Showing posts with label ဆ်ုအှ်ဆံင်းခႜါင့်ဟှင်. Show all posts
Showing posts with label ဆ်ုအှ်ဆံင်းခႜါင့်ဟှင်. Show all posts

May 14, 2009

ဗီးစပ်ရွက်သောက်သုံးသည့် အေအိုင်ဒီအက်စ် ဝေဒနာရှင်များ အသက်အန္တရာယ်ကြီးမား

ရောဂါ၏ နောက်ဆုံးအခြေအနေဖြင့် ဆေးရုံသို့ ရောက်ရှိလာသော အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ဝေဒနာရှင်တို့တွင် ဆေးမြီးတို ဗီးစပ်ရွက်အလွန်အကျွံသောက်သုံးထားသည့် လက္ခဏာများကို တွေ့ရှိရကြောင်း အိပ်ခ်ျအိုင်ဗွီ အထူးကုဆေးရုံကြီး (မင်္ဂလာဒုံ) မှ ဆရာဝန်တဦးက ပြောကြားသည်။

“ပြီးခဲ့တဲ့လက ဝေဒနာရှင်တဦး ဆေးရုံရောက်လာတယ်။ အိပ်ခ်ျအိုင်ဗွီပိုးတွေ့ရှိ သက်တမ်းထက် ဝေဒနာဆိုးဝါးနေပြီး အသားအရေတွေ ကွဲအက်လန်ထွက်နေတာကို တွေ့ရတယ်။ ဗီးစပ်ရွက်ကို လအတန်ကြာ သောက်သုံးခဲ့တာ ကြောင့် အိပ်ခ်ျအိုင်ဗွီရဲ့ ဆက်စပ်ရောဂါတခု ဖြစ်တဲ့ အရေပြားပျက်စီးမှု ဒီလောက်မြန်ဆန်သွားရတာဖြစ်တယ်” ဟု ၎င်းကပြောသည်။

အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိပြီး ဗီးစပ်ရွက် သတ္တုရည်သောက်သုံးသူ ဝေဒနာရှင် အများစုမှာ နယ်မှဖြစ်ကြကြောင်း၊ အချို့မှာ ARV ဆေးစားသုံးသည့် အဆင့်မရောက်မီပင် သေဆုံးနေကြကြောင်း အဆိုပါဆရာဝန်က ပြောသည်။

မင်္ဂလာဒုံအထူးကုဆေးရုံကြီး၌ တက်ရောက်ကုသနေသော ဗီးစပ်ရွက် သောက်သုံးလာသူ ပုပ္ပားဘက်မှ ဝေဒနာရှင် တဦးသည် ARV ဆေးသောက်သုံးသဖြင့် အသက်ရှင်ခွင့်ရလိုက်သော်လည်း အဆက်မပြတ် သွေးသွင်းနေရကြောင်း၊ သွေးသွင်းရသည့် အကြောင်းရင်း ရောဂါဇစ်မြစ်ကို ဆရာဝန်ကြီးများ ရှာမရဖြစ်နေကြောင်း သိရသည်။


မင်္ဂလာဒုံ အထူးကုဆေးရုံကြီး၌ ဗီးစပ်ရွက်ဆိုင်ရာ စစ်ဆေးတွေ့ရှိချက်များနှင့် ဗီးစပ်ရွက် သောက်သုံးခြင်း၏ ဘေးထွက်ဆိုးကျိုးများကို ကျန်းမာရေးဦးစီးဌာနမှ ရုပ်ပုံကားချပ်ကြီးများဖြင့် ပုံနှိပ်ဖော်ပြထားသည်ကို တွေ့ရသည်။

ဗီးစပ်ရွက်သည် အသည်းကို အဓိကထား ဖျက်ဆီးခြင်းကြောင့် တနေကုန် အဖျားတက်ခြင်း၊ မျက်စိအမြဲဝါနေသော အသည်းပျက်စီးသည့် လက္ခဏာများကို ဖြစ်ပေါ်စေကြောင်း သိရသည်။

“အေအိုင်ဒီအက်စ်ရောဂါကို ဗီးစပ်ရွက်သောက်ရင် ပျောက်တယ်ဆိုပြီး ကယားပြည်နယ်က မအေးအေးယဉ် အကြောင်း ပေါ်ပြူလာဂျာနယ်မှာ ဖတ်လိုက်ရတယ်။ ဖုန်းနံပါတ်လည်း ပါလို့ ဖုန်းဆက်လှမ်းမေးကြည့်မှ မအေးအေးယဉ် ကွယ်လွန်တာ (၃) နှစ်လောက်ရှိပြီဆိုတာ သိရတယ်” ဟု ဝေဘာဂီဆေးရုံရောက် အေအိုင်ဒီအက်စ်ဝေဒနာရှင်တဦးက ပြောသည်။

အိပ်ခ်ျအိုင်ဗွီ ကာကွယ်ရေး၊ ပညာပေးမှု ဆောင်ရွက်နေသူတဦးကမူ “မြန်မာပြည်မှာ အစိုးရရဲ့ တာဝန်မဲ့မှုကြောင့် သေရတာတွေရယ်၊ ခပ်ကြောင်ကြောင် ဆေးမြီးတိုတွေကြောင့် သေရတာတွေရယ်နဲ့ ခုလို သေဆုံးနှုန်း မြင့်နေရတာ” ဟု ပြောသည်။
ခေတ်ပြိုင်ဂျာနယ်မှ ကူးယူဖော်ပြသည်။