နှစ်သစ်ကူးရေးမှ ကရင့်အမျိုးသားရေး အတွေးများဆီသို့ဖြစ်စဉ်မှန်သမျှ အကြောင်းတရားရှိရသည်။ အကြောင်းတရားရှိနေ၍ အကျိုးတရားဖြစ်ထွန်းလာရသည်။ အကောင်းအဆိုးမှန်သမျှ အကြောင်းတရားရှိနေခဲ့ခြင်း သဘောတွင် အကြောင်းနှင့်အကျိုးနှစ်ခု၏ အပြန်အလှန်ယှဉ်တွဲဖြစ်ထွန်းလာရခြင်း၏ နိယာမပင်ဖြစ်သည်။
ကရင်နှစ်သစ်ကူးပွဲတော်ကျင်းပရခြင်းမှာ ကရင်အမျိုးသား ရှိနေခဲ့၍ ဖြစ်သကဲ့သို့ ကရင်အမျိုးသားဘ၀ အရှည်တည်တံ့ရပ်တည်နိုင်ရေးအတွက် လိုအပ်သော အကြောင်းတရာများအနက် နှစ်သစ်ကူးပွဲတော် ကျင်းပနေကြခြင်းဖြစ်စဉ်သည်လည်း အခြေခံအရေးပါသော အကြောင်းတစ်ရပ် ဖြစ်လာခဲ့ရပါသည်။
လွန်ခဲ့သော နှစ်ရာကျော်ကာလက ဘာသာရေးကို အကြောင်းပြု၍ ခရစ်ဘာသာဝင်ကရင်များအချို့ ခေတ်ပညာတတ်ဖြစ်လာသည်။ နိုင်ငံရပ်ခြားရောက် သွားခဲ့ကြသည်။ နိုင်ငံတကာ အမြင်အတွေး ပတ်ဝန်းကျင်သစ်နှင့် ထိတွေ့ခဲ့ရာမှ အမျိုးသားရေး အတွေးအမြင်ရလာကြသည်။ အမျိုးသားအဖွဲ့ချုပ်`ဒေါကလု` ကိုပင်ဖွဲ့စည်းကြကာ ကရင်အမျိုးသားရေးရာကို ဆောင်ရွက်လာခဲ့ကြသည်။
သို့သော် `ဒေါကလု` အဖွဲ့တွင် စကောကရင်ခရစ်ယာန်ဘာသာဝင်ချည်းဖြစ်ကြသောကြောင့် ခရစ်ယာန်မဟုတ်သော ကရင်များနှင့် ပိုးကရင်နွယ်စုတို့၏ ယုံကြည် အားကိုးထောက်ခံမှု အားနည်းခဲ့ကြောင်း
နောက်ပိုင်းကာလ ဆန္ဒခံယူပွဲစစ်တမ်းက ဖော်ပြလာသည်။ ထို့ကြောင့် ဘာသာစုံ၊အနွယ်စုံတို့ဖြင့် ပါဝင်ဖွဲ့စည်းရေး သင်ခန်းစာရခဲ့ကြသည်။ ဤသည်မှာ ထိုစဉ်ကတည်းက ဘာသာရေးနှင့် စကားစာပေများ ကွဲပြားမှုရှိနေခြင်းအပေါ် စည်းလုံးညီညွတ်ရေး ဖော်ဆောင်ရာတွင် ခွဲခြားမှုမရှိ၊ ဘက်လိုက်မှုအစွဲများ ကင်းရှင်းရန်လိုအပ်ကြောင်း၊ ကွဲပြားမှုအပေါင်း ပေါင်းစည်းကြရမည့်အသွင်ကို ညွန်းပြခဲ့ခြင်းပင်ဖြစ်ပါသည်။
ကရင်နှစ်သစ်ကူးနေ့နှောင်းပိုင်းကာလ ဗြိတိသျှပါလီမန်လွှတ်တော် ကရင်အမတ်များက `ကရင်အမျိုးသားနေ့တစ်နေ့` အဖြစ် ပေါ်ထွန်းလာရန် စိုင်းပြင်းခဲ့ကြသည်။ သို့သော် ကရင်နှစ်သစ်ကူးနေ့ရက်အဖြစ်သာ တင်ပြတောင်းဆိုကြရန် နှစ်သိမ့်ခြင်းခံခဲ့ရသည်။ `နှစ်သစ်ကူးနေ့ရက်` တစ်ရက်အဖြစ် ရွေးချယ်အတည်ပြုရန်ပင် အလွန်ညှိနှိုင်းခဲ့ရသေးသည်။ အဘယ့်ကြောင့်ဆိုသော် ကွဲပြားပြန့်ကျဲနေသော ကရင်အမျိုးသားလူမှုအဖွဲ့အစည်းတွင် ဘာသာရေး၊ စကား၊ စာပေနှင့် နယ်မြေဒေသ ရိုးရာဓလေ့များအရ နှစ်သစ်ကူးခြင်းဓလေ့များ၊ နေ့ရက်များ ကွဲပြားလျက်ရှိနေသဖြင့် ကရင့်ဘ၀ဓလေ့နှင့် အကိုက်ညီဆုံးဖြစ်သော ကရင် နှစ် ဦးအစ သလေ ထိုင်ခုတ်ဖို ကို မြန်မာ ပြာသိုလနှင့် ကိုက်ညီကာ အများသဘောတူ အတည်ပြုခဲ့ကြသည်။
ဤသည်မှာ `မတူညီမှုများထဲမှ ညီညွတ်ခြင်းကို တည်ဆောက်ခြင်း` ပင်ဖြစ်သည်။ `Unity in Diversity` ဟုဆိုရမည်။ထို့ကြောင့်လည်း ၁၉၃၇-ခုနှစ်ကစခဲ့သော ကရင်နှစ်သစ်ကူးနေ့အား တစ်မိသားစုချင်း၊ တစ်စုတစ်ဖွဲ့ခြင်းမှ တစ်ရွာချင်း၊ တစ်မြို့နယ်ချင်း အတိုင်းအတာအထိ ပေါင်းစုဆင်နွှဲလာခဲ့ကြသည်တွင်
တစ်မျိုးသားလုံး၏ စည်းလုံးညီညွတ်ရေးကို ပိုမိုပေါ်လွင်လာခဲ့သည်မှာ အထင်အရှားပင်။
ဆက်ဖတ်ရန်...