Showing posts with label ၀တ္ထုအိင်း. Show all posts
Showing posts with label ၀တ္ထုအိင်း. Show all posts

Nov 15, 2009

နွမ်းလျ အိမ်အပြန်..ဇာတ်သိမ်းပိုင်း

နွမ်းလျ အိမ်အပြန်-ဇာတ်သိမ်းပိုင်း

စာစု(၁၂)

ဘန်ကောက်မှ တဆင့် မြန်မာ့လေကြောင်းလိုင်းဖြင့် ယနေ့နံနက် ပြန်ရောက်မည်ဆို၍ ရန်ကုန် နိုင်ငံတကာ မင်္ဂလာဒုံလေဆိပ်သို့ ဆရာအစောကြီး အရောက်သွားခဲ့သည်။
နိုင်ငံခြားပြန် ဆရာ့သားကြီးကို မှန်းဆရင်း သားချောကြီးအတွက် ကရင်အင်္ကျီအလံဆင် ၀င့်ကြွားကြွားနှင့် သားအလွန်ကြိုက်သော နီရဲရဲ ကရင်ပုဆိုးကို ထုပ်ပိုးပြင်ဆင်ကာ ဆရာ့လက်အစုံကား တဆတ်ဆတ် တုန်နေရှာသည်။ နံနက်(၈း၀၀)နာရီ ထိုးသည်နှင့် ဧည့်သည်တော် တော်များများ မင်္ဂလာဒုံ လေယာဉ်ကွင်း ဧည့်ကြို ခန်းမသို့ အသီးသီးရောက်ရှိလာကြသည်။ အရာရှိကြီးများနှင့် ဆရာဝန်၊ ဆရာမလေးများဟု ထင်ရသော သူများလည်း ပါသည်။
ဆရာ တိုးညှင်းစွာ ကြားရသည့်သတင်းကား…ဒေါက်တာစောချမ်းမြေ့သည် ခွဲစိတ်ပါရဂူအထူး ဂုဏ်ထူးဆောင်ဘွဲ့ကို ရရှိခဲ့သည့်အတွက် လာရောက်ကြိုဆို ဂုဏ်ပြုကြကြောင်း သိရသည်။ ထိုအခါမှ ကရင်လုံချည် ချည်ချောအနက်နှင့် ဖွေးဖွေးဖြုနေသော ဆံပင်ပိုင်ရှင် အဘိုးအိုတစ်ယောက်မှာ ..တောက်တောက်ပြောင်ပြောင်တို့အကြား မှေးမှိန် ပျောက်ကွယ်နေကြောင်း သတိထားမိတော့သည်။
ဆက်ဖတ်ရန်...

သို့သော်….ဆရာ့သားသည် ဆရာ့သားသာ ဖြစ်သည်မဟုတ်ပါလား..။
`ဟော´…ဟိုက ဆင်းလာတာ ဒေါက်တာ စောချမ်းမြေ့မဟုတ်လား`
`ဟာ…ဟုတ်တာပေါ့`..။မေသူ့ ကိုကိုက အနောက်တိုင်း ၀တ်စုံနဲ့ အရမ်းလိုက်တာပဲနော်`..။ မေသူက အရမ်းကံကောင်းတာပဲ` ၊ `မြသီတာ သူ့ကို မနာလိုတော့ဘူး သိလား`..၊
`အံမယ်…´အစကတော့ ကိုကို့ ကို တောသားဆို´…၊
`ဟုတ်တယ်…ငါ့သားက တောသားလေး..အဲဒါ ဘာဖြစ်လို့လဲ.. ဟု ဆရာ့စိတ်က သားအတွက် မချံင်စွာ ရေရွတ် ပေါက်ကွဲရင်း…သားကို ကြိုဆိုသူများ၏ အတန်းထိပ်ဆုံးက နေရာယူ ကြိုဆိုလိုက်သည်။
`ဟုတ်ပါပေ့..သားလေးက ချောလိုက်တာ..၊ ဆရာသည် သားကို အငမ်းမရ ၊ ၀မ်းသာအဲလဲစွာ ကြိုဆိုဟန်ဖြင့် လက်ကို ဆန့်တန်းကြိုဆိုလိုက်သော်လည်း…….။
သားလေးက ဆရာ့ကို မမြင်တာတော့ မဟုတ်နိုင်..၊ အဘယ့်ကြောင့်မူ… ကြိုဆိုသူများထဲတွင် ဆရာဖေဖေက ထိပ်ဆုံးက ရှိနေတာပဲ မဟုတ်လား..။
သားလေးက အခြားကြိုဆိုသူများကို ပြုံးရွှင်စွာ ဖက်လှဲတကင်း ပြန်လည်ဂါရ၀ပြုနေရင်း….ဆရာ့ကို တစ်ချက်ပြန်လှည့်ကြည့်ကာ… ၊ စောစောက ဟန်မူပိုပို ပြုံးချိုချို ဆရာဝန်မလေးကို လက်ကမ်း ကြိုဆိုသိုင်းဖက်ရင်း…နောက်ဆုံးပေါ် ကားလေးပေါ်သို့ တက်၍ လိုက်ပါသွားလေပြီ.။

စာစု(၁၃)

မင်္ဂလာဒုံ နိုင်ငံတကာ လေယာဉ်ကွင်းကြီးသည် မှုန်ဝါးသေးငယ်စွာ ကွယ်ပျောက်သွားအောင် ဆရာ့မျက်ရည်များက လွှမ်းခြုံ ကွယ်ဖျောက်ပစ်လိုက်ပါ၏။ ကရင်နှစ်သစ်ကူးနေ့ အမီ ကြိုဆို ၀တ်ဆင်တော်ခံ အမျိုးသား ၀တ်စုံလေးမှာလည်း ဆက်သ ခံသူမဲ့ကာ…. ၀မ်းနည်းရှာပေတော့မည်..။
ဆရာ..အရာအားလုံးကို ခွင့်လွတ်လိုက်သောအခါ…. အားအင်တို့ကုန်ခမ်း နွမ်းရိ ဖြေလျှော့ကာ…လာရာလမ်းသို့ ပြန်ရပေတော့မည် ဟု သတိရမိတော့သည်..။

စာစု(၁၄)

သံယောဇဉ်သည်…တောင်ကျရေနှင့် အလားသဏ္ဌာန်တူပါသည်။ တောင်ကျရေသည် သစ်ပင် ကျောက်တုံး အမှိုက်သရိုက်တို့ကို တိုက်စား ဖယ်ရှားကာ စီးဆင်းသွားသကဲ့သို့ပင်တည်း..။တစ်ဖက်သော ..သမုဒယ ရေကာတာသည်လည်း သံယောဇဉ်တောင်ကျရေကြောင့် ကျိုးပေါက်ပြိုကွဲသွားလေပြီ။
သို့သော်….ရေအစီးတွင် မျောပါသွားသော ပန်းအကြွေတို့သည် မလန်းတော့ဘဲ နွမ်းကြွေသွားခဲ့ပြီကိုး…။သားလေးမှ သိပါလေစ..။
အကယ်၍သာ…ထိုပန်းကလေးသည် ရေစုန် ရေဆန်တွင် အံတုကာ မျောလျက် မနွမ်းကြွေတတ်သော ပန်းဗေဒါအဖြစ်… ဆရာဖြစ်ချင်လိုက်တာ..ဖိုးခွါးလေးရယ်…လို့ မိုက်မဲစွာ နောင်တရနေမိရင်း…။ သား..ဆရာကို လှောင်ပြုံးနေမှာလား ကလေးရယ်…။
ဒါပေမယ့်..သားကို ဆရာတောင်းပန်ချင်တာက… ဆရာ့ဆန္ဒ၊ ဆရာ့အထာသဘောကတော့ … မျှော်လင့်ချက် ပန်းတိုင်ကလေးအပေါ်…၊ နေခြည် စို့မြူး ရောင်ခြည်သစ်ဦးလေး..၊ ကွန့်မြူးဖြန့်ကျဲ နွေးထွေးမှုလေး ပေးစွမ်းနိုင်ပါစေ..ကွယ်..။
ဒါဆိုလျှင်… ဆရာ့အိမ်အပြန်ခရီးကို..`နွမ်းလျ အိမ်အပြန်´..လို့ ခေါင်းစဉ်တပ်ရတော့မှာပေါ့..။


စာရေးသူ၏ အမှာ…
(တို့ပြည်နယ်တွင် ဘက်စုံဖွံ့ဖြိုးတိုးတက်စ ပြုရင်း၊ တည်ငြိမ်အေးချမ်းစ ပြုခဲ့ပြီ..။ဒါပေသည့် ကွက်လပ်မြူတစ်မှုန်မျှ မကျန်ရစ်ရလေအောင် မင်းတို့ ငါတို့အားလုံး၌ တာဝန်တစ်ရပ် ရှိနေသေးကြောင်း အစဉ်အမြဲသတိချပ်သင့်ပါသေးသည်..)


တိုက်ဆိုင်မှုရှိလျှင် ခွင့်လွတ်ပါ...

တက္ကသိုလ် စောနွယ်


Nov 9, 2009

နွမ်းလျ အိမ်အပြန်...

နွမ်းလျ အိမ်အပြန်- တက္ကသိုလ် စောနွယ်

ယခင်ပို့စ်မှ အဆက်...

စာစု(၇)

ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ပြီးမှတော့ နောက်ဆုတ်ရန်မသင့်ဟု ဆရာထူးရယ် ခံယူထားသည်။ သားကလေးပင် ဆေးတက္ကသိုလ် တက်ခဲ့သည်မှာ ပဉ္စမနှစ်ရောက်ခဲ့ပြီ။ သည်ကြားကာလအတွက် တောင့်တောင့်ခံ ကျားကန်ခဲ့ရသည့်ဘ၀ကို တွက်နေလို့မဖြစ်၊ သားကလေး လှေပြေးတုန်း တက်ကျိုးလို့မဖြစ် ဟု ဆရာအံကြိတ်ကာ တွန်းကန်ထားသည်။
တောကျောင်းဆရာဘ၀က ရရှိခဲ့သော ဆုလဒ်ဖြစ်သည့် အဆုပ်တီဘီရောဂါသည် ယခုလို နှစ်ရှည်လများ အလုပ်ကပမ်း၊ အိပ်ရေးက နေ့စဉ်ရက်ဆက် ပျက်ဖန်များသောအခါ ဆရာ့ကို ခပ်ကြမ်းကြမ်း ထုနှက်လာတော့သည်။.ဒီကြားထဲ….အစားအသောက်က ချွေတာရပြန်ဆိုတော့ ဆရာ့အသားအရေက ကျုံးထဲက ဆင်အိုကြီးပမာ ဖျင်းတွဲ ညစ်ထေးလာသည်.။ သို့သော်….ဆရာ အားမငယ်….၊ ကျန်းမာရေးဌာနက တီဘီဆေးပြားကို အချိန်မှန်၊ ရက်မှန်သောက်ရင်း….သားလေးမသိအောင် ရောဂါကို ကြိုးစားကုသရရှာသည်..။
သားလေး …ပန်းတိုင်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ဖို့ဆိုတာ နှစ်အတန်ကြာ လိုသေးသည်။ အထူးသဖြင့် မွေးစားဖခင်.. ဆရာ့ရဲ့ တီဘီရောဂါ အတွက် စက်ဆုပ် ရွံရှာ အားငယ်မှာ အထူးစိုးရိမ်တာလည်း ပါသည်။
`အပါး`
`ပြောလေသား`
`အပါးကို သားတစ်ခု မေးချင်တယ်`…၊
`အပါး…သားကို မလိမ်ပါနဲ့ အပါးရယ်….`
တစ်နေ့သော ကျောင်းပိတ်ရက်တွင် သား၏ ထူးဆန်းစွာ မေးလာသော အမေးစကားတစ်ခွန်းကြောင့် ဆရာတွေဝေသွားမိသည်..။
`အပါး…အလိမ်ပါနဲ့ တဲ့`..။
`သားကို အပါးလိမ်ရင်လည်း..သားစိတ်မဆိုးပါဘူး.. အပါး၊ သားကြားရတာက အပါး..ညစဉ် အချိန်ပိုဆင်းတာဟာ…..`
`ဘာများလဲလို့ ဖိုးခွါးရယ်၊ ဟုတ်တယ်လေ ဖိုးခွါးရဲ့..၊ အပါးက ..သူများငွေ၊ သူများဥစ္စာကို အချေင် ခိုးဝှက်ယူတာမှ မဟုတ်တာ..`
`နောက်ပြီး လုံခြုံတဲ့ အုတ်တံတိုင်း ခြံစည်းရိုးကနေ ညအတွက် လုံခြုံရေး တာဝန်ယူရတာပါ သားရဲ့..။ညစောင့်လုပ်ဆိုတာ အမြင်သာ သိမ်ငယ်တာကွဲ့..၊တာဝန်ဟာ အရမ်းမြင့်မြတ်ပါတယ် ဖိုးခွါးရယ်…`။
`ဟုတ်တော့ ဟုတ်ပါတယ်..ပါး..၊ သားအတွက် သိပ်ပင်ပန်းနေပြီ အပါးရယ်..`။
သားကလေး မျက်ရည်လည်စွာ ခြေဆုပ်လက်နယ် ပြုရင်း ပြောလာတော့…..။
ဆက်ဖတ်ရန်...

ဆရာ့ရင်မှာ သားအတွက် အမောတွေ ပြေပျောက်သွားပြီး..၊ သားအပေါ် သံယောဇဉ်က ပို၍ ရစ်တွယ်ချည်နှောင်သွားပြန်သည်။
`အပါး ..မပင်ပန်းလှပါဘူး..သားရယ်…၊ သားက တစ်နေ့ကျရင် အပါး ..ဆန္ဒကိုဖြည့်ဆည်းပေးမယ့် သားလေးပါကွယ်..၊ အပါး…ဆယ်ခါပြန် မောရင်မောပါစေ…။ သားဂုဏ်ယူတတ်ရင် ကျေနပ်ပါပြီ ဖိုးခွါးလေးရယ်..`။
ဒါပေမယ့် ဖိုးခွါးလေးရဲ့ အရိပ်အခြေကို ကြည့်ရသည်မှာ တစ်မျိုးပဲ ဟု ဆရာထင်မြင်မိသလိုပါပဲ..၊
အင်းလေ…..၊ သားကလေးက အထက်တန်းကျောင်းသားလေးမှ မဟုတ်တော့တာ..။

စာစု(၈)

`ဟုတ်တယ်..အပါး၊ သားက မေသူ အပါးကို မသိဘူး ထင်နေတာ..။ ဟိုနေ့ကမှ ..၊မေသူ ဒဲ့တိုးကြီး မေးလာတာ…`၊
`အဲဒီတော့…`
`ဟင်း..`
သားရဲ့ ရှေ့ဆက် ထွက်လာမည့် စကားသံတွေ အစား ၊ လေပူတစ်ချက်သာ မချိမဆံ့ မှုတ်ထုတ်လိုက်တာကြောင့်…၊ ဆရာ အခြေအနေကို သုံးသပ်မိသွားသည်။
`ဖိုးခွါး စိတ်ထဲမှာ မထားပါနဲ့တော့ သားရယ်..၊ ဖိုးခွါး မကြိုက်ရင် ..အပါး ဆက်မလုပ်တော့ပါဘူး ကလေးရယ်..`။
`အပါး တာဝန်ထန်းဆောင် ခဲ့တဲ့ အိမ်က ၊ ကလေးမမှန်း မသိလို့ သူမေးသမျှကို ရိုးရိုးသားသား အပါး ဖြေမိလိုက်တာပါ..`။အဲဒီ အိမ်မှာ ..အပါး..ညစောင့်လုပ်လာတာ ..ဆယ်နှစ်ပြည့်တော့မည်။ အခုဆို သားကတောင် ( အမ်-ဘီ-ဘီ-အက်စ်၊ ) အပိုင်း(က) ရောက်ခဲ့ပြီပဲ။ မကြာခင်သော ကာလမှာ သားကလေး ဆရာဝန်ဖြစ်တော့မည်။ ဆရာလည်း ဒီညစောင့်အလုပ်ကို လုပ်ဖို့မှ မလိုတော့ပဲ၊ ကုမ္ပဏီက အလုပ်တစ်ခုနှင့်ပင် အဆင်ပြေလောက်ပါပြီဟု ရင်ဝယ် တေးထားမိသည်။
ဘာပဲဖြစ်ဖြစ် သားကို ဦးစားပေး စစ်ပေးရဦးမယ် မဟုတ်ပါလား….။

စာစု(၉)

ရာသီစက်ဝန်းသို့ တရွေ့ရွေ့ ကုန်ဆုံးပြောင်းလဲကုန်ပေပြီ။ သားကလေး အလုပ်သင်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ခွင့်ရပြီ၊ ရည်မှန်းချက်ပန်းတိုင်ကို ဆွတ်ခူးရရှိတော့မှာမို့ အတိုင်းမသိ၊ ဆရာ့ရင်၌ ၀မ်းသာလုံး ဆို့နင့်နေရှာသည်။ အမိရွာသို့ ပြန်ရန် ဟန်ပြင်စ ပြုနိုင်ခဲ့သည်။
`အပါး…သားကို တစ်နှစ်တန်သည်၊ နှစ်-နှစ်တန်သည် ၊ ရန်ကုန်မှာ အလုပ်လုပ်ခွင့်ပြုပါ..`၊
သား၏ မတောင်းတစဖူး အတောင်းထူးတာကြောင့် ဆရာ မျက်မှောင်ကြုတ်မိသွားသည်။`ဒီကလေး ဘာဖြစ်တာပါလိမ့်` ဟု ရင်ထဲ စိုးထိတ်မိပါသည်။
`ဟုတ်ပါတယ် အပါး၊ သားရခဲ့တဲ့ ပညာကို မတင်းတိမ်နိုင်သေးတာကြောင့် လေ့လာဆည်းပူးရင်း ပညာကို အရောင်တင်ချင်တာပါ`..။ ဆရာ့ရင်၌ အေးသွားသည်။
ဟုတ်မှာပါ..၊ သားကလေး ဘွဲ့ရတော့ ဂုဏ်ထူးတွေ တသီတတန်းကြီး မဟုတ်ပါလား..။ တောသားလေး တစ်ယောက်ဖြစ်ပေမယ့်.. သူများထက် ထူးချွန်ခဲ့တာပဲလေ..။
အဲဒီတုန်းက နိုင်ကြာကျောင်းတိုက် ဆရာတော်ဘုရားကြီးနဲ့ ရွာကို စာရေးလျှောက်ထား ကြွားလိုက်ရသေးတာ မှတ်မိတာပဲ မဟုတ်လား။ ရွာက မြို့နဲ့ နီးပေမယ့် ကျန်းမာရေး ဗဟုသုတ နည်းပါးခဲ့တာကြောင့် သူတို့ရွာပေါက် ..၊ ဆရာဝန်လေးတစ်ယောက် မြို့ကပြန်လာမှာ မျှော်နေပါသတဲ့..လေ။
ဒါပေမယ့် အခုချိန်မှာ ရွာမှာလည်း ဘွဲ့ရ ပညာတတ်တွေ ပေါ်ထွန်းလာတာမို့ အရင်ကလောက် မဆိုးတော့ပါ၊ ကရင်ပြည်နယ်ရဲ့ မြို့တော် ဘားအံမှာ …တက္ကသိုလ်၊ ပညာရေးကောလိပ်၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်လည်း ရှိနေပြီ မဟုတ်လား..။ အဲဒါကြောင့် သားကလေးရဲ့ ဆန္ဒအတိုင်း ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီးမှာ အလုပ်ဝင်စေခဲ့ပါတယ်။ သားက တကယ်ကြိုးစားရှာပါတယ်။ အဲးဒါကြောင့်လည်း သားလေး လုပ်သက်(၃) နှစ် မပြည့်မှီမှာပဲ နိုင်ငံခြား ပညာတော်သင် ၀င်ရောက်ဖြေဆိုအောင်မြင်ခဲ့ပါတယ်။
သားလေး ကနေဒါနိုင်ငံမှာ ခွဲစိတ်ပါရဂူဘွဲ့ သွားရောက်ပညာသင်ရတော့မည်ဆိုတော့…ဆရာသိပ်ဝမ်းသာသလို..၊ ၀မ်းနည်းမိပြန်ပါသည်။ ၀မ်းသာတာက… ဆရာပြုစုပျိုးထောင်ခဲ့သော ပန်းကလေးတစ်ပွင့် လန်းဆန်းစွင့်ကားစွာ ရနံ့ဝေလာတာမို့ တစ်ကြောင်း…၊
ဝမ်းနည်းတာက …. သားလေး ဆရာ့ရင်ခွင်ထဲကို ၀င်ရောက် မှေးသိပ်ခဲ့ပြီ ဆိုကတည်းက တစ်ကြိမ်တစ်ခါမျှ ရက်ကြာရှည်စွာ ခွဲ၍ မနေခဲ့ရသလို…၊ ရွာအတွက် ရည်မှန်းချက်များ ဝေးသထက် ဝေးသွားမှာကို စိုးရိမ်သောကြောင့်ဖြစ်ပါသည်။ အထူးသဖြင့် နေခြည်သစ်တို့ ကျေးလက်ဒေသမှာ မဖြန့်ကျဲနိုင်မှာ စိုးရိမ်သောက ဝေရမှာ စိုးသောကြောင့်ဟု ၀န်ခံရပါသည်။

စာစု(၁၀)

လေယာဉ်ပေါ်က သားရဲ့ လက်ပြနှုတ်ဆက်ဟန်ဟာ… အပါးကို တမင်သက်သက် ကြေကွဲစေတာလား သားရယ်…၊ `အော်`…ဆရာချစ်သော သားကို (၂)နှစ်ကြီးများတောင် ခွဲခွါနေရဦးမှာပါလား..၊ ဒါပေမယ့် ခွဲခွါကျန်ရစ်ချင်လို့ ခွဲခွါချန်ရစ်ခဲ့တာမှ မဟုတ်တာ…၊ နိုင်ငံအတွက် ၊ သွေးချင်းများအတွက်၊ မိမိပြည်နယ်နဲ့ လူမျိုးများအတွက် ရည်စူးပြီး၊ လွမ်းအသည်းကို စတေးခဲ့တာပဲ မဟုတ်လား..။
သားလေး ပညာတော်သင် ထွက်ခွါပြီး မကြာခင်မှာပဲ .. ဆရာတစ်ယောက် ရွာကို မကြာခဏဆိုသလို ရောက်လာခဲ့သည်..၊ ရပ်ရေး ရွာရေး ၀ိုင်းဝန်းကူညီရင်း ပန်းပျိုးသောလက်ကို ဆက်လက်တာဝန်ပေးလျက်ရှိသည်။ ဒါပေသည့်….အစဉ်အလာကောင်းဖြင့် ရပ်တည်ဖွံ့ဖြိုးခဲ့သော ရွာကလေးမှာ ခေါင်းဆောင်ကောင်းတစ်ချို့တို့ တိမ်းပါးခဲ့ကြပြီ။
နိုင်ကြာကျောင်းဆရာတော်ဘုရာကြီးနှင့် အုန်းတပင်ဆရာတော်ဘုရားကြီးနှစ်ပါး ဘ၀နတ်ထံ ပျံလွန်တော်မူကြ၍ နှလုံးအိမ်အတွင်း ကြိမ်မီးအုံးရသလို ၊ မန်းဘိုးနီ၊ မန်းကျော်အေး၊ မန်းသန်းရင်နှင့် မန်းလှအေးတို့ ကွယ်လွန်အနိစ္စရောက်ခဲ့ကြပေပြီ။
သို့သော်…တက်ကျိုးသော်လည်း လက်တို့နှင့် အစားထိုး လှော်နိုင်သေးတာမို့ ၊ကျန်ရစ်သူများအား မလျှော့စတမ်း ပန်းတိုင်အရောက်လှမ်းဖို့ .. အင်အားတို့ အသင့်ပြင်ဆင်ထားရပါဦးမည်..။

စာစု(၁၁)

ငှက်တို့သည် လေထဲ၌ ပျံသန်းရင်း ဘ၀ နိဂုံးချုပ်ကြရသော်လည်း ….၊ နှစ်ရာသီတို့သည် ရက်မှ လ စားကာ၊
လမှနှစ်သို့ ပြောင်း၍ ကာလများ တဖြည့်းဖြည်း ကုန်ခန်းရင်း အသစ်အသစ်တို့ ပြောင်းရွှေ့ အစားထိုးဝင်ရောက်လာကြတော့သည်။
စောချမ်းမြေ့ ခလောက်နို့ ရွာသားတစ်ယောက် ခွဲစိတ်ဆရာဝန်ကြီး ဖြစ်ခဲ့ပြီ၊ မကြာမှီ ကာလအတွင်း အမိမြေသို့ ပြန်လာတော့မည်..။ သားကလေး အမိမြေသို့ ပြန်လာတော့မည် ဟု ကြားသိရသော ဆရာ့မှာ အခုမှ အသက်ကောင်းကောင်း ရှူနိုင်တော့သည်။ သားအတွက် မြတ်ဗုဒ္ဓထံပါး ၀ပ်တွားပူဇော်ရင်း… တောင်းဆုချွေခဲ့သည်မှာ နေ့စဉ်နှင့်အမျှ…။သားကို သားရေပေါ်အိပ်၊ သားရေနားစား ..အဖြစ်မခံနိုင်ပါ..။ သစ္စာမဲ့သူဟုလည်း အပြောမခံရက်..၊ နိုင်ငံနှင့် လူမျိုးအပေါ် သစ္စာရှိသော သားကောင်းရတနာ တစ်ယောက်ကို ရင်ကော့ ပိုင်ဆိုင်ခဲ့ပါပြီ..။
အဘယ်ကြောင့်ဆိုသော်… ယနေ့ ခေတ်ပညာတတ် လူငယ်များသည် တိုင်းတစ်ပါးအပေါ် …အပေါ်ယံအမြင်ဖြင့် အထင်ကြီးကြပြီး၊ ကိုယ့်မြေ ကိုယ့်ရေပေါ်မှ သြဇာမခံ၊ ရွက်ကျပင် ပေါက်တတ်သောကြောင့်ပင် ဖြစ်ပါသည်။
သားလေး ကရင်နှစ်သစ်ကူးအမီ နိုင်ငံခြားမှ ပြန်လာမည်တဲ့….။

ဆက်လက်ဖော်ပြပါဦးမယ်...။

Nov 7, 2009

မှတ်ကရော့...

ကရင်အမျိုးသား စာပေလောကမှာ နေတဆူ လတဆူပမာ ထင်ရှားကျော်ကြားလှတဲ့ အရှင်ဦးပရမ သူမြတ်က သာသနာ
ရေးအတွက် သူ့ကျောင်းအနီးကမြေကွက်ကို သာသနာ့လယ်မြေလို့ သတ်မှတ်ပြီး စပါးစိုက်ပျိုးစေတယ်။

ဒီလိုကျောင်းမြေမှာ စပါးစိုက်တာကို တချို့လူများက " ဘုန်းကြီးလယ်လုပ်တယ် လယ်လုပ်တဲ့ဘုန်းကြီး " လို့ နောက်
ကွယ်မှာ ဆိုကြပြောကြတယ်။ ဒီစကားကို ဦးပရမကကြားတော့ ဒီပြောတဲ့လူတွေကို ဘာမှပြန်မရှင်းဘဲ သူ့လယ်ထိပ်မှာ
ဆိုင်းဘုတ်အကြီးကြီးရေးပြီး ထူထားလိုက်တယ်။
သူ့ဆိုင်းဘုတ်က-
" ငါလယ်လုပ်တာ ငါ့မယားစားဘို့မဟုတ်၊
သာသနာကို ချီးမြှင့်ဘို့ဖြစ်တယ် " ရယ်လို့ဖြစ်တယ်။
ဒီဆိုင်းဘုတ်ထူပြီးကတဲက လူတွေကဘုန်းကြီးလယ်လုပ်တဲ့အကြောင်း မပြောကြတော့ဘူး။ အရှင်ဦးပရမဟာခလောက် နို့ရွာသားဖြစ်တယ်။

လူထုဦးလှ

မူရင်း။ ။ kawthulei ဘလော့မှ ပြန်လည်ဖော်ပြခြင်းဖြစ်ပါတယ်။

Oct 30, 2009

နွမ်းလျ အိမ်အပြန်…

ဝတ္ထု-တက္ကသိုလ် စောနွယ်

ယခင်ပို့စ်မှ အဆက်...

စာစု(၃)

ဆရာကြီး၏ မျှော်လင့်ချက်များကို ဆရာ့သားက ရောင်ခြည်ထွန်းသစ်စေသည်။ ပညာထူးချွန်အောင် ကြိုးစား၍ တစ်နှစ်တစ်တန်း မှန်မှန်တက်ပြီး သူငယ်တန်းမှ ဆယ်တန်းအထိ တစ်ကြိမ်မှ စာမေးပွဲကျခြင်းမရှိ။ လိမ္မာရေးခြားရှိ၍ အားလုံးက ချစ်ခင်လေးစားသည်ကို ဆရာကြီး သိမြင်ရလျှင် ဘ၀အတွက် အမောပြေခဲ့ရသည်။
ဆရာကြီးသည် သားကို မျက်စိအောက်က အပျောက်မခံနိုင်အောင် သံယောဇဉ်ကြီးလှသလို
သားကလည်း ဆရာကြီးကို ဆရာလိုတစ်သွယ် ကျေးဇူးရှင်ဖခင်လို တစ်ဖုံ၊ ခံယူထားကြသူများမို့…။အားလုံးက ဆရာတို့သားအဖ နှစ်ယောက်၏ မေတ္တာအကြင်နာကို မက်မော အားကျမဆုံးရှိကြလေသည်။
သားချမ်းမြေ့ ဆယ်တန်းအောင်တော့ ငါးဘာသာ ဂုဏ်ထူးပါသည်။ ဆရာ့မှာ မျက်ရည်လည်ရွဲနှင့် ၀မ်းသာကြည်နူးမှု မျက်ရည်များ တာကျိုးခဲ့သည်အထိ ဂုဏ်ယူမဆုံးဖြစ်ခဲ့သည်.။ သားဟူသော..နှုတ်မြည်သံက ပါးစပ်ဖျားမှာ မချ..။

ဆရာ့ရည်မှန်းချက် အကောင်မထည် ဖော်နိုင်ခဲ့သလောက် ဖော်နိုင်ခဲ့ပြီမို့…. နိုင်ကြာရွာကလေးသာမက ခလောက်နို့ တစ်ခွင်လုံးအတွက် ကျန်းမာရေး လုပ်သားကောင်းတစ်ဦး ပေါ်ထွန်းလာတော့မည်ကို အားရ၀မ်းသာ ကြိုဆိုနေမိသည်..။သားကလေးကိုလည်း တတ်အားသမျှ ဆုံးမရ၏။သားကလေးသာ ဆရာ့ဆန္ဒကို ဖြည့်ဆည်းပေးခဲ့မည်ဆိုလျှင် သူဘယ်တော့မှ အိမ်ထောင်မပြုဟု ကတိပေးခဲ့၏။(တကယ်လည်း ဆရာ့ဘ၀တွင် ကြင်ဖော်မရှာခဲ့ပါ)
သားကလေးကို ဆေးတက္ကသိုလ် တက်ခိုင်းမည်…။ ကျန်းမာရေး ၀န်ထမ်း ဆရာဝန်းကောင်းတစ်ယောက်ဖြစ်အောင် သွန်သင်ပေးပြီး၊ ကျေးရွာပြည်သူ့အကျိုး၊ ပြည်နယ်အကျိုး၊ နိုင်ငံအကျိုး ထမ်းဆောင်စေမည်။
သို့သော်…..။

ဆက်ဖတ်ရန်...

စာစု(၄)

ဆရာ သေချာစွာ ဆန်းစစ်မိသည်..။ ဆရာအရွယ်ကောင်းတာ မှန်သည်။ တောကျောင်းဆရာ လစာဖြင့် သားဆရာဝန်ဖြစ်အောင် လုပ်ပေးဖို့မလွယ်..။ကျောင်းနေရမယ့်ုခုနစ်နှစ်အတွင်း ကုန်ကျစရိတ် နည်းနည်းနှောနှော မဟုတ်..။ ဆရာဝင်ငွေကလည်း တောကျောင်းဆရာလစာမှ လွဲ၍ အခြားဝင်ငွေမရှိ..။
သို့သော် သားလေး ဒီကိစ္စ မသိစေချင်..။ ကြည်လင်လန်းဆန်းနေသော သားဦးနှောက်ထဲ စိတ်ညစ်ညူးမှု အရိပ်မထင်စေချင်သေး…။ ဆရာ့ဖာသာ ဆရာ ပေသီးတွက်နေရသည်။

စာစု(၅)

ဆရာကျောင်းအလုပ်မှ ထွက်ပြီး၊ သားကိုခေါ်၍ ရန်ကုန်တက်မည်ဆိုတော့… အပေါင်းအသင်း အသိမိတ်ဆွေများက ဖျက်ကြသည်။ ရွာနှင့် ကလေးတို့၏ ပညာရေးအဆင်ပြေနေသော ဆရာ့ကို လက်လွှတ် အရှုံးဆုံး မခံလိုကြ…။ဆရာ့အနေဖြင့် ရွာကိုစွန့်ခွါ တောကျောင်းဆရာအလုပ်ကိုလည်း ကျောမခိုင်းရက်သော်လည်း…သားအရေးက ဆရာ့အရေးမို့… နောက်ဆုံး ဆုံးဖြတ်ချက် ပိုင်နိုင်စွာချကာ ဆရာမြို့ကို ပြောင်းရန်ယတိပြတ် ဆုံးဖြတ်လိုက်ရတော့သည်..။
သို့သော် သားလေးအတွက် ရတက်မအေးနိုင်သော အခြေအနေက ဖန်လာပြန်သည်။ ၁၉၈၈-ခုနှစ်၊ အရေးအခင်းသည် ဆရာ့ဆန္ဒကို ရိုက်ချိုး ခြေမွ ဖျက်ဆီးမှု ဆုံးခန်းတိုင် မတွန်းပို့လိုက်ရသော်လည်း ….သားအတွက် ဆရာဝန်ဖြစ်ရန် နောက်ကျခဲ့ပြီ..။ရွာအတွက်လည်း ထိခိုက်ရပြန်သည်။


လောလောဆယ် တည်ငြိမ်စပြု၍ အခြေအနေကောင်းလာပြီး ဆရာလည်း ဆရာ့သူငယ်ချင်းတစ်ယောက် ကောင်းမှုဖြင့် ကုမ္မဏီတစ်ခုတွင် ထိုက်ထိုက်တန်တန် အလုပ်တစ်ခု ရခဲ့သည်။ သားအတွက် အားတက်ရသလို…၊ ကျောင်းတက်လျှင် ပိုမိုအဆင်ပြေစွာ ရှိနိုင်ရေးအတွက် အိမ်အနီးရှိ အလုပ်ရုံတစ်ခုတွင် ၀င်လုပ်ပြန်သည်။ ဆရာသည် သားအတွက်ဆိုလျှင် ရှိသမျှ အလုပ်ကို သူပဲ လုပ်လိုက်ချင်ပါသည်။
အော်….မိဘတို့၏ သားသမီးကောင်းစားရေး လောဘကား မငြိမ်းသတ်နိုင်သော သောကမီးများ ထွန်းညှိတောက်လောင် ခံရမှုကို မိဘတို့ မသိချေ…။

စာစု(၆)

´သားရေ…`
´ဖေဖေ…`
`သားလေး…ဆေးတက္ကသိုလ်(၁)မှာ တက်ခွင့်ရတယ်သားရဲ့..။အခုမှပဲ ဖေဖေသားအတွက် အပူလုံးကြီး ကျသွားတော့တယ် သားရယ်…။
`သားလည်း ဖေဖေ့ ကျေးဇူးကို အမြဲတမ်း လေးစားတန်ဖိုးထားမှာပါ ဖေဖေ`…။
ဆရာစောထူးရယ်ဟာ..သားရဲ့ ချိုသာတဲ့ အာဟာရစကားကို ကြားရတော့ `မစားရ ၀ခမန်း` ဆိုသလိုပဲ …ရင်မှာ ကြည်နူးခြင်းနှင့်အတူ မျှော်လင့်ချက် ဆီမီးအလင်းရောင်လေး တစ်ပိုင်းတစ်စ ထွန်းလင်းလာသလို မြင်လိုက်ရသည့်အတွက် ကျေနပ်ပီတိ ဖြစ်နေမိသည်..။


အော်´သား` ဒါနဲ့…ပါး သားကို စကားတစ်ခွန်း ဆုံးမချင်တယ် ဖိုးခွါး`…
´ဟာ..ပါးကလည်း သားက၊ ပါးစကားကို ဘယ်တုန်းကများ ပစ်ပယ်ခဲ့ဖူးတာ ရှိခဲ့လို့လဲ ပါးရယ်´..။
´တစ်ခွန်းမဟုတ်ဘူး ပါး..၊ အခွန်းတစ်ရာ..၊ အခွန်းတစ်ထောင်လည်း သားက လိုက်နာမှာပါ ပါးရဲ့´..။
ဆရာထူးရယ် သားကို ရင်ခွင်သွင်းကာ ရှုမ၀သော ကြည့်ခြင်းဖြင့် ကြည့်လိုက်မိသည်။

´ပါး..ပြောချင်တာ တစ်ခြားမဟုတ်ဘူး သားရဲ့´..။သားဘ၀မှာ အရေးကြီးဆုံးက ဘာလဲ…။ နောက်ပြီး ပါးတို့ မကျေပြွန်သေးတဲ့ ရပ်ရေး၊ရွာရေး၊ ကျန်းမာရေးကိစ္စတွေကို တာဝန်ကျေပြွန်အောင် ဖြည့်ဆည်းပေးဖို့ တာဝန်ရှိတယ်ဆိုတာ…သားရင်ထဲမှာ အမြဲတမ်း စွဲထင်နေဖို့ပဲ သား….။
´ဒါလား…ပါး…၊ သားက ကျေးဇူးကို ဘယ်တော့မှ မမေ့သလို၊ အပါးဆန္ဒကို သားဘာကြောင့် မဖြည့်ဆည်းနိုင်ရမှာလဲ အပါးရယ်´…။


ဒီလိုစကားမျိုးကြားရတော့ ဆရာထူးရယ်မှာ ဘ၀ကို နစ်မြုပ်အရင်းထုတ်ရတာ …ထိုက်တန်လိုက်တာ ဟု တွေးတောရင်း.. ရောင်ခြည်သစ်နှင့်အတူ လျှောက်လှမ်းချီတက်နိုင်ဖို့ အားသွန်ခွန်စိုက် ကြိုးပမ်းရပေဦးမည်..ဟု သန္ဒိဌာန်ချမိတော့သည်..။

ဆက်လက်ဖော်ပြပါဦးမယ်...။

Oct 22, 2009

နွမ်းလျ အိမ်အပြန်…

ဝတ္ထုလဲာ-တက္ကသိုလ် စောနွယ်

နှစ်ပေါင်းနှစ်ဆယ့်ငါးနှစ် ဆိုတဲ့ကာလဟာ သာမန်အတွေးနဲ့ တွေးကြည့်ရင်..ဟောင်းမြေ့ အိုရင့်နေသယောင် ရှိပေမယ့် ဦးထူးရယ်..အသိမှာတော့ မနေ့ကမှ ဖြစ်ပျက် တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုအဖြစ် တည်နေဆဲပါ…။

ရွှေဖားစည်ကားဂိတ်ဆိုတာက မူလလက်ဟောင်းရှိနေခဲ့တဲ့ ဘားအံ-ရန်ကုန်သွား ခရီးသည်တွေရဲ့ အကျိုးတော်ဆောင် မိတ်ဆွေကောင်းအဖြစ် ဦးထူးရယ် မှတ်သား စွဲရှိနေဆဲပင် မဟုတ်လား။ အခုလည်း ဒီကားဂိတ်ကို ရောက်ခဲ့ပြန်ပြီကော..။ ဒါပေမယ့် ဟိုးအရင်က ရွှေဖားစည်ကားဂိတ်နဲ့ သားလေး စောချမ်းမြေ့ကို ခေါက်တုန့်ခေါက်ပြန်ပို့ရင်း ဆက်နွယ်ခဲ့ရတဲ့ အချိန်တွေဟာ မမေ့နိုင်လောက်အောင် အလွန်ပျော်စရာကောင်းလှပေမယ့်… ဒီတစ်ခေါက် ရွှေဖားစည်ကားဂိတ်ကို ရောက်ခဲ့တာကတော့ နောက်ဆုံး ဖြစ်ချင်ဖြစ်နေမှာ…။

ဘာဖြစ်လို့လဲဆိုတော့ အဘစောထူးရယ် ရန်ကုန်ကနေ ဘားအံမှတစ်ဆင့် သူနေထိုင်ရာ ရွာကလေးတစ်ရွာကို ပြန်ခဲ့တာကိုး…။အပြီးအပိုင်ပြန်လာခဲ့တာပါလို့ သူ့စိတ်ထဲက အလိုလိုသိနှင့်နေတယ်လေ..။ ည(၈း၀၀)နာရီ ထိုးတော့မည်မို့ … အောင်မင်္ဂလာအဝေးပြေးကနေ ကားစထွက်ပေတော့မည်။ သူ့စိတ်က မထင်ပါပဲ.. သူ့သားလေး အလာကို မျှော်လင့်နေဆဲပါ..။
ကားသည် အချိန်စေ့သည်နှင့် ခရီးသည်များ မကျန်ရှိရလေအောင် နှိုးဆော်အသံပြုရင်း လိုရာခရီးကို မောင်းနှင်ထွက်ခွါ့ခဲ့လေပြီ။ ရုတ်တရက် မိုးက သဲကြီးမဲကြီး ရွာချလိုက်ပါ၏..။ယိုစိုးထွက်ကျလာရန် တာစူနေသော အဘစောထူးရယ်၏ မျက်လုံးအစုံမှ အလွမ်းမျက်ရည်များလည်း တာကျိုးသလို ဒရဟော ပြိုဆင်းလာကုန်တော့သည်။ မျှော်လင့်ချက် ရောင်ခြည်သစ်တို့….တကယ်ပဲ ကွယ်ပျောက်သွားတော့မှာလား…
တစ်ထစ်ချ ယုံကြည်ရတော့မှာလား…လို့ အဘစောထူးရယ်၏ စိတ်ထဲတွင် ရေရွတ်မိတော့သည်။

ဆက်ဖတ်ရန်...

စာစု(၁)
စောထူးရယ် အသက်နှစ်ဆယ်မှာ တောကျောင်းဆရာလေး စလုပ်သည်။ သူ…ကလေးတွေကို စာသင်ကြားရတာက မြို့မှ သုံးမိုင်လောက်ဝေးသည့် ခလောက်နို့၊ နိုင်းကြာရွာကလေးတစ်ရွာတွင် ဖြစ်သည်။
ကရင်တိုင်းရင်းသားချည်းနေသော ရွာကလေးဖြစ်တဲ့အတွက် အိမ်ခြေ တစ်ရာကျော်လောက်ပဲ ရှိသည်။ထိုရွာ နံဘေးရှိ၊ လှိုင်ဝါး၊လှိုင်ပုံ၊ မင်္ဂလာရွာသစ်၊ တောင်နား စတဲ့ရွာတွေကို အိမ်ခြေ စုစုပေါင်း ရေတွက်လိုက်လျှင် အိမ်ခြေ လေးငါးရာနီးပါး ရှိလေသည်။သို့တိုင် ထိုစဉ်က နိုင်ကြာမူလတန်းကျောင်း တစ်ကျောင်းသာ ရှိသေးသည်။ ရွာသူ၊ ရွာသားတို့မှာ အေးဆေးရိုးသားကြပြီး လယ်ယာလုပ်ငန်း၊ တောင်ယာလုပ်ငန်းတို့ဖြင့် နှီးဖြာ၊ တောင်းယက်၊ ၀ါးခုတ်ရောင်းခြင်းတို့ဖြင့် အသက်မွေးဝမ်းကျောင်းပြုကြလေသည်။ မြို့နားနီးကြသော်လည်း ဗမာစကားကိုကျွမ်းကျင်စွာ မပြောတတ်ကြချေ။ ပညာတတ်ဟူ၍ ထိုစဉ်က လက်ချိုးရေတွက်၍ပင် ရလောက်သည်။

နိုင်ကြာဘုန်းကြီးကျောင်း ဆရာတော် ဦးဝေပုလ္လဓမ္မ၏ အမြော်အမြင် ဆိုဆုံးမမှုဖြင့်သာ ..။ထိုစဉ်က လှာကဒေါင်းအုပ်စုတွင်း ကျေးရွာငါးရွာ ကိုယ်စားပြု နိုင်ကြာဘုန်းကြီးကျောင်းအတွင်း၌သာ အစိုးရမူလတန်းကျောင်း တစ်ကျောင်းတည်းသာ ရှိခဲ့လေသည်။ ထိုအချိန်အခါကား ၁၉၇၆-ခုနှစ် ကာလဖြစ်ပါသည်။ ထိုကာလသည် အလင်းမပီ၊ အမှောင်မမည်းသော ကာလဖြစ်သည့်အလျောက် စီးပွါးရေး အမြင်မကြည်လင်သောကာလဖြစ်သလို … လူမှုကျန်းမာရေးပညာကအစ မလန်းဆန်းမကြည်လင်သေးသော ကာလဖြစ်ပါသည်။ ထို့ကြောင့် ရွာရှိလူကုန်ပညာရေးကို အားပေးသော်လည်း ၀မ်းရေးမစိုပြေသဖြင့် သားသမီးများ လူတန်းစေ့ကျောင်းထား ပညာသင်ကြားနိုင်ရေးကို အတော်လေး လုံးပန်းကြိုးစားရသော ကာလလည်းဖြစ်ပါသည်။

စာစု(၂)

ဝေ့….ဆရာလေး…
တစ်နေ့သော မိုးရာသီ ကျောင်းဖွင့်စ ကာလဖြစ်ပါသည်။ မျှစ်ပလိုင်းကို အပြည့်လွယ်မရင်း.. ကလေးတစ်ယောက်ကို လက်စွဲကာ စာသင်ကျောင်းသို့ ရောက်လာသော အမျိုးသမီးတစ်ယောက်၏ ခေါ်သံကြောင့် … ဆရာထူးရယ် မျက်လုံးများ ပြူးကျယ်သွားလေသည်..။အော်…အနော ပါလား..။ဘာလိုလို့လဲဝေ့….၊ ဆရာထူးရယ်က စောစောက အသံပြုလာသော ကလေးအမေကို ကြိုဆိုလိုက်လေသည်။

ငါ့သားလေးက ကျောင်းနေချင်တယ်..၊ ငါကလည်း သူ့ကို စာတွေအများကြီး တတ်စေချင်တယ်…၊ ငါတို့က ဆင်းရဲတယ်လေ။ သူ့အဖေက လေဖြတ်ခံထားရတယ်..။ ငါ့သားလေးအတွက် အားကြီးစိတ်မကောင်းဖြစ်ရတယ်..ဝေ့..။ တကယ်လည်း သူတို့ဘ၀က ခါးစည်း ၀တ်လဲ ချုပ်စပ်ပြဲနှင့်ဖြစ်၏။ သို့သော် လူကဆင်းရဲသော်လည်း သားသမီးက ရေတွက်မနိုင်အောင် စီးပွါးလှသည်။ ဆံထုံးတော်ကြီး တမာသီးနှင့်ဖြစ်သည်..။ထိုအချိန်က ဆရာစောထူးရယ်မှာ မူလတန်းပြတာဝန်ယူ၍ ပညာ့ဝန်ကို ထမ်းဆောင်နေပြီး ဖြစ်သည်။ ဆရာထူးရယ်…. ထိုကလေး လေးကို နိုင်ကြာဆရာတော်၏ခွင့်ပြုချက်ဖြင့် မွေးစားလိုက်သည်။ထိုအချိန်မှစ၍ လူပျိုကြီး ကလေးအဖေရာထူးကို တိုးမြင့်ရက်သား ဖြစ်သွားသည်။

မိဘများနှင့် အတူနေစဉ်က ကလေးမှာ ကျောင်းတက်မပျင်း၊ ပညာသင်လိုစိတ်ပြင်းပြသော်လည်း ကျောက်သင်ပုန်းမ၀ယ်နိုင်…။ဗလာစာအုပ်ဆိုတာ ကိုင်ဖူးတယ်မရှိဟု မဆိုရက်သော အခြေအနေတွင် ရှိသည်။
ကျောင်းစိမ်းလုံချည်နှင့် အင်္ကျီဖြူသည် ကျောင်းသား ၊ကျောင်းသူများ ၀တ်ဆင်ရမည်ဟု သတ်မှတ်ချက်ထားရှိသော်လည်း ကျောင်းဝတ်စုံသည် ထိုကလေး၏ ကိုယ်ပေါ်သို့ မကပ်နိုင်..။ လုံခြုံ၍ လူမြင်ကောင်းရုံ၊ ဆိုလောက်ရုံသာ ဘောင်းဘီတို ၀တ်စုံပေါ် လက်ချုပ်အိမ်အဖြစ် စွပ်ကျယ်အင်္ကျီ တစ်ထည်သည နှစ်လုံးပေါက် စိုးမိုးထားသည်ကို မှတ်မိနေသည်..။ဖတ်သီ ဖတ်သီ မိသားစု ဘ၀အခြေအနေကို ဆရာကြီးက သတိထားမိသည်။သည်အခါ ထိုမျက်နှာမွဲ ကလေးအပေါ်၌ ဆရာကြီးသည် အကြင်နာပိုခဲ့ရသည်။ မနေထိ မထိုင်သာ ဆရာကြီး စိတ်ထိခိုက်ခဲ့ရသည်ဖြစ်ရာ….။ကလေး၏ ဘ၀တစ်ခုလုံးကို တာဝန်ယူရန် ဆရာတော်အား အသိပေး၍ ကလေးမိဘနှစ်ပါးထံ မွေးစားခွင့်ပြုရန် ခွင့်ပန်ခဲ့လေသည်။

တကယ့်ဆရာစေတနာက အရိုးပေါ် အရွက်မဖုံးစေချင်သည့် ကျောက်ရိုင်းတစ်ပွင့်ကို အရည်သွေးလိုသော စိတ်ရင်းကောင်းဖြင့် စေတနာကို မတည်လိုက်ခြင်းဖြစ်လေသည်..။ဆရာ့ဆန္ဒက… အနာဂတ်အတွက် လူမွန်လူချွန်တစ်ယောက် ပေါ်ထွန်းလာရေး၊ ပညာတတ်လူငယ်တစ်ယောက်အဖြစ်၊ ရပ်ရွာအတွက် အားကိုးအားထားပြုလောက်သော အမျိုးကောင်းသားတစ်ယောက် ပေါ်ထွန်းလာရေး..ဟူသော မျှော်လင့်ချက်တို့ဖြင့် အုဌ်မြစ်ချ ဆန္ဒအရင်း တည်ခဲ့ခြင်းသာ ဖြစ်ပါသည်…။

ဆက်လက်ဖော်ပြပါဦးမည်...။

Jan 6, 2009

ပုစဉ်းရင်ကွဲ ချစ်ပုံပြင်

အေးချမ်းတဲ့ မြို့လေးတစ်မြို့မှာ တစ်ဦးကိုတစ်ဦး အရမ်းချစ်ကြတဲ့
ချစ်သူနှစ်ဦးရှိတယ်။ သူတို့ဟာ အမြဲမခွါ တစ်တွဲတွဲပဲ နေ့တိုင်း
ပင်လယ်ဘေးကို သွားပြီး နေထွက်၊ နေ၀င်ချိန်ကို သွားကြည့်ကြတယ်။ သူတို့က
မြင်သူတကာ အားကျတဲ့ စုံတွဲလေးပါ။

ဒါပေမဲ့ တစ်နေ့မှာ မတော်တဆ ကားတိုက်မှုကြောင့် ကောင်မလေး အပြင်းအထန်
ထိခိုက်ဒဏ်ရာ ရပြီး မေ့မျှောသွားခဲ့တယ်။ အိပ်ရာထဲမှာပဲ ငြိမ်သက်စွာ
လဲလျောင်းနေရတယ်။ နေ့ဖက်ဆိုရင် ကောင်လေးက ကောင်မလေးနားမှာနေပြီး
သူ့နာမည်ကို တတွတ်တွတ် ရွတ်ခေါ်တယ်။ ညဖက်ဆိုရင် ဘုရားကျောင်းသွားပြီး
ကောင်မလေး ကျန်းမာလာစေဖို့ ဘုရားသခင်ထံ ဆုတောင်းတယ်။ အချိန်တွေ တဖြေးဖြေး
ကုန်လွန်သွားခဲ့ပြီး ကောင်လေးခမျာ ငိုရလွန်းလို့ မျက်ရည်တွေတောင်
ခမ်းလုနီးနေပြီ။ ကောင်မလေးက မေ့မျှောနေဆဲပဲ။ ဒါပေမဲ့ ကောင်လေး
လက်မလျှော့ခဲ့ဘူး။ ဘုရားသခင်ထံ ဆုတောင်းမြဲ ဆုတောင်းတယ်။

ဒီလိုနဲ့ တစ်ညမှာ ဘုရားသခင်က ကောင်လေးရဲ့ မလျှော့တဲ့ ဇွဲနဲ့
ကောင်မလေးအပေါ်ထားတဲ့ မေတ္တာတရားကြောင့် သူ့အပေါ် သနားသက်ဝင်ပြီး
မျှော်လင့်ချက် တစ်ခုပေးလိုက်တယ်။ ဘုရားသခင်က ကောင်လေးကို " ကောင်မလေးရဲ့
အသက်ကို ကိုယ့်ဘ၀နဲ့ လှဲလှယ်နိုင်မလား" လို့ မေးတယ်။ ကောင်လေးက
တွေဝေမနေဘဲ လှဲလှယ်နိုင်ကြောင်း ချက်ချင်းပြန်ဖြေတယ်။

"ဒါဆိုကောင်းပြီ။ ကောင်မလေး အမြန်နှိုးလာဖို့ အသင် ပုစဉ်းဘ၀နဲ့
သုံးနှစ်အသွင်ပြောင်းရမယ်။ သဘောတူနိုင်လား" လို့ ဘုရားသခင်က မေးပြန်တယ်။
ကောင်လေးက မဆိုင်းမတွဘဲ သဘောတူကြောင်း ချက်ချင်း ပြန်ဖြေလိုက်တယ်။

မိုးလင်းတာနဲ့ ကောင်လေးဟာ ပုစဉ်းတစ်ကောင် အသွင်ပြောင်းသွားခဲ့တယ်။
ပုစဉ်းလေးက ဆေးရုံဖက်ကို အလျှင်အမြန် ပျံလာတယ်။ လူနာခန်းထဲ ၀င်ကြည့်တော့
ကောင်မလေးက နှိုးနေပြီး ဆရာဝန်တစ်ဦးနဲ့ စကားပြောနေတာကို တွေ့တယ်။
သူတို့ပြောနေတာတွေကို ပုစဉ်းက မကြားရဘူး။ တစ်ပတ်၊ နှစ်ပတ်နေတော့
ကောင်မလေး ကျန်းမာလာပြီး ဆေးရုံက ဆင်းခဲ့တယ်။ ဒါပေမဲ့ သူမပျော်ဘူး။
နေရာအနှံ့ ကောင်လေးကို လိုက်စုံစမ်းတယ်၊ လိုက်ရှာတယ်။ ကောင်လေး
ဘယ်ပျောက်သွားမှန်း ဘယ်သူမှ မသိကြဘူး။ ကောင်လေးက ပုစဉ်းအသွင်နဲ့
ကောင်မလေးဘေးမှာ ရစ်ဝဲ ပျံသန်းနေပေမဲ့ ကောင်မလေးကို သူခေါ်လို့ မရဘူး။
ပွေ့ဖက်လို့ မရဘူး။ ကောင်မလေးကိုပဲ ငေးစိုက်ကြည့်နေခဲ့ရတယ်။

ဒီလိုနဲ့ နွေရက်တွေ တဖြေးဖြေး ကုန်လွန်ပြီး ဆောင်းဦးကို ရောက်လာခဲ့တယ်။
ဆောင်းလေညင်းတွေကြောင့် သစ်ရွက်တွေ တဖြုတ်ဖြုတ် ကြွေကုန်တယ်။ ပုစဉ်း
ဒီနေရာက ခွာရတော့မယ်။ နောက်ဆုံးအကြိမ်အဖြင့် ကောင်မလေးရဲ့
ပုခုံးထက်နားကို သူအရဲစွန့်ပြီး သွားနားလိုက်တယ်။ နူးညံ့တဲ့ တောင်ပံနဲ့
ကောင်မလေးရဲ့ ပါးပြင်ကို ထိလိုက်တယ်။ သေးငယ်တဲ့ ပါးစပ်နဲ့ ကောင်မလေးရဲ့
ပုခုံးသားကို ရှိုက်နမ်းလိုက်တယ်။ ကောင်မလေး သတိမထားမိခင်မှာ သူတိတ်တဆိတ်
ထပျံလာခဲ့တယ်။

မျက်စိတမှိတ်အတွင်းမှာပဲ နွေဦးရာသီကို ရောက်လာခဲ့တယ်။ နွေရောက်တာနဲ့
ချက်ချင်းပဲ ပုစဉ်းဟာ ကောင်မလေးနားကို အရောက်ပျံသန်းလာခဲ့တယ်။ ဒါပေမဲ့
သူရင်းနှီးတဲ့ ကောင်မလေးရဲ့ဘေးမှာ ခန့်ညားတဲ့ သူစိမ်းကောင်လေးတစ်ယောက်ကို
သူ တွေ့လိုက်တော့ ပျံသန်းနေတဲ့ သူ့တောင်ပံတွေ လေဟာနယ် တ၀က်တပျက်မှာ
အရပ်တန့်ခံလိုက်ရတယ်။

လူတွေက ကောင်မလေး ကားတိုက်ခံရတာ ဒဏ်ရာတွေ ဘယ်လောက် ပြင်းထန်ကြောင်း၊
ဒဏ်ရာတွေကို ကုသပေးတဲ့ ဆရာဝန်ဟာ ကောင်မလေးအပေါ် ဘယ်လောက် ဂရုစိုက်ကြောင်း၊
သူတို့ရဲ့ အချစ်တွေက စံတင်ထိုက်တဲ့အကြောင်း၊ ကောင်မလေး ဘ၀က အရင်လို
ပျော်ရွှင်ချမ်းမြေ့ နေပြီဖြစ်တဲ့အကြောင်း ပြောသံတွေကို
ပုစဉ်းကြားလိုက်ရတယ်။ ပုစဉ်း ရင်ကွဲရပြန်တယ်။ ဆရာဝန်ကောင်လေးနဲ့
ကောင်မလေး ပင်လယ်ဘေးသွားပြီး နေ၀င်၊ နေထွက်ကြည့်တာကို သူအမြဲတွေ့နေရပေမဲ့
တစ်ခါတလေ ကောင်မလေးရဲ့ ပုခုံးထက်မှာ ခဏသွားနားတာကလွဲလို့ သူဘာမှ
မတတ်နိုင်ခဲ့ဘူး။

ပုစဉ်းလေးဟာ ရင်ထဲက ဝေဒနာတွေကို ကြိတ်မှိတ်ခံစားရင် ဒီနှစ်နွေဟာ
ခါတိုင်းနွေထက် ပိုရှည်လျှားနေတယ်လို့ ထင်မိတယ်။ ကောင်မလေးနားမှာ
ရစ်ဝဲပျံသန်းဖို့လည်း သူမှာ ခွန်အားတွေ ဆုတ်လျော့နေတယ်။
ဆရာဝန်ကောင်လေးနဲ့ ကောင်မလေးရဲ့ တီးတိုးစကားပြောသံနဲ့ ရယ်သံတွေက သူ့ကို
အသက်ရှုကျပ်စေတယ်။

သုံးနှစ်မြောက် နွေရာသီမှာတော့ ပုစဉ်းဟာ ကောင်မလေးကို ခဏခဏ
သွားမကြည့်တော့ဘူး။ သူနားနေကျ ကောင်မလေးရဲ့ ပုခုံးကို ဆရာဝန်ကောင်လေးက
တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားတယ်။ သူ့တောင်ပံနဲ့ ထိနေကျ ကောင်မလေးရဲ့
ပါးပြင်ဟာလည်း ဆရာဝန်ကောင်လေးက တယုတယနမ်းနေတယ်။ ပုစဉ်းရင်ကွဲတစ်ကောင်က
သူ့တို့ဘေးမှာ ရစ်ဝဲနေတယ်ဆိုတာကို ချစ်တင်းနှောပြီး ကြည်နှုးနေတဲ့
သူတို့နှစ်ယောက် သတိထားမိမှာ မဟုတ်ဘူး။ ကောင်မလေးကလည်း အတိတ်ဆိုတာကို
လုံးဝ သတိမေ့သွားခဲ့ပြီလေ။

သတ်မှတ်ထားတဲ့ (၃)နှစ်ဆိုတဲ့ အချိန်ကိုရောက်ဖို့ တစ်ရက်အလိုမှာ
ကောင်မလေးနဲ့ ဆရာဝန်ကောင်လေးတို့ လက်ထပ်လိုက်ကြတယ်။ ဘုရားကျောင်းထဲ
သူပျံဝင်ပြီး ကောင်မလေးရဲ့ ပုခုံးထက်မှာ နားလိုက်တယ်။ ကောင်မလေးနဲ့
ဆရာဝန်ကောင်လေးရဲ့ ဘုရားသခင်ထံ သစ္စာခံယူနေတဲ့ အသံကို သူကြားလိုက်တယ်။
ဆရာဝန်ကောင်လေးက ကောင်မလေးရဲ့ လက်ကို လက်ထပ်လက်စွပ် စွပ်ပေးပြီး
နမ်းလိုက်တာကို သူငေးကြည့်နေမိတယ်။ သူ့ပါးပြင်ငယ်ပေါ်မှာ မျက်ရည်တွေ
စီးကျလာခဲ့တယ်။

"အသင် နောင်တရပြီလား" ဘုရားသခင်က ပုစဉ်းကို မေးတယ်။
"နောင်တ လုံးဝမရပါဘူး" မျက်ရည်တွေကို သုတ်ရင်း သူပြန်ဖြေတယ်။
"မနက်ဖြန်ဆို လူ့ဘ၀အသွင် ပြောင်းလို့ရပြီ" ဘုရားသခင်က ပြောတော့ ပုစဉ်းက
ခေါင်းခါပြီး "ပုစဉ်းအဖြစ်နဲ့ ကျွန်တော်တစ်သက်လုံး နေပါရစေတော့။
တစ်ချို့ကံတရားက လက်လွတ်ဆုံးရှုံးဖို့ စီရင်လာပြီးသားပါ။ တစ်ချို့ဖူးစာက
ပေါင်းစပ်ဖို့ ကံပါမလာခဲ့ဘူး။ လူတစ်ယောက်ကို ချစ်တာ ရယူပိုင်ဆိုင်မှ
မဟုတ်ပါဘူး။ ဒါပေမဲ့ လူတစ်ယောက်ကို ရယူပိုင်ဆိုင်ပြီးရင်တော့
ကောင်းကောင်း တန်ဖိုးထား ချစ်တတ်ရမယ်"

သင့်ရဲ့ ပုခုံးပေါ်မှာရော ပုစဉ်းလေးတစ်ကောင် နားခဲ့ဖူးသလား....?
သင်ကော ပုစဉ်းလေးတစ်ကောင် ဖြစ်ခဲ့ဖူးသလား......?
ရယူပိုင်ဆိုင်ခြင်းမပါတဲ့ ပေးဆပ်ခြင်းသက်သက် အချစ်မျိုးနဲ့ ချစ်ခဲ့ပြီး ခွင့်လွတ်နားလည်ခြင်းနဲ့
ချစ်ရသူကို စွန့်လွတ်ခဲ့ပါတယ်။ကောင်မလေးကတော့ ကောင်လေးချစ်သူရဲ့သူမအပေါ်ထားတဲ့
ချစ်ခြင်းမေတ္တာ အစစ်အမှန်ကို မသိလိုက်ရှာပါဘူး။ဒါကြောင့် လူတိုင်းချစ်သူနဲ့ ကင်းကွာရခြင်းဒုက္ခမှ
ကင်းဝေးပြီး ချစ်သူတိုင်း ညားကြပါစေ………….။

Dec 29, 2008

အနာဂတ်ကို ကြိုမြင်သူ……

နက်စ်ရက်ဒင်ဟာ သူ့ရဲ့ဥယျာဉ်မှာ သစ်ပင်ပေါ်တက်ပြီးတော့ သစ်ကိုင်းတွေကို ဖြတ်နေပါတယ်။ အဲဒီအချိန်မှာ လမ်းသွားလမ်းလာ တစ်ယောက်က သူ့ကိုတွေ့မြင်သွားပြီး … ဟေ့လူ…ခင်ဗျား သစ်ကိုင်းကို အဲဒီလို မဖြတ်နဲ့၊ ခင်ဗျား ဒီလိုသာ ဆက်ဖြတ်နေရင် အောက်ကိုပြုတ်ကျလိမ့်မယ်. လို့ ပြောလိုက်သတဲ့.။
သူ့ကို ဘာကြောင့် အဲဒီလိုပြောလိုက်တာလဲဆိုရင် သူသစ်ကိုင်းဖြတ်ပုံက ကိုးယိုးကားယားနိုင်ပြီးတော့ သစ်ပင်ရဲ့ ပင်စည်ဘက်ကို မနေဘဲ သစ်ပင်ရဲ့ အကိုင်းဖျားဘက်ကို ခွထိုင်ပြီး ဖြတ်နေလို့ပါပဲ..။
နက်စ်ရက်ဒင်က ဘာမပြနှ်မပြောဘဲ သူက ဒီလိုညည်းညူလိုက်သေးတယ်…ဒီလူဟာ အလုပ်မလုပ်ဘဲ သူများရဲ့ အပြစ်တွေကို လိုက်ပြောတဲ့ တော်တော်မိုက်မဲတဲ့လူပဲ..၊ဘယ်သူက အလုပ်လုပ်ပြီး..ဘယ်သူက အလုပ်မလုပ်ဘူးဆိုတာ အခြားလူတွေကို သွားပြောပါလား….တဲ့။ မကြာခင် မိနစ်ပိုင်းမှာပဲ နက်စ်ရက်ဒင်က သစ်ကိုင်းနဲ့တကွ အောက်ကို ပြုတ်ကျပါလေရော…. အိုမိုင်ဂေါ့…လို့ အော်ပြီး ထိုင်ငိုတော့တာပဲ…။
နောက် သူက ကမန်းကတန်းထပြီး....ဟာ...ဒီလူက အနာဂတ်ကို ကြိုသိတဲ့လူပဲ..ငါပြုတ်ကျမယ်ဆိုတာ ကြိုသိနေတယ်.. .ငါ ဘယ်လောက်ကြာကြာ အသက်ရှည်နေရဦးမလဲဆိုတာ သူ့ကို သွားမေးဦးမှပဲ ဆိုပြီး လိုက်သွားပေမဲ့လည်း ဟိုလူက မရှိတော့ပါဘူး…..။
Intermediate story for reproduction(1) မှ ဆီလျော်အောင် ပြန်ဆိုပါသည်..။

Dec 16, 2008

စိတ်လိုက် မာန်ပါ....

ဟိုးရှေးရှေးတုန်းက အင်မတန်မှ စိတ်တိုစိတ်ဆတ်တဲ့ ကောင်လေးတစ်ယောက်

ရှိသတဲ့။ တစ်နေ့ကျတော့ သူ့အဖေက ကောင်လေးကို
အိမ်ရိုက်သံတစ်ထုပ်ပေးလိုက်ပြီး ပြောပါတော့တယ်။ မင်း တစ်ခါစိတ်တိုတိုင်း
သံတစ်ချောင်းကို နောက်ဖေးက ၀င်းထရံတိုင်မှာ သွားရိုက်ချေကွာတဲ့။

အဖေက အဲ့ဒီလိုပြောပြီး သံထုပ်ကိုပေးလိုက်တဲ့ ပထမနေ့မှာ ကောင်လေးဟာ
ဝင်းထရံတိုင်မှာ သံပေါင်း ၃၇ချောင်းရိုက်သွင်းဖြစ်သွားတယ်။ အဲဒီလိုနဲ့
သူစိတ်တိုတိုင်း သံလေးတွေကို ၀င်းထရံမှာ ရိုက်ရင်းရိုက်ရင်း ကောင်လေးဟာ
သူစိတ်သူထိန်းနိုင်လာသတဲ့။ သံရိုက်ချက်တွေဟာလည်း တစ်နေ့ထက်တစ်နေ့
ကျဲလာခဲ့တယ်။ ဒီလိုနဲ့ကောင်လေးဟာ ၀င်းထရံမှာ သံပြေးရိုက်တာထက်စာရင်
ဒေါသဖြစ်နေတဲ့စိတ်ကို ထိန်းရတာပိုလွယ်လာမှန်း သဘောပေါက်လာတော့တယ်။

အဆုံးမှာ ကောင်လေးဟာ စိတ်မတိုပဲနေနိုင်တဲ့နေကို ရောက်လာရော။
ကောင်လေးကပြေးပြီး သူအဖေကို သတင်းသွားပို့တယ်.. အဖေရေ.. သားတော့ စိတ်ကို
ထိန်းနိုင်သွားပြီဗျ..
အဲ့ဒီလိုကျတော့ သူအဖေက တစ်မျိုးခိုင်းပြန်ရော.. မင်းကိုယ်မင်း
ဒေါသမဖြစ်အောင် တစ်နေကုန်ထိန်းနိုင်ပြီဆိုတာနဲ့ အဲ့ဒီသံတွေကို
ပြန်နှုတ်ဦးကွာ။ တစ်နေ့ ထိန်း နိုင်ရင် ညအိပ်ခါနီး တစ်ချောင်းနှုန်းနဲ့
နှုတ်နော်လို့ မှာလိုက်သတဲ့။ ရက်တွေကြာလာတော့ ကောင်လေးက သူအဖေကို
ပြောနိုင်သွားတယ်။ အဖေရေ.. သားရိုက်ခဲ့တဲ့ သံတွေအားလုံးကို နှုတ်ပြီး
သွားပြီ တစ်ချောင်းမှ မကျန်တော့ဘူး။

သည်အခါအဖေလုပ်တဲ့သူက သားရဲ့လက်ကိုဆွဲပြီး သားရိုက်ခဲ့တဲ့ဝင်းထရံဆီကို
ခေါ်သွားတယ်။ တော်တယ်ငါ့သား လို့လည်းဆိုတယ်။ ဒါပေမယ့် သား သေချာကြည့်စမ်း။
ဝင်းထရံတိုင်မှာ အပေါက်တွေဖြစ်ကျန်ခဲ့တယ်နော်။ ဒီဝင်းထရံတိုင်တွေက
အရင်တုန်းကလို ချောချောမွေ့မွေ့မဟုတ်တော့ဘူး ဆိုတာ သားမြင်တယ် မဟုတ်လား။
အေး.. သားကစိတ်တိုတိုနဲ့ ပါးစပ်ကပြောချလိုက်တဲ့အခါ
တစ်ဖက်သားဆိုတဲ့ဝင်းထရံတိုင်မှာ အခုလိုအမာရွတ်တွေထင်ကျန်ရစ်ခဲ့တတ်တယ်
သားရယ်။
အဲ့ဒီလိုပဲလူတစ်ယောက်ကို သားကဓါးနဲ့ထိုးလိုက်တယ်။
ပြီးရင်ဓါးပြန်နှုတ်ပြီး ရှိခိုးတောင်းပန်တယ်ဆိုပါစို့။
သားဘယ်နှစ်ခါပဲရှိခိုးတောင်းပန်ပါစေ။ ဒဏ်ရာနဲ့ အမာရွတ်ကတော့
မလွဲမသွေကျန်ခဲ့မှာပဲ ငါ့သားရယ်..တဲ့။
တကယ်တော့ မိတ်ဆွေသူငယ်ချင်းတွေဆိုတာ အဖိုးတန်တဲ့ရတနာတွေပါပဲ။ သူတို့ဟာ
ငါတို့တွေကို ပျော်ရွှင်ရယ်မောစေတယ်။ အားပေးကူညီတယ်။ ဒုက္ခ၊သုခတွေကိုလည်း
မျှဝေခံစားကြတယ်။ ရင်ဖွင့်သမျှကို ဂရုစိုက်နားထောင်ပေးတယ်။
ဒါကြောင့်တစ်ခုခုဆိုစိတ်လိုက်မာန်ပါမလုပ်နဲ့။ သူတို့ကိ
ုသံနှုတ်ရာကျန်ခဲ့တဲ့ ၀င်းထရံတွေအဖြစ်မရောက်ပါစေနဲ့။
ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေကို ကိုယ်က ဘယ်လောက်ဂရုစိုက်ကြောင်း
သူတို့ကိုလည်း သူတို့ရဲ့ မိတ်ဆွေတွေအပေါ်
ဂရုစိုက်လာအောင်လုပ်ပေးသင့်ကြောင်းပြောကြားပေးပါ။ ဒါကြောင့်ကိုယ်တိုင်က
သူငယ်ချင်းကောင်း မိတ်ဆွေကောင်းအဖြစ် သတ်မှတ်ထားတဲ့သူတွေဆီကို
ဒီပုံပြင်လေးကို လက်ဆင့်ကမ်းပါ။ ယုတ်စွဆုံး ဒီစာလေးကို ပို့လိုက်တဲ့သူဆီ
ဒီအတိုင်းပြန်ပို့နိုင်ပါသေးတယ်။ ကိုယ်ပို့လိုက်တဲ့စာ ကိုယ့်ဆီ
ပြန်ရောက်လာရင် ကိုယ့်မှာ မိတ်ဆွေကောင်းတွေရှိနေတာကို
အလိုလိုခံစားနိုင်မှာပါ။

ဒီစာအုပ်နာမည်က နေပျော်တဲ့ဘ၀ ကြည်မြတဲ့ဘ၀င် ရွှင်လန်းတဲ့စိတ် ဖြစ်ပါတယ်။
ရေးတဲ့သူက ဆရာအတ္တကျော်ပါ။

Dec 13, 2008

စနေနေ့မှာ ခရီးသွားနေရလို့…….

မစ်(စ်) ရော်ဘင်ဆင်ဟာ အမြဲလိုလို မနာမကျန်း မပျော်မရွှင် ဖြစ်ပုံရတယ်။ သူမဟာ မကြာခဏ ခေါင်းကိုက်ပြီးတော့ ဆေးသောက်သော်လည်း ပိုမကောင်းလာပါဘူး။နောက်ဆုံးတော့ သူမရဲ့ မောင်တော်က အကောင်းဆုံး ဆရာဝန်ဆီကို သွားပြရတဲ့ အထိပါပဲ..။
အဲဒီမှာ ဆရာဝန်က သူမကို သေသေချာချာ စစ်ဆေးပြီးတော့ မေးခွန်းတွေ အများကြီး မေးသွားပါတယ်..နောက်..ဆရာဝန်က ရုတ်တရက် သူမရဲ့ ပါးနှစ်ဘက်ကို ဘယ်ညာ နမ်းလိုက်တယ်..။
အဲဒီ ခဏမှာပဲ သူမက နေကောင်းသွားပြီးတော့ ပျော်ရွှင်လာပါတယ်.. တွေ့လား…ဒါတွေအားလုံးဟာ သူမလိုအပ်တဲ့ အရာတွေပါပဲ..လို့ ဆရာဝန်က သူမရဲ့ ယောင်္ကျားကို ပြောလိုက်တယ်။
ဆရာဝန်က ..ငါ အကြံပေးချင်တာက ..အင်္ဂါနေ့..သောကြာနေ့ နဲ့ စနေနေ့တိုင်းမှာ ဒီလို အလားတူ ပုံစံမျိုး မင်းဖြည့်ဆည်းပေးရမယ်..လို့ ဆရာဝန်က ပြုံးစိပြုံးစိ ပြောလိုက်တယ်…။ မစ္စတာ… ရော်ဘင်ဆင်က ကောင်းပါပြီ….အင်္ဂါနေ့နဲ့ သောကြာနေ့တွေကိုတော့ ဖြစ်ပါတယ်…။ ဒါပေမယ့် စနေနေ့ကိုတော့ ကျွန်တော် အမြဲတမ်း ရွက်လွှင့်သွားနေရလို့ပါ..တဲ့…။
Intermediate stories for reproduction ..စာအုပ်မှ ဆီလျော်အောင်ပြန်ဆိုပါသည်.