမှုတွေကို လက်ဆင့်ကမ်းမပေးနိုင်သူသာ ဖြစ်သည်။ ထိုမိဘမျိုးသည် တာဝန်မဲ့၊ ၀တ္တရားပျက်သော မိဘဆိုလျှင် မှားမည်မထင်။
မြို့ပေါ်နေ ကရင်အချို့လည်း ထိုနည်းအတိုင်းပင်။ စီးပွါးရေးတစ်ခုတည်းကိုသာ လုံးပန်းပြီး သားသမီးတွေကို ကရင်စကားသင်ပေးရမှန်းတောင် သတိမရကြချေ။ သို့ဖြစ်ပါ၍ အိမ်ထောင်ရှိ လူငယ်တစ်ယောက်အကြောင်းကို ပြောပြလိုပါသည်။ ၎င်းလူငယ်သည် စီးပွါးရေး အတန်အသင့် အောင်မြင်သူတစ်ယောက်ဖြစ်ပါသည်။ သူတို့ မိသားစုလေးယောက်ရှိသည်။ နယ်က ပြောင်းလာသူလည်းဖြစ်သည်။ သူ့သမီးလေးက ငါးနှစ်အရွယ်ရှိပြီး သားက နှစ်နှစ်ကျော် သုံးနှစ်ရှိမည်ထင်ပါသည်။ သူတို့ကို ကြည့်ပြီး စာရေးသူ အတော်စိတ်ထိခိုက်မိပါသည်။
အဘယ့်ကြောင့်နည်း။ အသက်ရှင်လျက်သေနေသောသူနှင့် တူနေသည့်အဖြစ်ကို တွေ့မြင်ရခြင်းကြောင့်ဖြစ်ပါသည်။ နယ်က ပြောင်းလာတာ မကြာသေးဘဲ သားသမီးငယ်နှစ်ယောက်က ကရင်စကားမတတ်တော့ပေ။ မိဘနှစ်ပါးစလုံး ကရင်အစစ်ဖြစ်ပါလျက်နှင့် ကိုယ့်သားသမီးကို ဘာသာစကားအမွေ ဘာကြောင့်မပေးနိုင်သနည်း။ ဘာသာစကားအမွေမပေးဘဲ ပေါ့ပေါ့တန်တန်နေခြင်းသည်အင်မတန် အဆင့်အတန်းနိမ့်သည့် မိဘတွေပဲ ဟု ကောက်ချက်ချရပါမည်။ သူက ပြောပါသေးသည်။ `ငါတို့ လင်မယားနှစ်ယောက် ဗမာစကားမပီခဲ့ဘူး၊ အခု သားသမီးတွေကိုတော့ ဗမာစကားပီအောင် ကရင်စကားကို လုံးဝ မသင်ပေးတော့ဘူး၊ ဒါမှ သူတို့ လူရာဝင်မယ်…တဲ့။ သူ့စကားနှင့် ပတ်သက်လို့ မှန်သည်၊ မှားသည် ဟု
စာရေးသူ မဝေဖန်လိုပါ။ စာဖတ်သူသာ ဆုံးဖြတ်ပါ။ သို့နှင့် သည်နေရာမှာ ဥပမာတစ်ခုနဲ့ နှိုင်းယှဉ်ပြချင်ပါသည်။
မြန်မာတိုင်းရင်းသားတစ်ယောက်သည် မြန်မာစကားမတတ်ဘဲ အင်္ဂလိပ်စကားသာ တတ်မည်ဆိုလျှင် ဂုဏ်ရှိပါမည်လော။ လူရာဝင်သောသူ၊ အဆင့်အတန်းရှိသောသူလို့ သတ်မှတ်နိုင်ပါမည်လော။ ထိုနည်းတူ ကရင်သည်လည်း ဗမာစကားသာ တတ်ပြီး ကရင်စကားမတတ်လျှင်……။
ထို့နောက် စာရေးသူတွေ့ကြုံခဲ့ရသော မိတ်ဆွေတစ်ယောက် အကြောင်းကို ပြောပြချင်သေးသည်။ ၎င်းမိတ်ဆွေသည် ကရင်စကား မတတ်ရှာပါ။ သို့သော် ကရင်စိတ်ဓာတ် အပြည့်အ၀ရှိသူဖြစ်ပါသည်။
ကရင့်ရေးရာနှင့် ပတ်သက်တဲ့ ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်တို့၊ ၀ါခေါင်လ ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်တို့၊ ကရင်စာပေယဉ်ကျေးမှုကိစ္စတို့နှင့် အခြားခြားသော လူမှုရေးကိစ္စအ၀၀ကို တစ်ခုမကျန်အကုန်ပါဝင်ဆောင်ရွက်သည်။ သူသည် ခေတ်ပညာတတ်တစ်ယောက်လည်း ဖြစ်သည်။
သူ၏ အမျိုးသားရေးစိတ်ဓာတ် ပြင်းပြနေပုံကိုတွေ့ရတော့ စာရေးသူ အံ့သြမိသည်။ စပ်စုချင်သော သဘောဖြင့်
သူ့ကို မေးကြည့်သောအခါမှာ သူက `မိဘဘိုးဘွား အဆက်ဆက်က ကရင်အစစ်တွေပါ။ ဒါပေမယ့် အဖေအမေက ကရင်စကားတစ်ခါမှ မသင်ပေးတော့ ကရင်စကားမတတ်ဘူး၊ ရိုးရာဓလေ့တွေကိုလည်း နားမလည်ခဲ့ပါဘူး…. စသည်ဖြင့် ပြောပါသည်။
သူ့ရဲ့ ရင်ဖွင့်သံအရ မိဘကြောင့် မျိုးဆက်တုန်းရသည်ဟု ဆိုလျှင် လက်ခံနိုင်လောက်ပေသည်။ မိဘတွေအဖို့ ပညာရေး၊ စီးပွါးရေးတွေကိုသာ ရှေ့တန်းတင်ပြီး အမျိုးသားနိုင်ငံရေးကို လျစ်လျူရှုခဲ့သည်။တစ်ချို့ဆိုလျှင် သားသမီးတွေကို ပညာတတ်ကြီးဖြစ်အောင် တိုးတက်ကြီးပွါးအောင် ပြောဆိုဆုံးမပါရဲ့။ သို့သော် သားသမီးတွေ မျိုးချစ်စိတ်ဓာတ်ရှိလာအောင် ဆိုဆုံးမရန် မေ့နေကြသည်။ တစ်ချို့ကျတော့လည်း ကိုယ်တိုင်က မျိုးချစ်စိတ်ဓာတ်အပြည့် မရှိပေ။ထိုမိဘမျိုးသည် တာဝန်မကျေသော မိဘဟု ဆိုရပါမည်။
အထက်ပါ ဆိုခဲ့သမျှ ပြန်လည်သုံးသပ်ကြည့်လျှင် လူမျိုးပျောက်ကွယ်ရခြင်း အကြောင်းရင်းက ခေတ်ကြောင့်မဟုတ်ပါ။ လူငယ်ကြောင့်လည်း မဖြစ်နိုင်ပါ။ မိဘကြောင့်ဟုဆိုလျှင် အသင်စာဖတ်သူ မည်သို့ဆိုပါမည်နည်း။ ဘာကြောင့် သည်လိုပြောရသလဲဆိုလျှင် မိဘဖြစ်သူတွေက သားသမီးတွေကို ဘာသာစကား မသင်ပေးသည်ကတစ်ကြောင်း၊ မျိုးချစ်စိတ်ဓာတ် ကိန်းအောင်းအောင် မရိုက်သွင်းတတ်သည်ကတစ်ကြောင်း၊ သွေးနှောခြင်းစနစ်ကို သတိမထားမိသည်ကတစ်ကြောင်း၊ အမျိုးသားရေးနှင့် နှလုံးသားရေးကို ကွဲပြားအောင်အကျိုးအကြောင်းရှင်းပြခြင်း၊ကြိုတင်ကာကွယ်တာမြစ်ခြင်းမရှိသည်ကတစ်ကြောင်း၊ မိဘကိုယ်တိုင်ကိုက ဘ၀မေ့ပြီး မျိုးချစ်စိတ်ဓာတ်ခေါင်းပါးသည်ကတစ်ကြောင်း…စသည် စသည်အကြောင်းအမျိုးမျိုးကြောင့် ကရင်လူမျိုးများပျောက်ကွယ်လာရခြင်းဖြစ်ကြောင်း ဟုဆိုလျှင် လက်ခံနိုင်လောက်သည့် အနေအထားမှာ ရှိပါသည်။ သို့သော်
မိဘတိုင်းကိုတော့ မဆိုလိုပါ။ မိဘအချို့ကိုသာ ပြောခြင်းဖြစ်ပါသည်။
မှီငြမ်း။ ။ သထုံမြို့နယ်၊၂၇၄၉-ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် စာစောင်မှ
ပိုးကရင် အဘိဓာန်နဲ့ ပတ်သက်ပြီး ကြိုတင်တောင်းပန်ခြင်း
ခွင့်မတောင်းမိလို့ ဆိုင်းငံ့ထားတာဖြစ်ပါတယ်။ အဆင်ပြေမယ်ဆိုရင် ဒေါင်းလုတ်နိုင်ပါပြီ။
ခက်တာက ဒီစာအုပ် ပုံနှိပ်ထုတ်ဝေတဲ့ ခုနှစ်သက္ကရာဇ် များ မတွေ့ရခြင်းပါပဲ။ ဒီစာအုပ်နဲ့ပတ်သက်ပြီး ဆြုခႜါင်လ်ုယာ့ဋ္ဋ ထဲမှာ ပါဝင် ဦးဆောင်သူဆရာများနာမည်စာရင်းကို ဖော်ပြပါ့မယ်။ ဒါကြောင့် ဒီစာအုပ်နဲ့ပတ်သက်ပြီး အင်တာနက်ပေါ်မှာ တင်ခွင့်ပေးဖို့ ဒီစာအုပ်ဖြစ်မြောက်လာအောင် ပုံနှိပ်ထုတ်ဝေသူအားလုံး၊ သက်ဆိုင်သူအားလုံးကို ခွင့်တောင်း တောင်းပန်လိုပါတယ်။ အရင်ပို့စ်မှာကရင်အဘိဓာန်ကို မိတ်ဆက်အနေနဲ့ တင်ဖြစ်တာကိုလည်း လုပ်ချင်ဇောနဲ့ တင်ထားတဲ့အတွက် အားလုံးကိုတောင်းပန်ပါတယ်။ ကျနော်က ကရင်စာပေ၊ ယဉ်ကျေးမှု၊ သမိုင်းကြောင်းတွေကို လက်လှမ်းမီသမျှ
ကရင်အမျိုးသားစာပေ တိုးတက်ရေးအတွက် ကြိုးစားပြီး တင်ခဲ့ပါတယ်။
တစ်ချို့ကလည်း မိမိ မသိတဲ့ သမိုင်းကြောင်းဆိုင်ရာ၊ စာပေရေးဆိုင်ရာစတဲ့ အကြောင်းအရာများကို ညီအစ်ကို မောင်နှမဆီက ကူးယူပြီးပြန်လည်ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ကျနော်က ကျနော် ၀ါသနာပါရာ၊ လုပ်နိုင်ရာဖြစ်တဲ့ ကရင်စာပေ၊ ယဉ်ကျေးမှုတွေကို ကျနော့်ဘလော့မှာ စုစည်းတင်ပြခြင်းသာဖြစ်ပါတယ်။ ကျနော်က စာရေးဆရာလည်း မဟုတ်ပါဘူး၊ ပညာရှင်လည်း မဟုတ်ပါဘူး၊မိမိအမျိုးသားစာပေတွေကို ချစ်မြတ်နိုးပြီး ၀ါသနာအလျှောက် လုပ်နိုင်သလောက် တင်ဖြစ်ခဲ့တာဖြစ်ပါတယ်။
+ Read more
ဒါကြောင့် ဒီ ပိုးကရင်အဘိဓာန် စာအုပ်ဟာလည်းပဲ ကျနော် သိသလောက် ဒီလို ပုံနှိပ်ထုတ်ဝေတာ မရှိသလောက်ပါပဲ။ ဒီစာအုပ်ရှိတာလည်းကရင်လူထုများအတွက် အင်မတန်မှ ဂုဏ်ယူစရာ၊ တန်ဖိုးထားစရာဖြစ်ပါတယ်။ အင်တာနက် စာမျက်နှာမှာလည်း တင်ထားတာ မတွေ့မိတဲ့အတွက် ကရင်လူမျိုးတွေရဲ့ ဂုဏ်ယူစရာ စာအုပ်ကို တင်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။ ကျနော်က ဘာကိုမှ မမျော်လင့်ဘဲ ကရင်အမျိုးသားစာပေ တိုးတက်ရေးအတွက် ဆန္ဒရှိလို့ တင်ချင်တာဖြစ်ပါတယ်။ ဒါကြောင့် ဒီစာအုပ်နဲ့ ပတ်သက်တဲ့ ပုံနှိပ်ထုတ်ဝေသူ (Karen(pwo) Dictionary Compiling Committee) အား၎င်း၊ စာအုပ်ကို ဦးဆောင်တင်ပြသော ဆရာများကို၎င်း ကြိုတင်ခွင့်တောင်းအပ်ပါတယ်။
အင်တာနက် စာမျက်နှာမှာ တင်ဖို့ ခွင့်ပြုမယ်လို့ မျှော်လင့်ပါတယ်။ ကျနော်က ဒီစာအုပ်နဲ့ ပတ်သက်တဲ့ ဆရာများကို ရင်းနှီးတာ တစ်ယောက်မှ မရှိပါဘူး။ စာအုပ်လည်း သူငယ်ချင်းလက်ဆောင်ပေးလို့ ရလာတာပါ။ ဒါကြောင့် ဒီကနေ သက်ဆိုင်သူများ တစ်စုံတစ်ယောက်က တွေ့မိရင် ကျနော်နဲ့ ဆက်သွယ်ပြီး အကြံပေးဖို့ နွေးထွေးစွာ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။တကယ်လို့
ကျနော်လုပ်တာ မညီမျှမှု၊ အဆင်မပြေမှု၊ တစ်စုံတစ်ရာရှိရင် ပြန်လည်ပြီးတော့ အင်္ကြပေးနိုင်ပါတယ်ခင်ဗျာ။ အကြံပေးမယ့် ညီအစ်ကို မောင်နှမများ အမြဲတမ်း မျှော်လင့်နေပါတယ်။
ဒီစာအုပ်ဖြစ်မြောက်အောင် သင်ဃာ့ဖူ့ကျာ် ဇာဂရ စုစည်းထားတဲ့ စကားစုများကို မှီငြမ်းပြီး ပြုစုခဲ့တာလို့ ပါ ပါတယ်။
ဒီစာအုပ်ထဲမှာ ပါဝင်တဲ့ ဦးဆောင်ဆရာများမှာ…..
သံင့်ဆၞိုင်ကုံလွဲါ ဃှူ့ဟှာ
၁။စါ့သေန်းမျေန့်(ကျဝ်ထောဟ်တွါ်)
၂။ကျဝ်လာပုင်းအွာ
၃။ကျဝ်မိက်ဖ၀့်ဃှီ့
၎။ကျဝ်ဆိုဒ်သဲုး
၅။နာန်အဲဆိင့်အွာ
၆။နာန်ဆင်ဖ၀့်ခႜိင်း။
အင်္ဂလိပ် သာသာပြန် ပေးတဲ့ ဆရာကတော့ ဒေါက်တာ မာန်ဍေမျးကျဝ်(MBBS) ဖြစ်ပါတယ်။
ကုံလွဲါ ဆ်ုဖါ်သိုဝ် သိုင့်ဟှာ----
1.Mahn Don Yong
2.Nann Esther
3. Mahn Michael Naung.
နောက်ဆုံးတည်းဖြတ်တာကတော့
၁။ဆရာ မာန်မ္ဘာါကျဝ်(B.A,Bed,MA)
၂။ဆရာမနာန်ဓံင့်ထီ့(B.A,History,MA)
Mar 7, 2010
စာအုပ်ကို PDF ဖြစ်အောင် လုပ်ပုံလုပ်နည်း
တင်ချင်ရင် အနည်းအကျဉ်း အထောက်အကူပြုလိမ့်မယ်လို့ မျော်လင့်ပါတယ်။ဒါပေမယ့် ဒီလုပ်နည်းကလည်း
နည်းနည်းတော့ စိတ်ရှည်ရပါမယ်။ ကျနော်လုပ်တာ တော်တော်အချိန်ယူလိုက်ရပါတယ်။ပထမဆုံး ကိုယ်လုပ်မယ့် စာအုပ်ကို scan ဖတ်ရပါ့မယ်။ ကျနော့်ကတော့ စာအုပ်ကို တစ်ရွက်ချင်းမဖြုတ်ပဲ ခေါက်ချိုးပြီးးတော့ ဖတ်ပါတယ်။ စာအုပ်တော့ နည်းနည်းနာမှာပေါ့။ နောက်ပြီး scanner စက်ကောင်းရင် ကောင်းသလို အရည်အသွေး ကောင်းကောင်းရတာပေါ့။ မိမိတို့ scanner စက်ဟာလည်း စာအုပ်များရင် များသလို စက်နာတတ်ပါတယ်။ စာအုပ်တစ်ခုလုံး ဆက်တိုက် scanner မဖတ်သင့်ပါ။ scan ဖတ်တဲ့အခါ စာရွက်၊ စာမျက်နှာ မညီဘူးဆိုရင် Photoshop အကူနဲ့ ညီမျှအောင် ပြန်ပြီး ဖြတ်တောက်ရပါတယ်။ စာမျက်နှာ နံပါတ်စဉ်အလိုက်ဖြစ်အောင်လည်း
Folder တစ်ခု သီးသန့် ထားရပါမယ်။ဒါမှ ကိုယ် convert လုပ်တဲ့အခါမှာ နံပါတ်အစဉ်အတိုင်းဖြစ်မှာလေ။
+ Read more
စာရွက်ဆိုက် မညီဘူးဆိုရင် convert လုပ်တဲ့အခါမှာလည်း မညီမညာပဲ ထွက်ရှိပါလိမ့်မယ်။ဒါကြောင့် photoshop နဲ့ စာရွက်ဆိုက်ကို အညီဖြစ်အောင် အရင် လုပ်ပြီးမှ စာမျက်နှာ အစဉ်အတိုင်း ကိုယ်ပေး ချင်တဲ့နာမည်တစ်ခုနဲ့ အလွယ်ပေးလို့ရပါတယ်။ scan ဖတ်ထားတဲ့ စာအုပ်ကို အင်တာနက်ပေါ်မှာ ဒီတိုင်း တင်လို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ဖတ်ထားတဲ့ စာရွက်တွေဟာ ဓာတ်ပုံ ပုံစံမျိုးနဲ့ ရှိနေလို့ပါပဲ။
ဒါကြောင့် ဆော့ဝဲရ်အကူနဲ့ PDF ဖိုင်ဖြစ်အောင် convert လုပ်ပြီးမှ တင်လို့ရပါတယ်။ အင်တာနက်ပေါ်မှာ တင်တဲ့အခါမှာလည်း ဖိုင်ဆိုက်ကြီးနေရင် တင်ရတာ အဆင်မပြေသလို ဒေါင်းလုတ်ယူတဲ့အခါမှာလည်း အဆင်မပြေပါဘူး။ ခုကျနော်လုပ်တာကတော့ စာအုပ်ဖိုင်ဆိုက် 106 MB ရှိတဲ့အတွက် ဖိုင်ဆိုက်သေးအောင်
၃ ဖိုင်ခွဲပြီးတော့ တင်ပါတယ်။ ဒါမှ ဒေါင်းလုတ်ယူတဲ့အခါ အဆင်ပြေမယ်။ PDF ဖြစ်အောင် convert တဲ့ ဆော့ဝဲရ်ကို ဒီမှာ ဒေါင်းလုတ်ယူပါခင်ဗျာ။ လုပ်ပုံလုပ်နည်းကတော့ ပုံနဲ့ ရှင်းပြထားပါတယ်။တစ်ခု ပြောချင်တာက စာအုပ်ကို convert မယ်ဆိုရင် converter ရဲ့ ပုံစံထဲမှာ setting ကို နှိပ်လိုက်ရင် အောက်မှာ
လုပ်ဆောင်ရမယ့် ပုံစံတွေ့ပါလိမ့်မယ်။ အဲဒီမှာ width နဲ့ heigth အကွက်မှာ မိမိတို့ စာအုပ်ဆိုက်ကို photoshop မှာတုန်းက လုပ်ထားတဲ့ ဆိုက်အတိုင်း ရိုက်ထည့်ရပါ့မယ်။ presets နေရာမှာ A4 ရွေးပြီး ခေါင်းစဉ်( title ) နေရာမှာ စာအုပ်နာမည် ရိုက်ထည့်ပြီးတော့ convert လိုက်ရုံပါပဲ။ ဒါမှ ညီညီညာညာ PDF ဖိုင် စာအုပ်တစ်ခု ထွက်လာမှာ ဖြစ်ပါတယ်။
ကျနော်လုပ်တဲ့ ပိုးကရင် အဘိဓာန်ကိုတော့ ပြီးဆုံးသွားပါပြီ။ လိုချင်တဲ့ ညီအစ်ကိုမောင်နှမများ ဒေါင်းလုတ်ယူလို့ ရပါပြီလို့ သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ။တကယ်လို့ ခုကျနော် ပို့စ်မှာ မရှင်းတာရှိရင် cbox မှာပဲဖြစ်ဖြစ်၊ comment ရေးတာပဲဖြစ်ဖြစ် မေးမြန်းနိုင်ပါတယ်ခင်ဗျာ။ ကျနော်သိသလောက် ရှင်းပြပါ့မယ်။
အားလုံးပျော်ရွှင် အဆင်ပြေပါစေ…..။
တွေ့ရကြုံရ စိတ်ဓာတ်ကျ
ရေးထုံးကွဲတော့ လက်တွဲရခက်သည် ဟုဆိုနိုင်သလို ရေးထုံးမတူ ၀ိုင်းမကူ ဟုလည်း ပြောကြပါသည်။ သို့နှင့်ပတ်သက်ပြီး သည်ကနေ့ ရေးထုံးတစ်ခု ထပ်ပေါ်လာပြန်သည်။ ကရင်အမျိုးသားများ အတွက်နောက်ထပ်အက်ကြောင်းနိမိတ်တစ်ခုလို့ ဆိုရလေမလားပဲ။ နဂိုကမှ ရေးထုံးကြောင့် စုစည်းရခက်၍ ယခုတော့ တစ်ပူပေါ် နှစ်ပူဆင့်မကဘဲ နှစ်ပူပေါ် လေးပူဆင့်အဖြစ်သို့ ဆိုက်ရောက်ပေပြီ။
အဘယ့်ကြောင့်ဆိုသော် မူရင်းရေးထုံးနှင့်ပဲ လူတွေက အကျင့်ပါလေတော့ ယခုမှ ရေးထုံးအသစ်တစ်ခုကို မသင်မနေရ အမိန့်ဆိုပြီး သင်နေရသည်။ ပညာသင်တာ မမှားဘူး ဆိုလို့နိုင်သော်လည်း အချို့က ခေတ်နောက်ပြန်ဆွဲသည်ဟု ဆိုသည်။ အပိုအလုပ်ဆိုပြီး လုံးဝလက်မခံကြပေ။ အချို့ကမူ စာပေဗဟုတုတနည်းပြီး အယူသီးလွန်းကာ လက်ခံကြသည်လည်း ရှိသည်။ ပုဂ္ဂိုလ်စွဲလို့ပဲ ဆိုဆို၊ အယူသီးလို့ပဲ ပြောပြော ဒါတွေက အဓိက မဟုတ်ပါ။ အရေးကြီးသည်က နားလည်မှုပင်ဖြစ်သည်။
ယခု လက်ရှိအနေအထားမှာ နားလည်မှု နည်းနည်းလွဲသည်နှင့် တူပါသည်။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့ရေးထုံးမှ သူ့ရေးထုံး၊ ကိုယ့်ရေးထုံးမှ ကိုယ့်ရေးထုံး… အဲသည်လို အချင်းချင်း ပြိုင်တူကြွေးကြော်ကြသည်။ နောက်ဆုံးတော့ ဘယ်ဟာမှ ပန်းတိုင်မရောက်ပါ။ ဒီပုပ်ထဲက ဒီပဲသာဖြစ်သည်။ ဖြစ်သင့်သည်က အများ၏ဆန္ဒကို မေးပြီးမှ လူထုက လက်ခံလျှင် အတည်ပြု ဖော်ထုတ်သင်ကြား၊ လက်မခံလျှင် ရပ်တန်းက ရပ်သင့်သည်။ ကရင်လူမျိုးကို ချစ်သည်ဆိုလျှင် ဘာမကျေနပ်စရာ အကြောင်းရှိသနည်း။
+ Read more
သည်လိုမှ မလုပ်လျှင် အခြားနည်းလမ်းမရှိပေ။ သည်လိုမဟုတ်ဘဲ သူ့ပရိသတ်၊ ကိုယ့်ပရိသတ်ဆိုပြီး အတ္တကို ရှေ့တန်းတင်လျှင်တော့ထပ်ပြိုကွဲရန်သာရှိသည်။ စစ်မှန်သော ကရင်အမျိုးသားစာပေ(၀ါ) ဘုံစာပေ ဘယ်တော့မှ ဖြစ်လာနိုင်မည်မဟုတ်ပါ။ ဘာကြောင့် သည်လိုပြောရသလဲဆိုလျှင် နယ်တစ်နယ်က ကရင်နှစ်သစ်နေ့ မင်္ဂလာအခမ်းအနားတစ်ခုမှာ ဟောပြောစင်မြင့် နောက်ခံစာလုံးကို မူရင်းရေးထုံးစာလုံးနှင့် မရေးသည့်အတွက် တချို့က သဘောမတူဘဲ စကားများကြသည်။
ပုဂ္ဂိုလ်စွဲသမားများကလည်း ယခုပေါ်သည့် ရေးထုံးနှင့်ရေးမှ နှစ်သစ်ကူးပွဲ ပါဝင်ဆင်နွဲမည်ဟု ဆိုပြန်သည်။ အဲသလို ရေးထုံးအစွဲကြီးနေလျှင် စည်းလုံးညီညွတ်ရေးကို ဘယ်လိုတည်ဆောက်မည်နည်း။ သည်နေရာမှာ ရေးထုံးနှင့် ကရင်နှစ်သစ်ကူးကျင်းပနေတာလား၊ အမျိုးသားရေးအတွက် ကျင်းပနေတာလား…. စသည်ဖြင့် မေးစရာရှိပါသည်။ အသင်စာဖတ်သူ မည်သို့ဖြေမည်နည်း….။
ဖြစ်ရပ်တစ်ခု ရှိသေးသည်။ ရွာတစ်ရွာက ဖြစ်ပျက်တဲ့ ကရင်စာပေသင်တန်း ကိစ္စပါ။ ထိုရွာသည် တစ်နှစ်တစ်ကြိမ် ကရင်စာပေသင်တန်းကို မပျက်မကွက် ဖွင့်လှစ်လေ့ရှိသည်။ အဲသည်ကြားမှာပင် ယခုပေါ်နေသည့် ရေးထုံးအဖွဲ့ကလည်း မသင်မနေရ ဆိုပြီး ဖိအားလာပေးသည်။ ရှိရင်း အဖွဲ့ကလည်း လက်မခံချင်။ သည်တော့ အချင်းချင်း အစာမကြေမှုတွေ ဖြစ်လာသည်။ ဘာမှ မဟုတ်သည့် ကိစ္စတစ်ခုကြောင့် တစ်ယောက်နှင့်တစ်ယောက်၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အယုံအကြည်နည်းလာသည်။ သဘေထား ကွဲလွဲလာသည်။ သူစိမ်းလို ဆက်ဆံလာကြသည်။ တရားခံကား ….စာပေရေးထုံး အစွဲကြောင့် ဟု ဆိုရလေမလား…။
နောက်တစ်ရွာကတော့ ရေးထုံးနှစ်မျိုးစလုံး တွဲသင်ကြသည်။ သို့သော် တွဲသင်တိုင်း စုစည်းမှု ဖြစ်မလာပေ။ အကြောင်းကား သင်တန်းရက်စေ့လို့ သင်တန်းဆင်းပွဲဆုချီးမြှင့်သည့်အချိန်မှာ ဆုကြေးမတူလို့ နည်းပြအချင်းချင်း၊ ဆုရသူအချင်းချင်း စကားများကြခြင်းဖြစ်ပါသည်။ အဲသလို ပြဿနာဖြစ်ပြီးနောက်ပိုင်း ကရင်စာပေသင်တန်းဖွင့်လှစ်ခြင်း မတွေ့ရတော့ပေ။ ဒါလည်းပဲ ရေးထုံးကြောင့်လား။
ရေးထုံးနှင့်ပတ်သက်လို့ ကောင်းမကောင်း၊ အကျိုးရှိမရှိ စာရေးသူ မဝေဖန်လိုပါ။ ကရင်လူထု သို့မဟုတ် စာပေပညာရှင်များက ဝေဖန်ပါလိမ့်မည်။ လူထုဆန္ဒအရ စာရေးသူသိရသလောက် အချို့ဒေသတွေမှာ ယခင့်ယခင်က ကရင်စာပေကို အားတက်သရော သင်ယူပါလျက်နှင့် ယခုတော့ မသင်ယူကြပဲ နေနေကြသည်။သို့အတွက်ကြောင့် သိချင်ဇောနှင့် တီးခေါက်ကြည့်သောအခါ ဒေသခံတွေက အခုလို ပြောကြသည်။
မူရင်း(မူလ) ရေးထုံးနှင့်ပဲ လူတွေက စိတ်ဝင်စားကြသည်။မူလရေးထုံးကိုပဲ ဆက်သင်ကြလျှင် ပုဂ္ဂိုလ်စွဲလူကြီးတချို့က လက်မခံကြပေ။ သူတို့ရေးထုံးကိုသာ သင်ယူရမည်တဲ့။ သူတို့ရေးထုံးကို မသင်လျှင်သင်နေကျရေးထုံးကိုလည်း သင်ခွင့်မပေးချင်သလိုလိုရှိသည်။ဒါကြောင့် ဟိုရေးထုံးလည်း လူထုမကြိုက်၊ သည်ရေးထုံးလည်း မသင်ဖြစ်၊ ဟိုကမ်းမရောက် သည်ကမ်းမရောက် မြစ်လည်ကြောမှာ တ၀ဲလည်လည် သောင်တင်နေရတော့မည်။ ကြာလျှင် အသက်ထွက်ရန်သာ ရှိတော့သည်ဟု ရင်ဖွင့်လာသည်။ အဲသလိုမျိုးတွေ့နေကြားနေရတော့ စာရေးသူတို့ စာပေရေးသမားအဖို့ စိတ်ဓာတ်ကျမိသည်က အမှန်ပင်။ တစ်ခါတစ်လေစာပေပညာရှင်ကြီးတွေ ဘာကြောင့်ရေးထုံးအမျိုးမျိုး ထွင်ကြသနည်း ဟု မေးလိုက်ချင်သည်။ ရေးထုံးအသစ် တစ်ခုထွင်တိုင်း လူထုလက်ခံလျှင် အကြောင်းမဟုတ်။ လူထုလက်မခံဘဲနှင့် ကိုယ့်ယုံကြည်ချက်တစ်ခုတည်းကို
ရှေ့တန်းတင်ပြီး အမိန့်အာဏာနှင့်ဆက်သွားလျှင် အောင်မြင်လိမ့်မယ်လို့ မထင်နှင့်။ ´အမိန့်´ ၏နောက်မှာ ´အမုန်း´ ဆိုတာ လိုက်လာစမြဲပါ။ သို့ကြောင့် အမိန့်သမားများ သတိထားဆင်ခြင်သင့်ပေသည်။
´အမိန့်` ဟူသည်မှာလည်း သုံးသင့်သည့်နေရာတွင် သုံးရပါလိမ့်မည်။ ဥပမာ ပိုးကရင်လူမျိုးများ နေထိုင်ရာရွာ၌
ပိုးကရင်စာပေကို မသင်မနေရ အမိန့်ထုတ်လျှင် ပိုတောင်ကောင်းသေးသည်။ ထိုနည်းတူ စကောကရင်များ နေထိုင်ရာရွာများမှာလည်း စာပေသင်ကြားရေး အမိန့်ထုတ်လျှင် သဘာဝကျလှပါသည်။ အဲသလို သူ့ရေးထုံးနှင့်သူ လေ့လာသင်ယူ ဖော်ထုတ် ထိန်းသိမ်းပြီးသားရွာတွေကို နောက်ရေးထုံးအသစ်တစ်ခုနှင့် အမိန့်ထုတ်လျှင်ကော နည်းလမ်းကျပါမည်လော။စည်းရုံးရေး အသွင်ဆောင်ပါမည်လော။ရေရှည်ခရီးဖြစ်နိုင်ပါမည်လော။ စဉ်းစားစရာပင်၊ အမျိုးသားရေး အမြင်ရှိသူတိုင်း စဉ်းစားမိလိမ့်မည် ထင်ပါသည်။ထို့ကြောင့် ကရင်အမျိုးသားဘ၀ရှေ့ရေးအတွက် ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ ဒေသစွဲ စသောအဖွဲ့များဖြင့် ဆက်သွားမည်လော။ကရင်အမျိုးသားထု၏ ရွေးချယ်မှုကို ဦးစားပေးမည်လော။ဘယ်လမ်း ရွေးမည်နည်း။ အမှန်ရွေးရန် လိုအပ်ပေသည်။
စာပေလမ်းစဉ် ဟူသည် ပညာရှိတို့၏ လမ်းစဉ်ဖြစ်ပေသည်။သည်ထက် ပိုနားလည်အောင်၊စာပေရေးထုံးအက္ခရာတစ်ခုဖြစ်လာအောင် ပညာရှင်များကသာ ထွင်ယူရပါသည်။အက္ခရာတစ်ခု ထွင်သည့်နေရာမှာ အထောက်အထားခိုင်လုံရန် လိုအပ်ပါသည်။လူထုကို ရှင်းပြနိုင်ရမည်။ထိုသို့မဟုတ်ဘဲ ငါ့ဟာ မှန်တယ်ဆိုပြီး စစ်မြေပြင်မှာ စစ်တိုက်သလို တစ်ချက်လွတ်အမိန့် လုပ်သွားလို့ကတော့ ကြေကွဲစရာပင်။ထို့ကြောင့် စာပေနှင့်ပတ်သက်လို့ စိတ်ဓာတ်ကျစရာတစ်ခု ဖြစ်လာပါသည်။သို့အတွက် ပုဂ္ဂိုလ်စွဲ စာပေသမားများအဖို့ ရှေ့ဆက် လုပ်သင့် မလုပ်သင့် အမြဲတမ်း မျက်စိဖွင့် နားစွင့်နေရမည်။
မျက်မှောက်ကာလခေတ်၏စိန်ခေါ်မှုများကိုရင်ဆိုင်ကျော်လွှားနိုင်ရန်လက်တွေ့ကျသည့်အလုပ်ကိုသာယုံကြည်လက်ခံသင့်ပေသည်။
ဒဏ္ဍာရီပုံပြင်လိုလို၊ တဘောင်လိုလို စသည့် အဆိုအမိန့်များကိုတော့ ချိန်ထိုးကြည့်နူိုင်ရမည်။တဇွတ်ထိုး တဇောက်ကန်းမလုပ်သင့်၊ မျက်ကန်းမျိုးချစ်လည်း မဖြစ်သင့်ပေ။ကိုယ့်လူမျိုး အနာဂတ်လှပရေးကို ရည်သန်ပြီး လုပ်သင့်သည်ကိုသာ လုပ်ဆောင်စေချင်သည်။
ပြိုကွဲမှုသမိုင်းတရားခံ မဖြစ်စေချင်ပါ။ဘုံစာပေ(၀ါ)တစ်ခုတည်းသော ကရင်အမျိုးသားစာပေဖြစ်ချင်လျှင်
လက်ရှိအောင်မြင်ပြီးသား ကရင်စာပေသုံးမျိုးကို ခေါင်းချင်းဆိုင် တိုင်ပင်ဆွေးနွေးပြီးတော့ တစ်ခုခုကို အတည်ပြု၊ သို့မဟုတ် သုံးမျိုးထဲမှ တစ်ခုတည်းဖြစ်အောင် ပညာရှင်များ ဖန်တီးယူမှသာ ဖြစ်လာနိုင်ခြေရှိသည်ဟု ယူဆမိပါသည်။
သို့မဟုတ်လျှင် ဘုံစာပေကို ရည်ရွယ်ပြီး သူတစ်မျိုး၊ ကိုယ်တစ်မျိုး ရေးထုံးထွင်ကြမည်ဆိုလျှင်တော့ အရေအတွက်သာရှိပြီး အရည်အချင်းမရှိသော စာပေအက္ခရာသာ ဖြစ်လိမ့်မည်။ စာရေးသူသည် အမျိုးသားစာပေတာဝန်ထမ်းဆောင်သည့် ကာလတစ်လျှောက်မှာ ပိုတောင်စိတ်ဓာတ်ကျရသေးသည်။ဘာကြောင့်လဲဆိုလျှင် ရေးထုံးအသစ်တစ်ခု ထပ်တိုးလု့ပါပဲ။ဘယ်ရေးထုံးကို အတည်ယူရမှန်းတောင် မသိတော့ပေ။သို့ပေမယ့် ရေးထုံးကို အဓိကမထားတော့ဘဲ ကရင်စာပေ ဟူသောခံယူချက်ဖြင့် ကျနေသည့်စိတ်ဓာတ်ကို အားမာန်သွင်းကာ ကရင်စာပေအတွက် ဆက်လှမ်းလျက်ရှိသည်။ဆက်လှမ်းရင်း၊
ပြဿနာတိုးရင်း၊စိတ်ဓာတ်ကျရင်း၊ တစ်ခုတည်းသော ကရင်အမျိုးသားစာပေကို အိပ်မက်ရင်း……။
လူမျိုးစု (၁၃၅) မျိုးနှင့် ဖွဲ့စည်းထားသော မြန်မာနိုင်ငံတွင် တိုင်းရင်းသားတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု အသီးသီးရှိကြသည်။ မည်သည့်ဘာသာမဆို ကောင်းသောပြုမူနေထိုင်ပြောဆိုခြင်းကိုပင် အားပေးကြသည်။
ကရင်လူမျိုးတို့၏ ယဉ်ကျေးမှုကိုကြည့်လျှင် ယုံကြည်ကိုးကွယ်မှုအစဉ်ဖြင့် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ နတ်စားသော အယူဝါဒကို ယုံကြည်ကိုးကွယ်သူ စသည်ဖြင့် ကွဲပြားခြားနားမှု ရှိကြောင်းတွေ့ရသည်။
ထို့ကြောင့် ယဉ်ကျေးမှု ကဏ္ဍကို ခွဲခြားကြည့်လျှင်….
(၁)ယုံကြည်ကိုးကွယ်မှု၊
(၂)စာပေနှင့် စကားအုပ်စုများ၊
(၃)ရိုးရာဓလေ့ထုံးစံများ၊
(၄)ထင်ရှားသော ရိုးရာပွဲတော်များ၊
(၅)မျိုးနွယ်စုအလိုက် ၀တ်စားဆင်ယင်မှု၊
(၆)လင်္ကာသီချင်းများ၊
(၇)တူရိယာများ၊
(၈)ရှေးဟောင်း အမွေအနှစ်များ ထိန်းသိမ်းခြင်း၊
(၉)ရိုးရာယဉ်ကျေးမှုအကများ ဖော်ထုတ်ခြင်း ဟူ၍ ခွဲခြားနိုင်ပါသည်။
တိုင်းရင်းသား လူမျိုးများသည် မိမိလူမျိုးအမည်ဖော်ပြချက်(၉) ချက် သိရှိနားလည်ရုံမက လက်ခံကျင့်သုံးပြီး တိုးတက်အောင်လည်း ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။ တခြားယဉ်ကျေးမှုဓလေ့များကိုလည်း စူးစမ်းလေ့လာသိရှိနားလည်ပြီး ကောင်းနိုးရာရာ လက်ခံအတုယူရမည်ဖြစ်သည်။
သိမှတ်ဖွယ်များအနေဖြင့် ကရင်လူမျိုးတို့၏ ယဉ်ကျေးမှုကဏ္ဍကို အပိုင်းခွဲ၍ တင်ပြလိုပါသည်။
(၁) ယုံကြည်ကိုးကွယ်မှု၊
(၂) ၀ိညာဉ်လိပ်ပြာနှင့် တောစောင့်တောင်စောင့်နတ်များအား ယုံကြည်ခြင်း၊
ဝိညာဉ်လိပ်ပြာကို ပိုးကရင်ဘာသာဖြင့် ´အ၀ီးအလာ`၊ စကောကရင်ဘာသာဖြင့် ´ကလာ`၊
ဘွဲကရင်ဘာသာဖြင့် `ကလယ်´ ဟုခေါ်ပါသည်။ လိပ်ပြာခေါ်ခြင်း၊ လိပ်ပြာနှင်ခြင်းတို့ကို ကရင်လူမျိုးအများစုမှာ ယနေ့တိုင် ယုံကြည်နေဆဲ ဖြစ်သည်။စကောကရင်အချို့ စကြာဝဠာအားလုံးကို ဖန်ဆင်းသော `ယွာ` အား ကိုးကွယ်ကြသည်။ နတ်ကို အချို့က တန်ခိုးရှင်အနေဖြင့် ယုံကြည်ကြသည်။ ယုံကြည်မှုအရ (တန်ခိုးရှင်) ကို ပထမတန်းစားနတ်အဖြစ် ကိုးကွယ်ကြသည်။
ပထမတန်းစားနတ်များမှာ…
(၁) မူဟား၊ (၂) ထီးကဆာကော်ကဆာ၊ (၃) မူကော်လီ(မာန်နတ်)၊ (၄) ဖီးဘီးယော်၊ (၅) ခူးသေ (၆) ကာကွယ်
ဟူ၍ ယုံကြည်ရာကိုလိုက်ပြီး ပသမှုပြုကြသည်။
ဒုတိယနတ်သရဲများမှာ…..
(၁) တရဲ့တခါ၊
(၂) တာမူဟား၊
(၃) တာကယာ ဖြစ်ပြီး ၀ဋ်မကျွတ်သော နတ်များဖြစ်သည်။
တတိယနတ်များမှာ…..
(၁) မော်ယာ၊
(၂) ပသို၊
(၃) လော်၊
(၄) ဘားနား၊
(၅) ဒေါ်တကား နတ်များဖြစ်ပြီး ကောင်းကျိုးနှင့် ဆိုးကျိုးများကို ပေးတတ်သောနတ်များဖြစ်သည်။
ကရင်ပြည်နယ်နှင့် ကယားပြည်နယ် နယ်စပ်ရှိ ဂဲခိုနှင့် ပဒေါင် (ကယန်း) များတွင်လည်း အောက်ပါနတ်များ ပူဇော်ပသမှုပြုကြသည်။
(၁) က၊
(၂) လူ၊
(၃) ကန်၊
(၄) မော်ခီး၊
(၅) တရာနာ၊
(၆) တကာဒေး၊
(၇) တဒွန်ဟိန်ခေါင်၊
(၈) တနဲနောခု၊
(၉) တာ နတ်များတို့ဖြစ်ကြသည်။စပါး ရိတ်သိမ်းချိန်တွင် ပူဇော်ပသခြင်းကို ပြုကြသည်း။စပါး အထွက်တိုးခြင်း၊ လာဘ်လာဘရွှင်သည်ဟု ယုံကြည်ကြသည်။
ဒူဝေရိုးရာနတ်
ဒူဝေကို ရိုးရာနတ်အဖြစ် ယခင်က သတ်မှတ်ပူဇော်ကြသည်။ ဇွဲကပင်တောင်ခြေရှိ ကရင်လူမျိုးများ ရှင်ပြုသည့်အခါ၊ ခရီးဝေးထွက်သည့်အခါ၊ မင်္ဂလာဆောင်သည့်အခါ ဒူဝေစေတီသို့ သွားရောက်၍ ကန်တော့ကြသည်။ဒူဝေစေတီတွင် နတ်ဆရာကြီးသည် ရိုးရာဓလေ့နှင့်အညီ ဆုတောင်းမေတ္တာပို့ခြင်းများ ပြုလုပ်ပေးကြသည်။
အမှန်စင်စစ်အားဖြင့် `ဒူဝေ´ နတ်သည် နတ်မဟုတ်ပါ။ဗုဒ္ဓဘာသာဝင် ပိုးကရင်အချို့က ယုံကြည်ကိုးကွယ်မှုတစ်ရပ်သာ ဖြစ်သည်။ ဒူဝေစေတီသည် မင်္ဂလာဆောင်ကြမည့် သတို့သား၊ သတို့သမီးများ၏ သစ္စာပြုရာ၊ တိုင်တည်ရာသစ္စာတိုင် ဒူဝေစေတီတော်သာဖြစ်သည်။ နတ်ဆရာကြီးဆိုသည်မှာလည်း တစ်နည်းအားဖြင့် ဘိသိက်ဆရာနှင့် ခပ်ဆင်ဆင်ဖြစ်သည်။
မင်္ဂလာမောင်နှံအား ဆုံးမသြ၀ါဒစကား၊ ချီးမြင့်ပေးပြီး စီးပွါးရေး၊ ကျန်းမာရေး၊ လူမှုရေး၊ လုပ်ငန်းအထွေထွေ တိုးတက်ကောင်းမွန်အောင် နည်းလမ်းညွန်ပြပေးခြင်းသာ ဖြစ်သည်။ အချို့မှာ ရိုးရာနတ်အဖြစ် သတ်မှတ်ယုံကြည်ဆဲ ဖြစ်သည်။တချို့ဗုဒ္ဓဘာသာဝင် ပိုးကရင်များသည် ပန်းနတ်ကို ကိုးကွယ်ကြသည်။ တန်ခူးလနှင့် သီတင်းကျွတ်လတွင် ပန်းနတ် ကန်တော့ခြင်း၊ နတ်စားခြင်းများ ပြုလုပ်ကြသည်။ ဘားအံမြို့နယ်နှင့် လှိုင်းဘွဲ့မြို့နယ်ရှိ ကျေးရွာအချို့တွင် ပန်းနတ်ကို ကိုးကွယ်ကြသည်။ ဥဒေါင်းကျေးရွာ၊ ၀ဲကရင်ကျေးရွာ၊ ဒွန်သရောင်ရွာများတွင် အများဆုံး ကိုးကွယ်ကြသည်။
ဆက်လက်ဖော်ပြပါဦးမယ်…။