Jan 23, 2009

မျိုးဆက်သစ်တို့ အတုယူရမည့် သူတစ်ဦး

ကျွန်တော် ဥပဒေဘာသာရပ်အထူးပြုနဲ့ ပုသိမ်တက္ကသိုလ်မှာ တက်ရောက်ပညာသင်ကြားခွင့်ရခဲ့တာ အခုစာသင်နှစ်နဲ့ဆိုရင်သုံးနှစ်ရှိခဲ့ပြီ။တိုက်ဆိုင်စွာပဲ ပုသိမ်တက္ကသိုလ်ကျောင်းတော်ကြီးရဲ့သက်တမ်းဟာလည်း နှစ်ငါးဆယ်ပြည့်လို့ ရွှေရတုတိုင်ခဲ့ပြီ။ ပုသိမ်မှာ ကျောင်းသားဘ၀နဲ့ကျင်လည်ခဲ့ရတဲ့ သုံးနှစ်တာကာလအတွင်းမှာ ပုသိမ်ရဲ့ အထင်ကရနေရာတော်တော်များများကိုလည်း ရောက်ဖူးခဲ့ပြီ။ ဒီအထဲက မှတ်မှတ်ရရဖြစ်မိတာက ကိုသာဖြူ(တိုင်တစ်ရာ)ကျောင်းတော်ပါပဲ။
ဘာကြောင့်မှတ်မှတ်သားသား ရှိနေရသလဲဆိုရင် မျက်မှောက်ခေတ် မြစ်ဝကျွန်းပေါ်သားကရင်တစ်ယောက်အနေနဲ့ ပုသိမ်တက္ကသိုလ်နဲ့အနီးဆုံး ရွှေဝတ်မှုံရပ်ကွက်မှာနေ၊ ဆိုင်ကယ်နဲ့ကျောင်းတက်လို့ ဥပဒေဘွဲ့ကို သက်တောင့်သက်သာ ဆွတ်ခူးနိုင်တဲ့အခွင့်အရေးရှိနေပေမယ့်လည်း လွန်ခဲ့တဲ့နှစ်ပေါင်း(၁၀၀)လောက်က ဘဲဂယက်တောရွာလေးမှာနေ ကိုသာဖြူ(တိုင်တစ်ရာ)အထက်တန်းကျောင်းကို တက်လို့ အင်္ဂလန်ကပေးတဲ့ ၀တ်လုံဘွဲ့ကို မြန်မာပြည်သားအနေနဲ့ ပထမဆုံးရယူနိုင်ခဲ့တဲ့ ကရင်အမျိုးသားတစ်ဦး ရှိနေခဲ့လို့ပါပဲ။
တကယ်တော့ ကိုသာဖြူ(တိုင်တစ်ရာ)ကရင်အထက်တန်းကျောင်းဟာ ပညာတတ်ကရင်အမျိုးသားတွေကို မွေးထုတ်ပေးတဲ့ကျောင်းတော်ကြီးပါပဲ။၁၈၉၀-ခုနှစ်ပတ်ဝန်းကျင်လောက်မှာ အမေရိကန်ပြည်၊နယူးယောက်အယ်ဗားနီးဆေးတက္ကသိုလ်ကနေ ဆေးပညာပါရဂူဘွဲ့ကို ရယူခဲ့တဲ့ ဒေါက်တာ ဆာ စံစီဖိုးဟာလည်း ကိုသာဖြူကျောင်းထွက်တစ်ယောက်ပါပဲ။ ဒီလို အစဉ်အလာကောင်းတွေ ရှိခဲ့တဲ့ ကိုသာဖြူကျောင်းကို မှတ်မှတ်သားသားရှိနေမိရင်း ကိုလိုနီကာလဘ၀ကနေ ပညာကိုကြိုးစားရှာဖွေခဲ့ကြတဲ့ ကရင်ကျောင်းသားတွေရဲ့ ဇွဲသတ္တိကိုအားကျလို့ ကျွန်တော်လေးစားမိရတဲ့ ဒေါက်တာ ဆာ စံစီဖိုးအကြောင်းကို ဂုဏ်ယူဝမ်းမြောက်စွာနဲ့ တင်ပြလိုက်ရပါတယ်။



ဇွဲကောင်းသူ

ဒေါက်တာ ဆာစံစီဖိုးဟာ ဇွဲကောင်းသူတစ်ယောက်ပါ။ငယ်နာမည်က စံပိုးပါ။၁၈၇၀-ခုနှစ်၊အောက်တိုဘာ(၄)ရက်နေ့မှာ အဖ မန်းအောင်ညို၊ အမိ နော်ပဂေးဝတို့ကနေ ကိုးဆူရွာမှာ မွေးဖွားခဲ့ပါတယ်။ငယ်စဉ်က ကိုးဆူရွာကနေ တိုင်တစ်ရာကျောင်းကို နေ့စဉ် ခြေကျင်ခရီး(၅)မိုင်ကျော်လျှောက်ပြီး ပညာသင်ခဲ့ရတယ်။ဒေသဝေးလံမှုနဲ့ လမ်းပန်းဆက်သွယ်ရေး ခဲ့ခက်မှုကို အလေးဂရုမပြုဘဲ နေ့စဉ် ခြေကျင်လျှောက်ပြီး ပညာကိုရအောင်သင်ခဲ့တဲ့သူ့ရဲ့ဇွဲလုံ့လဟာ ချိုးကျူးစရာပါပဲ။

ဆက်ဖတ်ရန်...


သတ္တိရှိသူ

ကျောင်းနေစဉ်မှာပဲ ကျောင်းအုပ်ကြီးဖြစ်တဲ့ အမေရိကန်သာသနာပြုဆရာ ဒေါက်တာချားလ်နီးဂေါလ်က သူ့ကို ပညာသင်ပေးဖို့ အမေရိကန်ပြည်သို့ ခေါ်ဆောင်သွားခဲ့ပါတယ်။အမေရိကန်ပြည်ကို ပညာသင်သွားရတဲ့ချိန်က သူ့အသက်ဟာ (၁၄)နှစ်ပဲရှိသေးတယ်။(၁၄)နှစ်သားနဲ့တိုင်းတစ်ပါးကို စွန့်စားသွားရဲတဲ့ သူ့သတ္တိဟာ ချီးကျူးစရာပါပဲ။

ကျေးဇူးတရားသိတတ်သူ

အမေရိကန်နိုင်ငံမှာ သူဟာ ဒေါက်တာနီးဂေါလ်ရဲ့အဒေါ် အပျိုကြီးနှစ်ယောက်ရဲ့အိမ်မှာနေပြီး ကျောင်းတက်ရပါတယ်။ခြံထဲမှာ နွားနို့ညစ်၊ မြင်းလှည်းနဲ့နွားနို့ပို့ရင်း အပျိုကြီးနှစ်ယောက်ကို အလိုက်တသိ ကူညီမှုတွေပေးခဲ့ပါတယ်။

မျိုးနွယ်ကိုစောင့်ထိန်းသူ

ဒေါက်တာ ဆာ စံစီဖိုးဟာ ၁၈၉၄-ခုနှစ်မှာ မြန်မာပြည်ကို ပြန်လာခဲ့ပါတယ်။ ၁၈၉၅-ခုနှစ်မှာတော့ နော်အေမီလူနီနဲ့လက်ထပ်ပြီး သားသမီး(၇)ယောက်ထွန်းကားခဲ့ပါတယ်။ လူပျိုပေါက်အရွယ်မှာ တိုင်းတစ်ပါးသို့ ရောက်ရှိခဲ့ပြီးဘွဲ့ရသည်အထိ နေထိုင်ခဲ့ရပေမယ့် တိုင်းတစ်ပါးသူ ကြင်ဖက်ကိုမရှာ၊ ကိုယ့်နိုင်ငံကိုပြန်လာပြီး ကရင်အမျိုးသားချင်းသာ အိမ်ထောင်ဘက်ပြုခဲ့တဲ့ သူ့ရဲ့ ၀ံသာနုရက္ခိတတရားဟာလည်း အတုယူစရာကောင်းလှပါတယ်။

အမျိုးသားရေးတာဝန် ကျေပွန်သူ

ဒေါက်တာ ဆာ စံစီဖိုးဟာ အမေရိကန်ပြည်က ပြန်လာပြီးနောက် ပုသိမ်မှာ (၅)နှစ်၊ ကျောက်ဆည်မှာ(၁)နှစ်၊ မြောင်းမြမှာ (၄)လကြာ အစိုးရဆရာဝန်ဘ၀နဲ့ နိုင်ငံတာဝန်ကျေပွန်ခဲ့သလို ၁၉၂၅-ခုနှစ်မှာ ဒေါကလူ အသင်းကြီးရဲ့ ဥက္ကဋ္ဌအဖြစ်နဲ့ အမျိုးသားတာဝန်ကို ယူခဲ့ပါတယ်။ ၁၉၂၈-ခုနှစ်မှာတော့ ကရင်အမျိုးသားတွေရဲ့ရယူပိုင်ခွင့်ကို Burma and The Karen အမည်ရှိစာအုပ်နဲ့ ရေးသားဖေါ်ထုတ်ခဲ့ပါတယ်။

ငြိမ်းချမ်းရေးကိုလိုလားသူ

သူဟာ ဖက်ဆစ်တော်လှန်ရေးရဲ့ အဓိကကျတဲ့ အချက်ဖြစ်တဲ့ ကရင်-ဗမာချစ်ကြည်ရေးကို ဗိုလ်ချုပ်အောင်ဆန်း၊ သခင်သန်းထွန်းတို့နဲ့အတူ လက်တွဲဆောင်ရွက်ခဲ့ပါတယ်။

ဂုဏ်ပြုထိုက်သူ

လူ့ကျင့်ဝတ်ပျက်ပြားပြီး လူမဆန်သူတွေကို ကဲ့ရဲ့ရှုတ်ချတတ်ကြသလို ချီးကျူးဂုဏ်ပြုထိုက်သူကိုလည်း ဂုဏ်ပြုတတ်တာ လူ့အဖွဲ့အစည်းရဲ့ ဓမ္မတာဖြစ်ပါတယ်။ဒေါက်တာ စံစီဖိုးဟာ သူ့ရဲ့ ချီးကျူးဂုဏ်ပြုထိုက်တဲ့ စွမ်းဆောင်ရည်တွေကြောင့် ပထမကမ္ဘာစစ်ကာလမှာ C.B.E ဘွဲ့တံဆိပ်၊ ၁၉၃၄-ခုနှစ်မှာ ဆာဘွဲ့တို့ကို ချီးမြင့်ခြင်းခံခဲ့ရပါတယ်။
ဒေါက်တာ ဆာ စံစီဖိုးဟာ ၁၉၄၆-ခုနှစ်၊ ဇွန်လ(၁၇)ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ အခုဆိုရင် သူကွယ်လွန်ခဲ့တာ နှစ်ပေါင်း(၆၀)ကျော်ပြီဖြစ်ပေမယ့် သူ့ရဲ့ ဇွဲ၊သတ္တိ၊ ၀ံသာနုရက္ခတတရား၊ အမျိုးသားရေးတာဝန်ကျေပွန်မှုတွေဟာ အားကျအတုယူစရာအကောင်းဆုံး စံနှုန်းတွေအဖြစ် ကျွန်တော် အပါအ၀င် ကရင်ကျောင်းသားလူငယ်တွေကြားမှာ ထာဝရတည်ရှိနေမယ်လို့ ယုံကြည်မိပါတယ်။

စကျော်မျိုးအောင်(ဥပဒေ)

Jan 14, 2009

မာန်....

ငါ့အဆင်းကား နတ်မင်းတမျှ၊ ထိန်လင်းလှ၏ ဘယ်ကဘယ်သူ၊
ငါနှင့်တူသူ ဇမ္ဗူတလွှား၊ မရှိငြားဟု ထောင်လွှားတက်ကြွ၊
မာနတရား မထားပါလင့်..။
ကောကတခွင် မြေအပြင်ဝယ်၊ ငါလျှင်ကြွယ်ဝ ချမ်းသာလှ၏။
ဘယ်ကဘယ်သူ ငါမမူဟု၊ မာန်ထူတရား မထားပါလင့်..။
ငါလျှင်ထက်လှ ပညာတတ်၏၊ ဘ၀ထွေထွေ များလူတွေကား၊
နပေလူတုံး အအ ဖြုန်းဟု၊ မာန်လုံးထွားထွား မထားပါလင့်..။
ဇမ္ဗူတရိုး ထက်အောက်မိုးဝယ်၊ ငါလျှင်စိုးမိုး တန်ခိုးထက်မြက်၊
သြဇာတက်လျက် တုဘက်ကင်းကွာ၊ ငါသည်သာဟု၊ ဘယ်ခါကမှ၊
မာနတရား မထားပါလင့်..။
ငါ့တိုင်းငါ့ပြေ ငါ့စာပေနှင့်၊ တစ်ထွေဘာသာ နုပညာတို့၊
စည်ဖြာတိုးတက် မြင့်သထက်မြင့်အောင်၊ အသက်သေသေ စွန့်ရပေလည်း၊
ငါလေမကြောက် ဒူးမထောက်ဟု၊ ရှေ့လျှောက်မည့်လမ်း ဖြောင့်ဖြောင့်တန်းကို၊
လျှောက်လှမ်းမည်ပ ထိုမာနကို၊ ထားသင့်ပါလိမ့်….။
နန်းကိုကို(လှိုင်းဘွဲ)

Jan 10, 2009

ကရင့်ရင်ခွင်ရောက် နန်းအေးအေးငြိမ်းနှင့် နန်းအိအိငြိမ်း

မြူတိမ်ကင်းစင်တဲ့ နေ့တစ်နေ့….မနက်ခင်းတစ်ခုလုံး မိုးရိပ်မိုးငွေ့ဆို၍ ဘာကိုမျှ မတွေ့ရ..။ကောင်းကင်တစ်ခွင် မြေပြင်အနှံ့ သန့်ရှင်းကြည်လင်လျက် မဟာဆေးဝင်္ကဘာ အာလိန်ငါးဆင့်ရင်ခွင်ဟာ နိုးထရွှန်းသစ်စ သလေးထိုင်ခုတ်ဖိုး မနက်ခင်းတွေတိုင်း လတ်လတ်ဆတ်ဆတ် သစ်သစ်လွင်လွင်။ ကမ်းလင့်ဆီးကြိုမှုအပြည့်၊ နွေးထွေးပျူငှါမှု တရက်တရောဖြင့်….။



ကျွန်တော် အဲဒီကိုရောက်တော့ ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကျင်းပရေး ဗဟိုကော်မတီက လူကြီးတွေ စုံညီစွာရောက်နှင့်နေကြပြီ။ ကရင်သက္ကရာဇ် ၂၇၄၈-ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်ပြက္ခဒိန်ထုတ်ဝေရန်အတွက် မော်ဒယ်သရုပ်ဆောင်မယ့် ကရင်မောင်မယ်များ၊ မိတ်ကပ်ဆရာမ၊ ဓာတ်ပုံဆရာ၊ ဒီဇိုင်းဆရာ၊ အ၀တ်အစားအပြင်အဆင်ဆရာမများအားလုံး တာဝန်ကိုယ်စီနှင့် ဘူမိနက်သန် ဆုံမှတ်တစ်ခုအောက်မှာ အားပြည့်အင်ပြည့်လုပ်ဆောင်နေကြတာ၊ တက်တက်ကြွကြွ၊ လှုပ်လှုပ်ရှားရှား၊ ကရင့်အယ်ဒီတာတစ်ဦးဖြစ်တဲ့ စောထော့ဗျော်က ကျွန်တော့်ကို အသက်(၆၀) ၀န်းကျင်ရှိ ကရင်တိုင်းရင်းသူ အမျိုးသမီးတစ်ဦးနှင့် မိတ်ဆက်ပေးတယ်။ နန်းလှကျင် တဲ့။ ရင်ချင်းဆက်အမွှာ( Siamese twins) ညီအစ်မနှစ်ဦးဖြစ်တဲ့ နန်းအေးအေးငြိမ်းနဲ့ နန်းအိအိငြိမ်း တို့ရဲ့ မိခင်။ ကျွန်တော်ကတော့ အမိုး လို့ တရင်းတနှီး တလေးတစား ခေါ်လိုက်တယ်။
အမိုးနဲ့ကျွန်တော် စကားအနည်းငယ်ပြောဖြစ်ခဲ့ပါတယ်။ ပြီးတော့ နန်းအေးအေးငြိမ်းနဲ့ နန်းအိအိငြိမ်းတို့နဲ့လည်း စကားဆက်ပြောဖြစ်ခဲ့တယ်။ အဲဒီအထိတော့ ကျွန်တော်ဒီစာစုလေးကိုရေးဖို့ ဆန္ဒ၊စိတ်ကူး အလျဉ်းမရှိးသေးပါဘူး။ ကျွန်တော်က သူတို့နှစ်ဦးရဲ့ ပညာရေးနဲ့ ၀ါသနာကိုပဲ မေးမိတယ်။ သူတို့နှစ်ယောက်က ကျွန်တော်မေးတဲ့ ပညာရေးနဲ့ ၀ါသနာတွေတင်မက ကရင်အမျိုးသားစကားလုံးတွေကိုပါ ထည့်ထည့်ပြီးဖြေတယ်။

ဆက်ဖတ်ရန်...


သမီးက ကိုယ့်ကရင်အတွက်ဆိုရင် နံပါတ်တစ် ဆိုတဲ့နန်းအေးအေးငြိမ်းရဲ့စကားနဲ့ ကိုယ့်အမျိုးသားရေးအတွက် လာကူညီရတာ တကယ်ကျေနပ်တယ် ဆိုတဲ့ နန်းအိအိငြိမ်းရဲ့ စကားလုံးတွေဟာ ကျွန်တော့်ရင်ထဲကို အရှိန်အဟုန်ပြင်းပြင်းနဲ့ စီးဝင်သွားခဲ့ပါတယ်။အဲဒီတော့ ကျွန်တော်လည်း ကိုယ့်လူမျိုးအကြောင်း စိတ်ဝင်တစားပြောနေတဲ့ ကရင့်သမီးပျို အမွှာညီအစ်မနှစ်ဦးကို ကရင်မိဘပြည်သူများနဲ့ မိတ်ဆက်ပေးလိုစိတ် ဖြစ်ပေါ်လာတယ်။ ဒီလိုနဲ့ပဲ အလုပ်များနေတဲ့ နှစ်ကူး၊ ဗဟို အထွေထွေအတွင်းရေးမှူး စောလှထွန်းကို ခွင့်တောင်းပြီး တွေ့ဆုံမေးမြန်းဖြစ်တော့တယ်။ နောက်ဆုံးတော့ ကရင့်ရင်ခွင်ရောက် နန်းအေးအေးငြိမ်းနဲ့ နန်းအိအိငြိမ်း တို့ဟာ ကရင့်ကြေးမုံ ပုံပြင်ထဲ ရောက်ရှိတော့တာပေါ့။
ရင်ချင်းဆက်အမွှာညီအစ်မ နန်းအေးအေးငြိမ်း၊ နန်းအိအိငြိမ်းတို့နဲ့ ကျွန်တော် စကားပြောဖြစ်တဲ့အကြောင်းလေးကို မတင်ပြမီ သူတို့နှစ်ဦးရဲ့ ကိုယ်ရေးဖြစ်စဉ်အချို့ကို လက်လှမ်းမှီသရွေ့ ရှာဖွေစုဆောင်းထားသည်ကို ဖေါ်ပြပေးလိုက်ပါတယ်။
၁၉၉၁-ခုနှစ်၊ ဇူလိုင်လ(၈) ရက်နေ့တွင် နန်းအေးအေးငြိမ်း၊ နန်းအိအိငြိမ်းတို့၏ ကိုယ်ဝန်ကိုလွယ်ထားသော အသက်(၄၀) ၀န်းကျင်ရှိ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်းစွန်းကျေးရွာအုပ်စု၊ ညောင်သာယာကျေးရွာနေ နန်းလှကျင်ဆိုသူ ကရင်တိုင်းရင်းသူတစ်ဦးဟာ ဘီးလင်းမြို့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိလာပါတယ်။
နေ့လည် (၁၁) နာရီပတ်ဝန်းကျင်လောက်မှာ တာဝန်ကျဆရာဝန် ဒေါက်တာဦးယဉ်ငြိမ်း၊မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဒေါ်မြင့်မြင့်၊ မိခင်နှင့်ကလေး ဆရာဝန်ဒေါက်တာဦးမျိုးအောင်တို့သုံးဦးသား အသေးစိတ်စစ်ဆေးကြတယ်။နန်းလှကျင်က ရာသီသွေးထိန်ရက်ထက် သားအိမ်အမြင့်က ပိုမိုကြီးထွားနေခြင်း၊ ကလေး ခေါင်းနှစ်လုံး စမ်းသပ်မိခြင်း၊မိခင်မှာ သွေးအားနည်းနေသော်လည်း သွေးပေါင်ချိန်မြင့်နေခြင်း၊ ခြေခုံများအန်းနေခြင်းစတဲ့ လက္ခဏာတွေတွေ့ရလို့ အမွှာဖြစ်ရမယ်လို့ တညီတညွတ်တည်း ဆုံးဖြတ်ကြတယ်။
လူနာဒေါ်လှကျင်ဟာ ဆေးရုံမှာပဲ ချမ်းတုန်ပြီး ဖျားလာတယ်။ အဲဒီဒေသက ဖြစ်လေ့ဖြစ်ထရှိတဲ့ ငှက်ဖျားများလားလို့တောင် ဆရာဝန်ဒေါက်တာ ဦးယဉ်ငြိမ်းက စိုးရိမ်ခဲ့ရသေးတယ်။ လူနာကို ဆက်လက်ပြီး ဂရုတစိုက်ကုလိုက်တော့ အဖျားကျသွားပေမယ့် အနေအထိုင်က ပိုပြီး ခက်လာတယ်။ ထူးထူးခြားခြား သက်သာမလာဘူး။ ဒါကြောင့် ဆရာဝန်(၃)ဦးစလုံးက (ဂ-ဂ-၉၁) နေ့မှာ ကြိုတင်ဗိုက်ခွဲမွေးဖို့ ဆုံးဖြတ်ခဲ့ကြတယ်။
ဒါပေမယ့် ကြိုတင်လျာထားရက် မတိုင်မီ (၂-ဂ-၉၁)သောကြာနေ့မှာ နန်းလှကျင် ဗိုက်စနာလာတယ်။ နောက်တစ်နေ့ စနေ့နေမှာ ဗိုက်နာပိုစိတ်လာတယ်။ စနေ့နေညပိုင်းတစ်ညလုံးကိုတော့ တာဝန်ကျဆရာမ ဒေါ်စန်းယုဝေက ဂရုတစိုက်နဲ့ ညလုံးပေါက်ပြုစုတယ်။တနင်္ဂနွေနေ့မနက်ပိုင်း(၁၁) နာရီမထိုးခင်မှာ အဲဒီဆရာမကပဲ လူနာရဲ့အသေးစိတ်အခြေအနေကို စာအုပ်နဲ့အစီရင်ခံ တင်ပြတယ်။ ဒေါက်တာဒေါ်ဦးယဉ်ငြိမ်းက မြို့နယ်ဆရာဝန်ကြီးဒေါက်တာဒေါ် မြင့်မြင့်ကို ထပ်မံတင်ပြပြီး မနက်(၁၁)နာရီတိတိမှာ ခွဲစိတ်မှုကို စတင်လုပ်ဆောင်ခဲ့ပါတယ်။
သွေးလှူဖို့ဆန္ဒပြုထားတဲ့ ဘီးလင်းမြို့ ငြိမ်းချမ်းရိပ်မြုံဓမ္မာစရိယသင်တန်းကျောင်းက သံဃာတော်(၄)ပါးကလည်း သွေးလှူဖို့ အသင့်စောင့်ဆိုင်းပေးနေကြတယ်။နန်းလှကျင်ကို သွေး(၄)ပုလင်းသွင်းပေးခဲ့ပါတယ်။အဲဒီနေ့ (၄-ဂ-၉၁)တနင်္ဂနွေနေ့က ခွဲစိတ်မွေးဖွါးပေးခဲ့သော ဆရာဝန်နဲ့ဆရာမများအဖွဲ့ကတော့ ဒေါက်တာဦးယဉ်ငြိမ်းက ခွဲစိတ်မှုကို ဦးဆောင်တယ်။မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ မြင့်မြင့်က မေ့ဆေးပေးတယ်။ဒေါက်တာဦးမျိုးအောင်က ခွဲစိတ်မှုအကူ တာဝန်ယူတယ်။ခွဲစိတ်ခန်းထဲမှာ တခြားအကူအညီပေးကြတဲ့ ဆရာ၊ဆရာမများကတော့ ၀ါရင့်ဆရာမကြီး ဒေါ်စန္ဒာလွင်၊ အထွေထွေအလုပ်သမား ဒေါ်မွှေးကြိုင်၊ဒေါ်အေးအေးသိန်း၊ ဒေါ်အေးသန်း၊ဒေါ်ကြည်ပြုံးတို့ ဖြစ်ကြတယ်။
(ကျွန်တော် စကားပြောနေတဲ့အချိန်အထိတောင် နန်းလှကျင်ဟာ သူမကို ခွဲစိတ်မွေးဖွါးပေးခဲ့သော (သို့)အသက်သုံးသက်ကို ကယ်တင်ပေးခဲ့သော ဆရာဝန်များ၊ဆရာမများကို ကျေးဇူးတင်မဆုံးနိုင်ကြောင်း ထပ်ခါတလဲလဲပြောပြနေခဲ့တယ်။)
ည(၇း၀၀)နာရီလောက်မှာ ကျွန်မသတိရလာတယ်။အဲဒီတစ်ညပဲ မှတ်မှတ်ရရ ကျွန်မကလေးတွေနဲ့ အတူ နေခဲ့ရတယ်။ နောက်တနေ့တွေမှာတော့ လာကြည့်တဲ့လူတွေများ လို့ဆိုပြီး သီးသန့်ဆောင်မှာ ကလေးတွေကို ထားပေးပါတယ်။သူမ ခွဲစိတ်မွေးဖွားခဲ့ပုံ အတွေ့အကြုံများအား ကျွန်တော့်ကို နန်းလှကျင် ပြန်လည်ပြောပြနေတာပါ။ ထိုကဲ့သို့ (၄၅)မိနစ်ကြာ အောင်မြင်စွာ ခွဲစိတ်အပြီးမှာ ပြည်သူ့အချစ်တော်လေးများဖြစ်ကြတဲ့ နန်းအေးအေးငြိမ်းနှင့်နန်းအိအိငြိမ်းတို့ အမွှာနှစ်ဖော်လူ့ဘ၀ထဲကို ခက်ခက်ခဲခဲနဲ့ရောက်ရှိလာခဲ့ကြတယ်။မွေးကာစမှာပဲ နှစ်ဦးပေါင်းရဲ့ ကိုယ်လေးချိန်က (၁၅)ပေါင်ရှိခဲ့တယ်။
(၂၁-ဂ-၉၁)နေ့မှာ (၁၇)ရက်သားအရွယ် နန်းအေးအေးငြိမ်းနှင့် နန်းအိအိငြိမ်းတို့ကို ရန်ကုန်ကလေးဆေးရုံကြီးသို့ ပို့ဆောင်ခဲ့တယ်။ အဲဒီမှာ တာဝန်ကျသူနာပြုဆရာမလေးတွေက ပြုစုစောင့်ရှောက်ထားရင်းနဲ့ အသက်(၂)နှစ်ပြည့်ခါနီး၊၁၉၉၃-ဇူလိုင်လ(၂၅) ရက်မှာ ခွဲစိတ်အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာဦးမောင်မောင်၊ ကထိက ဒေါက်တာဦးအောင်ကြည်နှင့်မေ့ဆေးဆရာဝန်ဒေါက်တာဒေါ်မြအေးကြူတို့ ပူးပေါင်းကြိုးပမ်းပြီး ရင်ဘတ်မှ ချက်အထိဆက်နေသော ရင်ချင်းဆက်နေမှုကို အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ပါတယ်။မြန်မာနိုင်ငံဆေးပညာရှင်များ၏ အောင်မြင်မှုသမိုင်းမှတ်တိုင် စိုက်ပေးနိုင်ခဲ့သော နေ့တစ်နေ့လည်းဖြစ်ပါတယ်။
(နန်းအေးအေးငြိမ်းနှင့်နန်းအိအိငြိမ်းတို့သည် ၄င်းကလေးဆေးရုံ၏ ဆရာဝန်များရိပ်သာတွင် သီးသန့်ခန်းဖြင့်နေထိုင်ခဲ့ပြီး အသက်(၁၆)နှစ်အရွယ်(၂၆-၇-၂၀၀၇)ကြာသတေးနေ့တွင် အရွယ်ရောက်လာ၍ မိခင်နန်းလှကျင် ရင်ခွင်သို့ ပြန်လည်ရောက်လာခဲ့ပါတယ်။)
နန်းအေးအေးငြိမ်း၊ နန်းအိအိငြိမ်း၏ ကိုယ်ရေးမှတ်တမ်းအကျဉ်း
၁။အမည်.. နန်းအေးအေးငြိမ်း
နန်းအိအိငြိမ်း
၂။အဖအမည်…. စောငြိမ်းကို
၃။အမိအမည်… နန်းလှကျင်
၎။မိဘနှစ်ပါး၏နေရပ်… ညောင်သာယာကျေးရွာ၊ တောင်းစွန်းအုပ်စု၊ ဘီးလင်းမြို့နယ်၊
မွန်ပြည်နယ်။
၅။လူမျိုး ကရင်(ပိုး-အရှေ့)
၆။ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
၇။ညီအစ်ကို မောင်နှမများ… အစ်ကိုကြီး စောအောင်ကိုဦး၊အစ်မ နန်းစမ်းလှသင်း
၈။ပညာအရည်အချင်း.. နန်းအေးအေးငြိမ်း(ဒဿမတန်း၊အီကို)
` နန်းအိအိငြိမ်း(ဒဿမတန်း၊ဘိုင်အို)
၉။လက်ရှိနေရပ်လိပ်စာ… ၀န်ထမ်းအိမ်ရာ၊ ကန်တော်မင်္ဂလာပန်းခြံ၊ အလုံမြို့နယ်၊ ရန်ကုန်။
၁၀။ရည်မှန်းချက်နှင့်ဝါသနာ နန်းအေးအေးငြိမ်း…အောင်မြင်သော သရုပ်ဆောင်ကောင်း(သရုပ်ဆောင်လုပ်ငန်း) နန်းအိအိငြိမ်း… အောင်မြင်သောအဆိုတော် (ဂီတအနုပညာ)
၁၁။မွေးသက္ကရာဇ် ၄-ဂ-၉၁ (တနင်္ဂနွေနေ့)(၁၁း၄၅)နာရီ
၁၂။အရပ်… ၅.ပေ ၄ လက်မ
၁၃။မိခင်အားခွဲစိတ် မွေးဖွားပေးခဲ့သော ဆေးရုံ… ဘီးလင်းမြို့ ပြည်သူ့ဆေးရုံကြီး။နေ့စွဲ(၄-ဂ-၉၁)
၁၄။ရင်ချင်းဆက်နေမှုကို အောင်မြင်စွာ ခွဲစိတ်ပေးသည့် ဆေးရုံ… ရန်ကုန်မြို့ကလေးဆေးရုံကြီး။နေ့စွဲ (၂၅-၇-၉၃)
၁၅။အနုပညာအတွေ့အကြုံ…စရဏမဂ္ဂဇင်း(မျက်နှာဖုံး)တစ်ကြိမ်၊ အပျိုစင်မဂ္ဂဇင်း(အတွင်းစာမျက်နှာ)တစ်ကြိမ်၊ အသင်းအဖွဲ့များထုတ်ဝေသော ပြက္ခဒိန် (မကြာခဏ)၊ဒါရိုက်တာ အဏ်ထော်ဏီ(မော်လမြိုင်)ရိုက်ကူးသော သံယောဇဉ် နှောင်ကြိုးတစ်မျှင် တွင် ပါဝင်သရုပ်ဆောင်ခဲ့။၂၇၄၈-ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်ပြက္ခဒိန်တွင် ပါဝင်သရုပ်ဆောင်ကူညီသည်။ကရင်သက္ကရာဇ် ၂၇၄၈-ခုနှစ်၊ ကရင့်ကြေးမုံမဂ္ဂဇင်းမျက်နှာဖုံးတွင်လည်း ပါဝင်သရုပ်ဆောင်သည်။
၁၆။မိခင်ရင်ခွင်သို့ အရွယ်ရောက်၍ပြန်လည် ခိုဝင်လာသည့်နေ့…(၂၆-၇-၂၀၀၇) ကြာသပတေးနေ့။
သူတို့နှစ်ယောက်ကို မွေးခါစက အေးအေး၊ အိအိ လို့ပဲ သူနာပြုဆရာမလေးတွေက စခေါ်ကြတာပါ။နောက်ကျမှ သူ့အဖေနာမည်ပါအောင်၊ ဘီးလင်းမှာ ခွဲစိတ်မွေးဖွားပေးတဲ့ ဆရာဝန်ရဲ့ နာမည်လည်းပါအောင် အဲဒီတုန်းက သွေးလာလှူတဲ့သူ ဆရာတော်တွေ သီတင်းသုံးတဲ့ ကျောင်းအမည်လည်းပါအောင်ဆိုပြီး ငြိမ်း တစ်လုံး ထပ်ထည့်ပေးလိုက်တယ်။ဒီလိုနဲ့ပဲ အေးအေးငြိမ်း၊ အိအိငြိမ်း တွင်သွားခဲ့တာပဲ။သမီးနှစ်ဦး၏အမည်နာမဖြစ်ပေါ်လာပုံကို နန်းလှကျင်က ကျွန်တော့်ကို ပြောပြနေခြင်း ဖြစ်ပါတယ်။
(ဒါ့အပြင်နန်းလှကျင်က သမီးတွေရဲ့ နာမည်ကို အေးအေးငြိမ်း၊ အိအိငြိမ်းလို့ တန်းပြီးခေါ်တာကို သဘောမကျပါဘူး။ ကရင်မှန်ရင် ကိုယ့်အမျိုးအနွယ်ရဲ့လက္ခဏာ နန်း၊ နော်၊နမ့်၊ စော၊စ၊ မန်း တစ်ခုခုပါရမယ်။သမီးနှစ်ဦးရဲ့ နာမည်ကိုလည်း နန်းအေးအေးငြိမ်း၊ နန်းအိအိငြိမ်း လို့ခေါ်တာကို ပိုကြိုက်တယ်။)ကရင်ဖြစ်လျက်နှင့် အကြောင်းအမျိုးမျိုးကြောင့် စော၊စ၊မန်း၊နမ့်၊နန်း၊နော် စတဲ့ ကရင့်တန်ဖိုးလက္ခဏာတွေနဲ့ဝေးကွာပြီး ဂလိုဘယ်မကျ၊လိုကယ်မကျ စကောစကဖြစ်နေသော ကရင်တစ်ချို့အား ဒီဆောင်ပါးဖတ်မိပြီး တစ်ရာ ရာခိုင်နှုန်းကရင်ဖြစ်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။)
နန်းအေးအေးငြိမ်း၊နန်းအိအိငြိမ်းတို့၏ ပထမဆုံးအနုပညာခြေလှမ်းအဖြစ် သံယောဇဉ်နှောင်ကြိုးလေးတစ်မျှင် အမည်ရှိဗွီစီဒီတစ်ခွေအား လူငယ်ဒါရိုက်တာ အယ်ထော်ဏီ (မော်လမြိုင်)က ရိုက်ကူးခဲ့ပြီးဖြစ်ပါတယ်။ အရမ်းချစ်ကြတဲ့ ညီအစ်မနှစ်ယောက် ကွဲကွာသွားကြပြီး နောက်ပိုင်းမှာ ပြန်ဆုံတွေ့ကြတဲ့ ဇာတ်လမ်းလေးပါ။ ဒါရိုက်တာ အဏ်ထော်ဏီရဲ့ ကိုယ်ပိုင်ဇာတ်လမ်းကို စာရေးဆရာ ချစ်ဦးညိုရဲ့သား လင်္ကာ က ဇာတ်ညွန်းရေးဖွဲ့ပေးပြီး ဖြိုးနှင့်မင်း ဗွီဒီယို ထုတ်လုပ်ရေးက ထုတ်လုပ်ဖြန့်ဝေမှာ ဖြစ်ပါတယ်။၎င်းဇာတ်ကားမှာ အကယ်ဒမီကျော်သူ၊ အကယ်ဒမီကျော်ရဲအောင်၊ မေသဉ္ဇာဦး၊ ညိုလင်းထက်တို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။)
ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကျင်းပရေး ဗဟိုကော်မတီဟာ ယခင်ကလည်း နော်ကဗျာဘွဲ့မှူး၊ စောဟက်ကက်၊ စောရဲလေးတို့နှင့် ပြက္ခဒိန်များ ရိုက်နှိပ် ထုတ်ဝေခဲ့ဖူးပါတယ်။ ယခု၎င်းအနုပညာရှင်များမှာ အောင်မြင်သောအဆင့်တွင် ရောက်ရှိနေကြပြီးဖြစ်ပါတယ်။ယခုနှစ် ပြက္ခဒိန်ရိုက်နှိပ်ထုတ်ဝေခဲ့သော နန်းအေးအေးငြိမ်း၊ နန်းအိအိငြိမ်းတို့သည်လည်း အဝေးတော့တဲ့ အနာဂတ်မှာ အနုပညာကြယ်ပွင့်လေးများ ဖြစ်လာကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ နန်းအေးအေးငြိမ်း၊ နန်းအိအိငြိမ်းတို့ရဲ့ ဖခင်စောငြိမ်းကိုမှာ ၂၀၀၄-ခုနှစ်တွင် ကွယ်လွန်သွားပြီးဖြစ်၍ ယခုအခါ မိခင်နန်းလှကျင်၊အစ်ကိုကြီး စောအောင်ကိုဦးဈ အစ်မကြီးနန်းစမ်းလှသင်းတို့နှင့်အတူ ကန်တော်မင်္ဂလာပန်းခြံအတွင်းရှိ ၀န်းထမ်းအိမ်ရာတွင် နေထိုင်လျက်ရှိပါတယ်။ လာမယ့် ၂၀၀၈-၂၀၀၉ ပညာသင်နှစ်တွင် ဒဿမတန်းစာမေးပွဲကို အောင်မြင်စွာဖြေဆိုနိုင်ရန်အတွက် မိသားစုဆရာမ ဒေါ်ဆွေဆွေဇင်က လေ့ကျင့်သင်ကြားပေးလျက်ရှိပါတယ်။
(၂၇-၁၂-၂၀၀၈)တွင် မဟာဆေးဝင်္ကဘာ အာလိန်ငါးဆင့်၌ ကျင်းပမည့် မဟာရန်ကုန် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အား လာရောက်ဆင်နွှဲဦးမည်ဖြစ်ကြောင်း ထပ်ဆင့် သတင်းစကားပါးလိုက်ရပါတယ်။ ကရင်လူမျိုးဖြစ်ရတာ ၀မ်းမြောက်ဂုဏ်ယူမိပါတယ်.. နန်းအေးအေးငြိမ်း၊နန်းအိအိငြိမ်းတို့နှင့် ကျွန်တော်..ကရင့်ရင်ခွင်လို့ တင်စားခေါ်ဝေါ်အပ်တဲ့ မဟာဆေးဝင်္ကဘာ အာလိန်ငါးဆင့်မှာ (၂၅) မိနစ်တာ အမှတ်တရ စကားပြောဖြစ်ခဲ့ပါတယ်။ကျွန်တော့်အနေနဲ့ အမှတ်တရမှ ထာဝရသို့ ချိုမြိန်လန်းဆန်းနေမယ့် အမွှာညီအစ်မနှစ်ဦးရဲ့ အဖြူစင်ဆုံး ကရင်အပြုံးအား စာဖတ်သူကရင်မိဘပြည်သူများထံ မုဒိတာဆန္ဒနဲ့ ထပ်ဆင့်ဝေငှပေးလိုက်ပါတယ်။
၂၇၄၈-ခုနှစ် ကရင်နှစ်သစ်ကူးပွဲတော် မဟာရန်ကုန် ကရင့်ကြေးမုံစာစောင်မှ ပြန်လည်ဖေါ်ပြလိုက်ပါသည်။

စအယ်ဆူးခလိန်း(မြစ်ဝကျွန်းပေါ်)

Jan 6, 2009

ပုစဉ်းရင်ကွဲ ချစ်ပုံပြင်

အေးချမ်းတဲ့ မြို့လေးတစ်မြို့မှာ တစ်ဦးကိုတစ်ဦး အရမ်းချစ်ကြတဲ့
ချစ်သူနှစ်ဦးရှိတယ်။ သူတို့ဟာ အမြဲမခွါ တစ်တွဲတွဲပဲ နေ့တိုင်း
ပင်လယ်ဘေးကို သွားပြီး နေထွက်၊ နေ၀င်ချိန်ကို သွားကြည့်ကြတယ်။ သူတို့က
မြင်သူတကာ အားကျတဲ့ စုံတွဲလေးပါ။

ဒါပေမဲ့ တစ်နေ့မှာ မတော်တဆ ကားတိုက်မှုကြောင့် ကောင်မလေး အပြင်းအထန်
ထိခိုက်ဒဏ်ရာ ရပြီး မေ့မျှောသွားခဲ့တယ်။ အိပ်ရာထဲမှာပဲ ငြိမ်သက်စွာ
လဲလျောင်းနေရတယ်။ နေ့ဖက်ဆိုရင် ကောင်လေးက ကောင်မလေးနားမှာနေပြီး
သူ့နာမည်ကို တတွတ်တွတ် ရွတ်ခေါ်တယ်။ ညဖက်ဆိုရင် ဘုရားကျောင်းသွားပြီး
ကောင်မလေး ကျန်းမာလာစေဖို့ ဘုရားသခင်ထံ ဆုတောင်းတယ်။ အချိန်တွေ တဖြေးဖြေး
ကုန်လွန်သွားခဲ့ပြီး ကောင်လေးခမျာ ငိုရလွန်းလို့ မျက်ရည်တွေတောင်
ခမ်းလုနီးနေပြီ။ ကောင်မလေးက မေ့မျှောနေဆဲပဲ။ ဒါပေမဲ့ ကောင်လေး
လက်မလျှော့ခဲ့ဘူး။ ဘုရားသခင်ထံ ဆုတောင်းမြဲ ဆုတောင်းတယ်။

ဒီလိုနဲ့ တစ်ညမှာ ဘုရားသခင်က ကောင်လေးရဲ့ မလျှော့တဲ့ ဇွဲနဲ့
ကောင်မလေးအပေါ်ထားတဲ့ မေတ္တာတရားကြောင့် သူ့အပေါ် သနားသက်ဝင်ပြီး
မျှော်လင့်ချက် တစ်ခုပေးလိုက်တယ်။ ဘုရားသခင်က ကောင်လေးကို " ကောင်မလေးရဲ့
အသက်ကို ကိုယ့်ဘ၀နဲ့ လှဲလှယ်နိုင်မလား" လို့ မေးတယ်။ ကောင်လေးက
တွေဝေမနေဘဲ လှဲလှယ်နိုင်ကြောင်း ချက်ချင်းပြန်ဖြေတယ်။

"ဒါဆိုကောင်းပြီ။ ကောင်မလေး အမြန်နှိုးလာဖို့ အသင် ပုစဉ်းဘ၀နဲ့
သုံးနှစ်အသွင်ပြောင်းရမယ်။ သဘောတူနိုင်လား" လို့ ဘုရားသခင်က မေးပြန်တယ်။
ကောင်လေးက မဆိုင်းမတွဘဲ သဘောတူကြောင်း ချက်ချင်း ပြန်ဖြေလိုက်တယ်။

မိုးလင်းတာနဲ့ ကောင်လေးဟာ ပုစဉ်းတစ်ကောင် အသွင်ပြောင်းသွားခဲ့တယ်။
ပုစဉ်းလေးက ဆေးရုံဖက်ကို အလျှင်အမြန် ပျံလာတယ်။ လူနာခန်းထဲ ၀င်ကြည့်တော့
ကောင်မလေးက နှိုးနေပြီး ဆရာဝန်တစ်ဦးနဲ့ စကားပြောနေတာကို တွေ့တယ်။
သူတို့ပြောနေတာတွေကို ပုစဉ်းက မကြားရဘူး။ တစ်ပတ်၊ နှစ်ပတ်နေတော့
ကောင်မလေး ကျန်းမာလာပြီး ဆေးရုံက ဆင်းခဲ့တယ်။ ဒါပေမဲ့ သူမပျော်ဘူး။
နေရာအနှံ့ ကောင်လေးကို လိုက်စုံစမ်းတယ်၊ လိုက်ရှာတယ်။ ကောင်လေး
ဘယ်ပျောက်သွားမှန်း ဘယ်သူမှ မသိကြဘူး။ ကောင်လေးက ပုစဉ်းအသွင်နဲ့
ကောင်မလေးဘေးမှာ ရစ်ဝဲ ပျံသန်းနေပေမဲ့ ကောင်မလေးကို သူခေါ်လို့ မရဘူး။
ပွေ့ဖက်လို့ မရဘူး။ ကောင်မလေးကိုပဲ ငေးစိုက်ကြည့်နေခဲ့ရတယ်။

ဒီလိုနဲ့ နွေရက်တွေ တဖြေးဖြေး ကုန်လွန်ပြီး ဆောင်းဦးကို ရောက်လာခဲ့တယ်။
ဆောင်းလေညင်းတွေကြောင့် သစ်ရွက်တွေ တဖြုတ်ဖြုတ် ကြွေကုန်တယ်။ ပုစဉ်း
ဒီနေရာက ခွာရတော့မယ်။ နောက်ဆုံးအကြိမ်အဖြင့် ကောင်မလေးရဲ့
ပုခုံးထက်နားကို သူအရဲစွန့်ပြီး သွားနားလိုက်တယ်။ နူးညံ့တဲ့ တောင်ပံနဲ့
ကောင်မလေးရဲ့ ပါးပြင်ကို ထိလိုက်တယ်။ သေးငယ်တဲ့ ပါးစပ်နဲ့ ကောင်မလေးရဲ့
ပုခုံးသားကို ရှိုက်နမ်းလိုက်တယ်။ ကောင်မလေး သတိမထားမိခင်မှာ သူတိတ်တဆိတ်
ထပျံလာခဲ့တယ်။

မျက်စိတမှိတ်အတွင်းမှာပဲ နွေဦးရာသီကို ရောက်လာခဲ့တယ်။ နွေရောက်တာနဲ့
ချက်ချင်းပဲ ပုစဉ်းဟာ ကောင်မလေးနားကို အရောက်ပျံသန်းလာခဲ့တယ်။ ဒါပေမဲ့
သူရင်းနှီးတဲ့ ကောင်မလေးရဲ့ဘေးမှာ ခန့်ညားတဲ့ သူစိမ်းကောင်လေးတစ်ယောက်ကို
သူ တွေ့လိုက်တော့ ပျံသန်းနေတဲ့ သူ့တောင်ပံတွေ လေဟာနယ် တ၀က်တပျက်မှာ
အရပ်တန့်ခံလိုက်ရတယ်။

လူတွေက ကောင်မလေး ကားတိုက်ခံရတာ ဒဏ်ရာတွေ ဘယ်လောက် ပြင်းထန်ကြောင်း၊
ဒဏ်ရာတွေကို ကုသပေးတဲ့ ဆရာဝန်ဟာ ကောင်မလေးအပေါ် ဘယ်လောက် ဂရုစိုက်ကြောင်း၊
သူတို့ရဲ့ အချစ်တွေက စံတင်ထိုက်တဲ့အကြောင်း၊ ကောင်မလေး ဘ၀က အရင်လို
ပျော်ရွှင်ချမ်းမြေ့ နေပြီဖြစ်တဲ့အကြောင်း ပြောသံတွေကို
ပုစဉ်းကြားလိုက်ရတယ်။ ပုစဉ်း ရင်ကွဲရပြန်တယ်။ ဆရာဝန်ကောင်လေးနဲ့
ကောင်မလေး ပင်လယ်ဘေးသွားပြီး နေ၀င်၊ နေထွက်ကြည့်တာကို သူအမြဲတွေ့နေရပေမဲ့
တစ်ခါတလေ ကောင်မလေးရဲ့ ပုခုံးထက်မှာ ခဏသွားနားတာကလွဲလို့ သူဘာမှ
မတတ်နိုင်ခဲ့ဘူး။

ပုစဉ်းလေးဟာ ရင်ထဲက ဝေဒနာတွေကို ကြိတ်မှိတ်ခံစားရင် ဒီနှစ်နွေဟာ
ခါတိုင်းနွေထက် ပိုရှည်လျှားနေတယ်လို့ ထင်မိတယ်။ ကောင်မလေးနားမှာ
ရစ်ဝဲပျံသန်းဖို့လည်း သူမှာ ခွန်အားတွေ ဆုတ်လျော့နေတယ်။
ဆရာဝန်ကောင်လေးနဲ့ ကောင်မလေးရဲ့ တီးတိုးစကားပြောသံနဲ့ ရယ်သံတွေက သူ့ကို
အသက်ရှုကျပ်စေတယ်။

သုံးနှစ်မြောက် နွေရာသီမှာတော့ ပုစဉ်းဟာ ကောင်မလေးကို ခဏခဏ
သွားမကြည့်တော့ဘူး။ သူနားနေကျ ကောင်မလေးရဲ့ ပုခုံးကို ဆရာဝန်ကောင်လေးက
တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားတယ်။ သူ့တောင်ပံနဲ့ ထိနေကျ ကောင်မလေးရဲ့
ပါးပြင်ဟာလည်း ဆရာဝန်ကောင်လေးက တယုတယနမ်းနေတယ်။ ပုစဉ်းရင်ကွဲတစ်ကောင်က
သူ့တို့ဘေးမှာ ရစ်ဝဲနေတယ်ဆိုတာကို ချစ်တင်းနှောပြီး ကြည်နှုးနေတဲ့
သူတို့နှစ်ယောက် သတိထားမိမှာ မဟုတ်ဘူး။ ကောင်မလေးကလည်း အတိတ်ဆိုတာကို
လုံးဝ သတိမေ့သွားခဲ့ပြီလေ။

သတ်မှတ်ထားတဲ့ (၃)နှစ်ဆိုတဲ့ အချိန်ကိုရောက်ဖို့ တစ်ရက်အလိုမှာ
ကောင်မလေးနဲ့ ဆရာဝန်ကောင်လေးတို့ လက်ထပ်လိုက်ကြတယ်။ ဘုရားကျောင်းထဲ
သူပျံဝင်ပြီး ကောင်မလေးရဲ့ ပုခုံးထက်မှာ နားလိုက်တယ်။ ကောင်မလေးနဲ့
ဆရာဝန်ကောင်လေးရဲ့ ဘုရားသခင်ထံ သစ္စာခံယူနေတဲ့ အသံကို သူကြားလိုက်တယ်။
ဆရာဝန်ကောင်လေးက ကောင်မလေးရဲ့ လက်ကို လက်ထပ်လက်စွပ် စွပ်ပေးပြီး
နမ်းလိုက်တာကို သူငေးကြည့်နေမိတယ်။ သူ့ပါးပြင်ငယ်ပေါ်မှာ မျက်ရည်တွေ
စီးကျလာခဲ့တယ်။

"အသင် နောင်တရပြီလား" ဘုရားသခင်က ပုစဉ်းကို မေးတယ်။
"နောင်တ လုံးဝမရပါဘူး" မျက်ရည်တွေကို သုတ်ရင်း သူပြန်ဖြေတယ်။
"မနက်ဖြန်ဆို လူ့ဘ၀အသွင် ပြောင်းလို့ရပြီ" ဘုရားသခင်က ပြောတော့ ပုစဉ်းက
ခေါင်းခါပြီး "ပုစဉ်းအဖြစ်နဲ့ ကျွန်တော်တစ်သက်လုံး နေပါရစေတော့။
တစ်ချို့ကံတရားက လက်လွတ်ဆုံးရှုံးဖို့ စီရင်လာပြီးသားပါ။ တစ်ချို့ဖူးစာက
ပေါင်းစပ်ဖို့ ကံပါမလာခဲ့ဘူး။ လူတစ်ယောက်ကို ချစ်တာ ရယူပိုင်ဆိုင်မှ
မဟုတ်ပါဘူး။ ဒါပေမဲ့ လူတစ်ယောက်ကို ရယူပိုင်ဆိုင်ပြီးရင်တော့
ကောင်းကောင်း တန်ဖိုးထား ချစ်တတ်ရမယ်"

သင့်ရဲ့ ပုခုံးပေါ်မှာရော ပုစဉ်းလေးတစ်ကောင် နားခဲ့ဖူးသလား....?
သင်ကော ပုစဉ်းလေးတစ်ကောင် ဖြစ်ခဲ့ဖူးသလား......?
ရယူပိုင်ဆိုင်ခြင်းမပါတဲ့ ပေးဆပ်ခြင်းသက်သက် အချစ်မျိုးနဲ့ ချစ်ခဲ့ပြီး ခွင့်လွတ်နားလည်ခြင်းနဲ့
ချစ်ရသူကို စွန့်လွတ်ခဲ့ပါတယ်။ကောင်မလေးကတော့ ကောင်လေးချစ်သူရဲ့သူမအပေါ်ထားတဲ့
ချစ်ခြင်းမေတ္တာ အစစ်အမှန်ကို မသိလိုက်ရှာပါဘူး။ဒါကြောင့် လူတိုင်းချစ်သူနဲ့ ကင်းကွာရခြင်းဒုက္ခမှ
ကင်းဝေးပြီး ချစ်သူတိုင်း ညားကြပါစေ………….။