Jul 8, 2010

ပညာခေတ် လူ့အဖွဲ့အစည်း

ယခင်ပို့စ်မှ အဆက်...

အခန်း(၅)

ပညာရေးနှင့် ဦးနှောက်ဆက်စပ်မှု

၂၁-ရာစုပညာခေတ် (Knowledge Scociety- age of wisdom) ကို ပညာရှင်များက ရေးသားဖော်ပြကြရာတွင် ဦးနှောက်နှင့် ဆက်စပ်နေမှုကို ပို၍ပို၍ ရေးသားလာကြသည်ကို တွေ့ရှိရပါသည်။
`လက်ဇပ်နှင့် သံလွင်ပင်` စာအုပ်ရေးသားသူ ဂျာနယ်လစ် `တောမတ်ဖရင်းမင်း` က မပစ်မခတ်သော ကျည်ဆန်မဲ့စစ်ပွဲအသစ်ဖြစ်သော ဦးနှောက်စစ်ပွဲများ `Brain Wars` ပေါ်လာမည်ဟူ၍လည်းကောင်း၊ ပညာရှင်များစွာကလည်း Brain Storming ဟု ရေးသားကြရာတွင် စာရေးဆရာပညာရှင် နေဇင်လတ်ကလည်း Brain Storming မှ တီထွင်ကြံဆမှု ‘Creativity` ကို ရလာတတ်ကြောင်း၊ Idea ဆိုသည့် အတွေးအိုင်ဒီယာမှာလည်း Brain Storm မလုပ်ဘဲ မရတတ်ကြောင်း ဓါးကိုသွေးမှ ထက်သကဲ့သို့ ဦးနှောက်ကို သွေး `Brain Storming` လုပ်ပေးပါမှ ထက်မြက်လာမည်ဟု ဆိုပါသည်။

ထို့ကြောင့် ဒေါက်တာနန်းဥမ္မာရေးသော `အံ့သြဖွယ်ရာ လူ့ခန္ဓာ` မှ ဦးနှောက်၏ ခန္ဓာဗေဒ `Anatomy` နှင့် ဇီဝကမ္မဗေဒ Physiology အကြာင်းတို့ကို ကောက်နှုတ်ဖော်ပြလိုပါသည်။ ဦးနှောက်သည် ဦးခေါင်းခွံအတွင်းတွင် တည်ရှိ၍ တစ်ပိသာမရှိတရှိ ၃/၄ ပေါင်ခန့်လေးသည်။ ယောကျာ်းများတွင် အနည်းငယ်ပိုလေးသည်။ သို့သော် အလေးချိန်မှာ ဉာဏ်ကောင်းမှု/ မကောင်းမှုနှင့် မဆိုင်။ အကြောင်းမှာ ဉာဏ်ကောင်းခြင်း မကောင်းခြင်းသည် ဦးနှောက်အတွင်းတွင် ရှိသော ဦးနှောက်ကလပ်စည်း အရေအတွက်၊ ယင်းတို့ အလုပ်လုပ်ပုံနှင့် ထိုသို့ အလုပ်လုပ်နိုင်အောင် အာဟာရရရှိမှု၊ လေ့ကျင့်အသုံးချမှုပေါ်တွင်သာ တည်ရှိသောကြောင့်ဖြစ်ပေသည်။ သို့ဖြစ်၍ ဦးနှောက်ပိုလေးတိုင်း ဉာဏ်ပိုမရှိ၊ ဦးနှောက်ကြီးတိုင်း၊ ခေါင်းကြီးတိုင်း ဉာဏ်ကြီးသည်မဟုတ်။

ဦးနှောက်တစ်ခုတွင် ကလပ်စည်းအရေအတွက်မှာ သန်းပေါင်းတစ်သောင်းနှစ်ထောင်ခန့်ရှိ၏။ ယင်းတို့သည် လျှပ်စစ်ဓာတ်ကူးခြင်းဖြင့် အလုပ်လုပ်သည်။ ယင်းကလပ်စည်းတို့က ထုတ်လွှင့်သော လျှပ်စစ်ဓာတ်သည် ဖယောင်းတိုင်(၂၅) တိုင်အားခန့် (၀ပ် ၂၅) ရှိသည်ဟု သိရသည်။တစ်စက္ကန့်လျှင် လျှပ်စစ်ဓာတ်ဖြင့် အာရုံပေါင်း သန်းတစ်ရာခန့် ဦးနှောက်ထဲတွင် လှည့်လည်နေသည်ဟုလည်း သိရသည်။ အံ့သြစရာပေတည်း။

ဦးနှောက်တစ်ခုလုံးသည် ခံစားမှု၊ စေစားမှု၊ စဉ်းစားမှု၊ မှတ်ဉာဏ်၊ တွေးခေါ်ဉာဏ်တို့ဖြင့် သက်ဆိုင်ရုံမျှမက အခြားသော ကိုယ်ခန္ဓာအစိတ်အပိုင်းများ အလုပ်မှန်မှန်လုပ်ရန်လည်း ထိန်းချုပ်ကွပ်ကဲပေးသည်။ အာရုံ ငါးပါး ကျက်စားရာလည်းဖြစ်သည်။ အမှန်အားဖြင့် မည်သည့်အင်္ဂါမျှ ဦးနှောက်အောက်မှ မလွတ်။သို့ဖြစ်၍ ဦးနှောက်သည် ခန္ဓာကိုယ်တစ်ခုလုံး၏ ဘုရင်ဖြစ်လေသည်။
ထို့ကြောင့် ဦးနှောက်မှာ အလွန်အရေးကြီး၏။ သူ့ကို ဒဏ်ရာအလွယ်တကူ မရအောင် ဦးခေါင်းခွံဖြင့် ကာထားသည်။ဆောင့်ခြင်း၊ အောင့်ခြင်းကို ခံနိုင်ရန် အမြှေးပါးများ၊ ဦးနှောက်အမြှေးရည်များဖြင့် ၀န်းရံထားသည်။လိုအပ်သော အာဟာရအောက်စီဂျင်များကို သူများထက်စော၍ ပို၍ရသည်။

တစ်ကိုယ်လုံးအလေးချိန်၏ ၂ ရာခိုင်နှုန်းသာရှိသော ဤဦးနှောက်သည် တစ်ကိုယ်လုံးအတွက် ပို့သော သွေးထုထည်၏ ၂၅ ရာခိုင်နှုန်းကို ရသည်။ ဤသို့ရနိုင်ရန် ဦးနှောက်၌ သွေးကြောများသည် (၇) စက္ကန့်၌ ဦးနှောက်သွေး တစ်ပတ်လည်သည်။ ဦးနှောက်သို့ သွေးရောက်ရှိခြင်းမရှိသည်မှာ ၁၂ မိနစ်ကြာလျှင် မျက်စိပြာတတ်၊ မူးတတ်၏။ ဦးနှောက်သည် အသက်ရှင်ရေးအတွက် အရေးကြီးဆုံး အင်္ဂါဖြစ်သကဲ့သို့ အလုပ်လုပ်ဆုံးလည်းဖြစ်သည်။ သို့ဖြစ်၍ သူ၏အတွင်းပိုင်း တည်ဆောက်ပုံမှာလည်း ရှုပ်ထွေးလှ၏။ ယခတိုင် တိတိကျကျ မသိရသေး။သို့ဖြစ်၍ ဦးနှောက်ကို အတုလုပ်၍ မရ၊ အစားထိုး၍ မရသေးခြင်း ဖြစ်သည်။

ထို့ကြောင့် ဦးနှောက်ကို မထိခိုက်အောင်၊ ဦးခေါင်းဒဏ်ရာမရအောင်၊ အရိုက်မခံရလေအောင် ဂရုစိုက်ရ၏။ ခန္ဓာကိုယ်တစ်ခုလုံးကျန်းမာအောင် ဂရုဟစိုက်မှလည်း ဦးနှောက်ကြည်၍ အလုပ်လုပ်နိုင်ပေသည်။ဉာဏ်ကောင်း/ မကောင်းမှာ မျိုးရိုးဗီဇ၊ မွေးရာပါဦးနှောက်၏ အစွမ်းသတ္တ၊ အလုပ်လုပ်ပုံတို့ အပေါ်တွင် အဓိကတည်သော်လည်း လေ့ကျင့်မှု၊ အသုံးချမှုအပေါ်တွင်လည်း တည်သည်။သို့ဖြစ်၍ ဦးနှောက်ကို အမြဲအသုံးချသူ၊ ကြိုးစားသူများသည် အခြားသူများထက် ဉာဏ်ရည်သာပေသည်။
ဦးနှောက်ကို အသုံးချလွန်း၍ ဦးနှောက်ပျက်သည်၊ ရူးသည်ဆိုသည်မှာ မမှန်ပါ။ အသုံးမချ၊ အသုံးချလွဲ၍သာ ရူးရခြင်းဖြစ်သည်။ ဦးနှောက်ကား အသုံးချလေ ကောင်းလေပင်။


အခန်း(၆)

ပညာရေးအတွက် သမိုင်းမှပေးသော သင်ခန်းစာ

၁၈၀၆-ခုနှစ်တွင် ပရပ်ရှား(ဂျာမနီ)နိုင်ငံသည် ပြင်သစ်တို့နှင့် စစ်ဖြစ်ပွါးရာ ယေးနား(Jena) မြို့စစ်ပွဲတွင် ပရပ်ရှားတို့ အတုံးအရုံး၊ မရှုမလှ ကျဆုံးကြပြီး၊ ယင်းဖြစ်ရပ်ကို ပရပ်ရှားတို့က `ယေးနားကံဆိုးမိုးမှောင်ကျမှု`(Disaster if Jena) ဟု ခေါ်တွင်ခဲ့ကြလေသည်။

စစ်ရှုံးမှုမှာ ပရပ်ရှားတို့၏ဇာတ်မာန်ကို ကျင်စက်နှင့်တို့၍ လှုပ်နိုးသကဲ့သို့ ခံစားကြရပြီး အမျိုးသား ရှင်သန်ထမြောက်ရေးအတွက် နည်းလမ်းများကို သုံးသပ်ကြံဆကြရာ..ပရပ်ရှားနိုင်ငံသည် ဖရက်ဒရစ် ၀ီလျံ လက်ထက် ၁၇၁၇-ခုနှစ်တွင် ကလေးများ၏ပညာရေးကို နိုင်ငံတော်မှ စတင်ဂရုစိုက်သော်လည်း အမျိုးသားပညာရေးအဖြစ် တစ်မျိုးသားလုံး၏ပညာရေးအထိ မရောက်ရှိကြောင်း တွေ့ရှိလာကြပါသည်။

ထို့ကြောင့် ပညာရေးကိုပုဂ္ဂိုလ်တစ်ဦး၏ကိစ္စ၊ မိဘကိစ္စ၊ လူတစ်စု၏ကိစ္စအနေနဲ့ မစဉ်းစားတော့ဘဲ ဉာဏ်ပညာကို အမျိုးသားရေးအဖြစ် အသုံးပြုနိုင်ရန် တစ်ခဲနက် သန္နိဋ္ဌာန်ချပြီး ကြိုးပမ်းဆောင်ရွက်ကြပါတော့သည်။
သို့နှင့် ယေးနားမြို့၌ စစ်ဖြစ်ပွါးပြီး (၆၄)နှစ်အကြာ ၁၈၇၀-ခုနှစ်တွင် စစ်ထပ်မံဖြစ်ပွါးရာ ဆီးဒန်းမြို့(Sedan)စစ်ပွဲ၌ ပြင်သစ်တို့ မရှုမလှရှုံးပြီး တတိယမြောက် နပိုလီယံမှာ ပရပ်ရှားများထံ လက်နက်ချလိုက်ရလေတော့သည်။
ယင်းစစ်ပွဲနှင့်ပတ်သက်ပြီး သမိုင်းမှတ်တမ်းတင်ချက်မှာ `ပရပ်ရှားကျောင်းဆရာများ၏အောင်ပွဲ`(Victory of Prussian Schoolmasters) ဟူ၍ ဖြစ်သည်။`ပရပ်ရှား တပ်မတော်၏အောင်ပွဲ`(Victory of Prussain Army) ဟု မှတ်တမ်းမတင်ကြပါ။အမျိုးသားပညာရေးစနစ် အောင်မြင်စွာ တည်ဆောက်နိုင်သောကြောင့် စစ်အောင်နိုင်ခြင်းဖြစ်သည်ကို တင်စားထားခြင်း ဖြစ်ပါသည်။

ယင်းဖြစ်ရပ်အပေါ်သုံးသပ်ချက်မှာ ပညာရေးစနစ်ပြောင်းလိုက်သောကြောင့်….
(က)တစ်မျိုးသားလုံး ဉာဏ်ပညာထက်မြက်လာမှု၊
(ခ)တာဝန်သိတတ်လာမှု၊
(ဂ)စည်းရုံးလာကြမှု စသည်များကြောင့် ပြင်သစ်တို့ကို အနိုင် တိုက်နိုင်သည် ဟူ၍ ဖြစ်ပါသည်။

နိဂုံး

ထို့ကြောင့် ကမ္ဘာပေါ်ရှိ တိုင်းပြည်တိုင်း၊ လူမျိုးတိုင်းတွင် ပညာရေးကို အမျိုးသားပညာရေးစီမံကိန်းချပြီး ဆောင်ရွက်နေသည်ကို တွေ့ရပါသည်။
ကြွက်သား(Muscle) စွမ်းအားထက် ဦးနှောက်(Brain) စွမ်းအားက ပိုပြီးထိရောက်သည်ကို လက်ရှိကမ္ဘာကြီး၏ အခြေအနေအရ သက်သေခံနေပါသည်။
ကျွန်ုပ်တို့ ကရင်အမျိုးသားများအနေဖြင့်လည်း ပညာခေတ်လူမှု အဖွဲ့အစည်းတွင် ပါဝင်နိုင်ရေးကို အလေးထား ဆောင်ရွက်သင့်ပါသည်။ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေးဗဟိုကော်မတီအနေနှင့်လည်း အမျိုးသားရေးကို ထမ်းဆောင်နေရသော အဖွဲ့အစည်းဖြစ်၍ တစ်ချိန်က `ဒေါကလု`အဖွဲ့အစည်းလို အမျိုးသားပညာရေးပိုင်းတွင် မြှင့်တင်နိုင်လျှင် ပို၍ကောင်းမည်ဟု ယူဆမိပါကြောင်း အကြံပြုတင်ပြလိုက်ပါသည်။

ပဒိုမန်းသိန်းရွှေ(ပိုးကရင် ကွန်ဖရင့်)
၂၇၄၉-ခုနှစ်မြောက် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် ကရင့်ကြေးမုံမှ…..။

No comments: