Jan 23, 2009

မျိုးဆက်သစ်တို့ အတုယူရမည့် သူတစ်ဦး

ကျွန်တော် ဥပဒေဘာသာရပ်အထူးပြုနဲ့ ပုသိမ်တက္ကသိုလ်မှာ တက်ရောက်ပညာသင်ကြားခွင့်ရခဲ့တာ အခုစာသင်နှစ်နဲ့ဆိုရင်သုံးနှစ်ရှိခဲ့ပြီ။တိုက်ဆိုင်စွာပဲ ပုသိမ်တက္ကသိုလ်ကျောင်းတော်ကြီးရဲ့သက်တမ်းဟာလည်း နှစ်ငါးဆယ်ပြည့်လို့ ရွှေရတုတိုင်ခဲ့ပြီ။ ပုသိမ်မှာ ကျောင်းသားဘ၀နဲ့ကျင်လည်ခဲ့ရတဲ့ သုံးနှစ်တာကာလအတွင်းမှာ ပုသိမ်ရဲ့ အထင်ကရနေရာတော်တော်များများကိုလည်း ရောက်ဖူးခဲ့ပြီ။ ဒီအထဲက မှတ်မှတ်ရရဖြစ်မိတာက ကိုသာဖြူ(တိုင်တစ်ရာ)ကျောင်းတော်ပါပဲ။
ဘာကြောင့်မှတ်မှတ်သားသား ရှိနေရသလဲဆိုရင် မျက်မှောက်ခေတ် မြစ်ဝကျွန်းပေါ်သားကရင်တစ်ယောက်အနေနဲ့ ပုသိမ်တက္ကသိုလ်နဲ့အနီးဆုံး ရွှေဝတ်မှုံရပ်ကွက်မှာနေ၊ ဆိုင်ကယ်နဲ့ကျောင်းတက်လို့ ဥပဒေဘွဲ့ကို သက်တောင့်သက်သာ ဆွတ်ခူးနိုင်တဲ့အခွင့်အရေးရှိနေပေမယ့်လည်း လွန်ခဲ့တဲ့နှစ်ပေါင်း(၁၀၀)လောက်က ဘဲဂယက်တောရွာလေးမှာနေ ကိုသာဖြူ(တိုင်တစ်ရာ)အထက်တန်းကျောင်းကို တက်လို့ အင်္ဂလန်ကပေးတဲ့ ၀တ်လုံဘွဲ့ကို မြန်မာပြည်သားအနေနဲ့ ပထမဆုံးရယူနိုင်ခဲ့တဲ့ ကရင်အမျိုးသားတစ်ဦး ရှိနေခဲ့လို့ပါပဲ။
တကယ်တော့ ကိုသာဖြူ(တိုင်တစ်ရာ)ကရင်အထက်တန်းကျောင်းဟာ ပညာတတ်ကရင်အမျိုးသားတွေကို မွေးထုတ်ပေးတဲ့ကျောင်းတော်ကြီးပါပဲ။၁၈၉၀-ခုနှစ်ပတ်ဝန်းကျင်လောက်မှာ အမေရိကန်ပြည်၊နယူးယောက်အယ်ဗားနီးဆေးတက္ကသိုလ်ကနေ ဆေးပညာပါရဂူဘွဲ့ကို ရယူခဲ့တဲ့ ဒေါက်တာ ဆာ စံစီဖိုးဟာလည်း ကိုသာဖြူကျောင်းထွက်တစ်ယောက်ပါပဲ။ ဒီလို အစဉ်အလာကောင်းတွေ ရှိခဲ့တဲ့ ကိုသာဖြူကျောင်းကို မှတ်မှတ်သားသားရှိနေမိရင်း ကိုလိုနီကာလဘ၀ကနေ ပညာကိုကြိုးစားရှာဖွေခဲ့ကြတဲ့ ကရင်ကျောင်းသားတွေရဲ့ ဇွဲသတ္တိကိုအားကျလို့ ကျွန်တော်လေးစားမိရတဲ့ ဒေါက်တာ ဆာ စံစီဖိုးအကြောင်းကို ဂုဏ်ယူဝမ်းမြောက်စွာနဲ့ တင်ပြလိုက်ရပါတယ်။



ဇွဲကောင်းသူ

ဒေါက်တာ ဆာစံစီဖိုးဟာ ဇွဲကောင်းသူတစ်ယောက်ပါ။ငယ်နာမည်က စံပိုးပါ။၁၈၇၀-ခုနှစ်၊အောက်တိုဘာ(၄)ရက်နေ့မှာ အဖ မန်းအောင်ညို၊ အမိ နော်ပဂေးဝတို့ကနေ ကိုးဆူရွာမှာ မွေးဖွားခဲ့ပါတယ်။ငယ်စဉ်က ကိုးဆူရွာကနေ တိုင်တစ်ရာကျောင်းကို နေ့စဉ် ခြေကျင်ခရီး(၅)မိုင်ကျော်လျှောက်ပြီး ပညာသင်ခဲ့ရတယ်။ဒေသဝေးလံမှုနဲ့ လမ်းပန်းဆက်သွယ်ရေး ခဲ့ခက်မှုကို အလေးဂရုမပြုဘဲ နေ့စဉ် ခြေကျင်လျှောက်ပြီး ပညာကိုရအောင်သင်ခဲ့တဲ့သူ့ရဲ့ဇွဲလုံ့လဟာ ချိုးကျူးစရာပါပဲ။

ဆက်ဖတ်ရန်...


သတ္တိရှိသူ

ကျောင်းနေစဉ်မှာပဲ ကျောင်းအုပ်ကြီးဖြစ်တဲ့ အမေရိကန်သာသနာပြုဆရာ ဒေါက်တာချားလ်နီးဂေါလ်က သူ့ကို ပညာသင်ပေးဖို့ အမေရိကန်ပြည်သို့ ခေါ်ဆောင်သွားခဲ့ပါတယ်။အမေရိကန်ပြည်ကို ပညာသင်သွားရတဲ့ချိန်က သူ့အသက်ဟာ (၁၄)နှစ်ပဲရှိသေးတယ်။(၁၄)နှစ်သားနဲ့တိုင်းတစ်ပါးကို စွန့်စားသွားရဲတဲ့ သူ့သတ္တိဟာ ချီးကျူးစရာပါပဲ။

ကျေးဇူးတရားသိတတ်သူ

အမေရိကန်နိုင်ငံမှာ သူဟာ ဒေါက်တာနီးဂေါလ်ရဲ့အဒေါ် အပျိုကြီးနှစ်ယောက်ရဲ့အိမ်မှာနေပြီး ကျောင်းတက်ရပါတယ်။ခြံထဲမှာ နွားနို့ညစ်၊ မြင်းလှည်းနဲ့နွားနို့ပို့ရင်း အပျိုကြီးနှစ်ယောက်ကို အလိုက်တသိ ကူညီမှုတွေပေးခဲ့ပါတယ်။

မျိုးနွယ်ကိုစောင့်ထိန်းသူ

ဒေါက်တာ ဆာ စံစီဖိုးဟာ ၁၈၉၄-ခုနှစ်မှာ မြန်မာပြည်ကို ပြန်လာခဲ့ပါတယ်။ ၁၈၉၅-ခုနှစ်မှာတော့ နော်အေမီလူနီနဲ့လက်ထပ်ပြီး သားသမီး(၇)ယောက်ထွန်းကားခဲ့ပါတယ်။ လူပျိုပေါက်အရွယ်မှာ တိုင်းတစ်ပါးသို့ ရောက်ရှိခဲ့ပြီးဘွဲ့ရသည်အထိ နေထိုင်ခဲ့ရပေမယ့် တိုင်းတစ်ပါးသူ ကြင်ဖက်ကိုမရှာ၊ ကိုယ့်နိုင်ငံကိုပြန်လာပြီး ကရင်အမျိုးသားချင်းသာ အိမ်ထောင်ဘက်ပြုခဲ့တဲ့ သူ့ရဲ့ ၀ံသာနုရက္ခိတတရားဟာလည်း အတုယူစရာကောင်းလှပါတယ်။

အမျိုးသားရေးတာဝန် ကျေပွန်သူ

ဒေါက်တာ ဆာ စံစီဖိုးဟာ အမေရိကန်ပြည်က ပြန်လာပြီးနောက် ပုသိမ်မှာ (၅)နှစ်၊ ကျောက်ဆည်မှာ(၁)နှစ်၊ မြောင်းမြမှာ (၄)လကြာ အစိုးရဆရာဝန်ဘ၀နဲ့ နိုင်ငံတာဝန်ကျေပွန်ခဲ့သလို ၁၉၂၅-ခုနှစ်မှာ ဒေါကလူ အသင်းကြီးရဲ့ ဥက္ကဋ္ဌအဖြစ်နဲ့ အမျိုးသားတာဝန်ကို ယူခဲ့ပါတယ်။ ၁၉၂၈-ခုနှစ်မှာတော့ ကရင်အမျိုးသားတွေရဲ့ရယူပိုင်ခွင့်ကို Burma and The Karen အမည်ရှိစာအုပ်နဲ့ ရေးသားဖေါ်ထုတ်ခဲ့ပါတယ်။

ငြိမ်းချမ်းရေးကိုလိုလားသူ

သူဟာ ဖက်ဆစ်တော်လှန်ရေးရဲ့ အဓိကကျတဲ့ အချက်ဖြစ်တဲ့ ကရင်-ဗမာချစ်ကြည်ရေးကို ဗိုလ်ချုပ်အောင်ဆန်း၊ သခင်သန်းထွန်းတို့နဲ့အတူ လက်တွဲဆောင်ရွက်ခဲ့ပါတယ်။

ဂုဏ်ပြုထိုက်သူ

လူ့ကျင့်ဝတ်ပျက်ပြားပြီး လူမဆန်သူတွေကို ကဲ့ရဲ့ရှုတ်ချတတ်ကြသလို ချီးကျူးဂုဏ်ပြုထိုက်သူကိုလည်း ဂုဏ်ပြုတတ်တာ လူ့အဖွဲ့အစည်းရဲ့ ဓမ္မတာဖြစ်ပါတယ်။ဒေါက်တာ စံစီဖိုးဟာ သူ့ရဲ့ ချီးကျူးဂုဏ်ပြုထိုက်တဲ့ စွမ်းဆောင်ရည်တွေကြောင့် ပထမကမ္ဘာစစ်ကာလမှာ C.B.E ဘွဲ့တံဆိပ်၊ ၁၉၃၄-ခုနှစ်မှာ ဆာဘွဲ့တို့ကို ချီးမြင့်ခြင်းခံခဲ့ရပါတယ်။
ဒေါက်တာ ဆာ စံစီဖိုးဟာ ၁၉၄၆-ခုနှစ်၊ ဇွန်လ(၁၇)ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ အခုဆိုရင် သူကွယ်လွန်ခဲ့တာ နှစ်ပေါင်း(၆၀)ကျော်ပြီဖြစ်ပေမယ့် သူ့ရဲ့ ဇွဲ၊သတ္တိ၊ ၀ံသာနုရက္ခတတရား၊ အမျိုးသားရေးတာဝန်ကျေပွန်မှုတွေဟာ အားကျအတုယူစရာအကောင်းဆုံး စံနှုန်းတွေအဖြစ် ကျွန်တော် အပါအ၀င် ကရင်ကျောင်းသားလူငယ်တွေကြားမှာ ထာဝရတည်ရှိနေမယ်လို့ ယုံကြည်မိပါတယ်။

စကျော်မျိုးအောင်(ဥပဒေ)

No comments: