လူမျိုးတစ်မျိုးတွင် သမိုင်း၊ရာဇ၀င်ဆိုတာ ရှိရစမြဲဖြစ်ပါသည်။ ထို့နောက် မိမိသမိုင်းကိုလည်း ထိန်းသိမ်းရမည့်တာဝန်သည်လည်း လူမျိုးများကပင် ဆောင်ရွက်ရသည်။ မိမိသမိုင်းကြောင်းအမှန်ကို မသိရှိလျှင် သူတစ်ပါးတို့ရဲ့ လိမ်ခြင်း၊ညာခြင်းကို ခံရပါလိမ့်မည်။ သူတစ်ပါးပြောတိုင်းလည်း ယုံကြည်ရတော့မည်။ ဒါကြောင့် သူတစ်ပါးလည်း လိမ်လို့မရအောင် မိမိကိုယ်တိုင်ကိုယ်ကျ လေ့လာလိုက်စားလျှင် မိမိသမိုင်းကြောင်းအမှန်ကို ပျောက်ကွယ်မသွားနိုင်တော့ပါ။
ဤဘိုးပိုက်ဆံအကြောင်းကို မသိသေးသူများအတွက် ကရင့်ရာဇ၀င်သမိုင်းတွင် အရေးပါသောကြောင့် သိသင့်သည်ထင်၍ တင်ပြလိုက်ပါသည်။မည်သို့ပင်ဖြစ်စေ ကရင်လူမျိုးများဖြစ်ပါလျက် ကရင်ရာဇ၀င်၏ တိမ်ကွက်မြုပ်ကွက်တွေကို မသိရှိသေးသူများ အများကြီးရှိလိမ့်မည်ဟု ထင်မိပါသည်။ အဘယ်ကြောင့်ဆိုသော်
ပြည်တွင်းတွင် မိမိတို့ရဲ့ သမိုင်းကြောင်းအမှန်ကို ထုတ်ဖေါ်ခွင့်မရှိသောကြောင့်လည်းကောင်း၊ စာပေတွေကို ကောင်းစွာ မသင်ရဘဲ မိမိတို့ရဲ့ လူမျိုးအကြောင်းတွေကို သိချင်ပါလျက် ကောင်းစွာ ဖတ်ရှုခွင့် မရသောကြောင့်လည်းကောင်း၊ စာပေတတ်မြောက်ပါလျက် မိမိသမိုင်းကြောင်းတွေကို လေ့လာမှုအားနည်းသောကြောင့်လည်းကောင်း ဤကဲ့သို့ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါသည်။
တစ်စုံတစ်ယောက်က ကရင်လူမျိုးတွေ ဘယ်က သက်ဆင်းလာသလဲ၊ သမိုင်းကြောင်းဘယ်လိုရှိသလဲ၊ ဘာကြောင့် တော်လှန်ရေးကို ဆင်နွဲရတာလဲ စသည်ဖြင့် မေးလာလျှင် သမိုင်းကြောင်းမှန်ကို သေသေချာသချာဖြေနိုင်ဖို့ လိုပါသည်။ သမိုင်းဆိုတာ ခေတ်တစ်ခေတ်ရဲ့ကြေးမုံပြင်တစ်ချပ်လိုပါပဲ ဆိုတဲ့ စာပေအဆိုအရ သမိုင်းဟာ လူမျိုးတစ်မျိုးရဲ့ဖြစ်ကြောင်းကုန်စင်ကို နောင်းလူများသိရှိနိုင်အောင် ဖေါ်ပြတဲ့ သက်သေသာဓက တစ်ရပ်ပင်ဖြစ်ပါသည်။
အမှန်ဝန်ခံရလျှင် စာရေးသူကိုယ်တိုင်လည်း နိုင်ငံခြားရောက်မှ မိမိသမိုင်းကြောင်းတွေကို ပိုပြီးသိရှိရလေသည်။မိမိနှင့် နှိုင်းယှဉ်၍ စာပေမြတ်နိုးသူ ကရင်ညီအစ်ကိုမောင်နှမများလည်း မိမိတို့ရဲ့ လူမျိုးအကြောင်း၊သမိုင်းကြောင်းတွေကို နက်နက်ရှိုင်းရှိုင်း လေ့လာသိရှိနိုင်ပါစေလို့ ဆန္ဒများဖြစ်ပေါ်လျက် မိမိတတ်နိုင်သလောက်၊ လေ့လာနိုင်သလောက် တင်ပြရခြင်းဖြစ်ပါသည်။
မူယံင့်ဖါန်ဆက်ဖတ်ရန်...
ဘိုးပိုက်ဆံ
၁၈၆၆-ခုနှစ်တွင် ဘိုးပိုက်ဆံဆိုသူ ကရင်အမျိုးသားတစ်ဦးသည် ဗုဒ္ဓ၀ါဒနှင့် ခရစ်ယာန်တို့ ကရင်တို့ရိုးရာ ကိုးကွယ်ယုံကြည်မှုတို့မှ ကောင်းနိုးရာရာကို စုပေါင်း၍ ဘာသာသစ်တစ်ခုကို တည်ထွင်ခဲ့သည်။ကိုစံရီနှင့် တောင်ငူမှ ခလီဘိုးပါ ဆိုသူတို့သည်လည်း အလားတူ ယုံကြည်မှုအသစ်ကို တည်ထွင်ခဲ့ကြသည်။ခရီဘိုးပါ၏ ယုံကြည်မှု အသစ်အဆန်းကို စောဂွန်ဆင်ဒီဘိုးမင်းက ဆက်ခံ၍ တိုးတက်ပျံ့ပွါးအောင် ဆောင်ရွက်ခဲ့သည်။(မြန်မာ့စွယ်စုံကျမ်း) ဘိုးပိုက်ဆံအမည်သည် အများတင်စားခေါ်ဝေါ်သောအမည်ဖြစ်ပါသည်။ အမည်ရင်းမှာ စောဆာဖိုးဝါး ဖြစ်သည်။
စောဆာဖိုးဝါးထက် ဘိုးပိုက်ဆံအမည်ကိုသာ လူသိများကြသည်။သူသည် သာမန်တောသူတောင်သားတစ်ဦးအနေဖြင့် မစွမ်းဆောင်နိုင်သော ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာကို ပေါင်းစည်း၍ ဘာသာသစ်တစ်ရပ်ကို ပြုစုပျိုးထောင်နိုင်ခဲ့သူပင်ဖြစ်သည်။ သို့ဖြစ်၍ သူ့အမည်ကို မြန်မာ့စွယ်စုံကျမ်းတွင် ဖေါ်ပြခြင်းခံခဲ့ရသည်။စောဆာဖိုးဝါး(ခေါ်) ဘိုးပိုက်ဆံသည် ၁၈၆၆-ခုနှစ်၊ဗြိတိသျှတို့အောက်ပြည်အောက်ရွာကို သိမ်းပြီးခါစ အုပ်ချုပ်ရေး မတည်ငြိမ်သေးသော ကာလ၌ ပေါ်ထွန်းလာသော အမည်ဖြစ်သည်။ထိုစဉ်က အများပြည်သူတို့သည် တစ်ဘက်တွင် ကြောက်ရွှံ့ခြင်းဘေးကို ရင်ဆိုင်ရသောကြောင့် ကိုးကွယ်အားထားမှုကို ရှာဖွေကြသည်။ထို့ကြောင့် ဘိုးပိုက်ဆံကို သိဒ္ဓိပေါက်နေသော ပုဂ္ဂိုလ်ထူးအဖြစ်မှတ်ယူကာ မူလနာမည်ပျောက်ပြီး တစ်ယောက်ကစ တစ်ရာ ဆိုသလို ဘိုးပိုက်ဆံဟု ခေါ်တွင်သွားတော့သည်။ ဘိုးပိုက်ဆံ၏ မူလအကြောင်းရင်းခံသော ဘာသာမှာ ဗုဒ္ဓဘာသာဖြစ်သည်။နောက်ပိုင်းတွင် ဘိုးပိုက်ဆံသည် လိမ္မာပါးနပ်စွာဖြင့် ဗြိတိသျှတို့ ကျေနပ်အောင် ဗုဒ္ဒဘာသာနှင့် ခရစ်ယာန်ဘာသာကို ပေါင်းစည်း၍ ဘုရားတည်ခြင်း၊ ကျောင်းဆောက်ခြင်း ဒါနအခန်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။
စောဆာဖိုးဝါး(ခေါ်) ဘိုးပိုက်ဆံကို မြန်မာသက္ကရာဇ် ၁၂၁၅-ခုနှစ်တွင် မွေးဖွါးသည်။ မိဘနှစ်ပါးမှာ စောရွှေရင်အေးနှင့် နော်နယိးစေးတို့ဖြစ်ကြသည်။ မွေးချင်း ၅ ယောက်ရှိသည့်အနက် စောဆာဖိုးဝါးသည် တတိယမြောက် သားရတနာဖြစ်သည်။ မွေးဇာတိမှာ ဖာပွန်တောင်တန်းပေါ်ရှိ နာခိုခီးရွာဖြစ်သည်။ ဘိုးပိုက်ဆံသည် တောင်ပေါ်နေ ကရင်လူမျိုးများကဲ့သို့ သန်စွမ်းခြင်းမရှိဘဲ သေးသေးသွယ်သွယ်နှင့် နွဲ့နွဲ့နှောင်းနှောင်းပင်ဖြစ်သည်။ သို့ဖြစ်၍ အရွယ်ရောက်သောအခါ အခြားလူများကဲ့သို့ တောင်ယာလုပ်ငန်းထက် ရပ်ဝေးအလုပ်သစ်တစ်ခုကို ရှာဖွေလုပ်ကိုင်ရန် စိတ်အားထက်သန်နေသည်။ အထူးသဖြင့် စာပေကို လေ့လာဆည်းပူးလိုသည့် ဆန္ဒများ ဖြစ်ပေါ်နေသည်။ တစ်နေ့တွင် တောထဲသွားရင်း မမြှော်လင့်ဘဲ ဆင်ဖြူတစ်ကောင် မြင်လိုက်ရသည်။ ဆင်ပိုင်ရှင် စောသက်ပေါက သူ့အတွက် အတိတ်ကောင်း နိမိတ်ကောင်းဖြစ်ကြောင်း ပြောပြလေသည်။
ဘိုးပိုက်ဆံလောင်းလျာသည် ဆင်ဖြူကို မြင်ရပြီးနောက်ပိုင်း ဆင်တဲထမင်းချက် အလုပ်ကထွက်ပြီး မိဘအိမ်တွင် ပြန်နေလိုက်သည်။ထိုစဉ် စောသက်ပေါ ပြောလိုက်သော တစ်နေ့တွင် အမျိုးသားအကျိုး၊ အများအကျိုးကို ထမ်းဆောင်ရမည် ဟူသော စကားကိုသာ ပြန်လည်ကြားယောင်နေမိသည်။ထို့ကြောင့် မိဘများက သားစိတ်ချမ်းသာစေရန် နော်ဝါး အမည်ရှိ မိန်းကလေးနှင့် အိမ်ထောင်ချပေးလိုက်သည်။ သို့ရာတွင် အိမ်ထောင်ရေး ကံမကောင်းအကြောင်းမလှ၍ သားဦးကို မွေးဖွါးရာမှ ဇနီးသည် ဆုံးသွားလေသည်။ ဤတွင် စောဆာဖိုးဝါးသည် အိမ်ထောင်ရေး သံယောဇဉ်ပြတ်သွားပြီး မိဘနှစ်ပါးကို နှုတ်ဆက်ကာ ရွှေကျင်မြို့ရှိရာ မြေပြန့်ဒေသသို့ ဆင်းလာသည်။ ပထမတွင် ရွှေကျင်မြို့ရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွင် တည်းခိုကာ ဗုဒ္ဓဘာသာစာပေများကို သင်ယူသည်။မကြာမီ ဘိုးပိုက်ဆံလောင်းလျာသည် မိရိုးဖလာကိုးကွယ်သော နတ်အယူဝါဒကို စွန့်လွတ်ပြီး ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်လာလေသည်။ စောဆာဖိုးဝါးသည် ပါရမီဓာတ်ခံရှိသူပီပီ သက်သတ်လွတ်စားသည်၊ ငါးပါးသီလ စောင့်ထိန်းသည်၊ အဓိဌာန်ဝင်သည်။ထို့ကြောင့် ဘိုးပိုက်ဆံသည် အံ့သြလောက်အောင် တိုးတက်ပြောင်းလဲလာလေတော့သည်။
ဤသို့ဖြင့် ၁၈၆၆-ခုနှစ်မှာပင် မူလလူဝတ်ကို စွန့်၍ ၀တ်ဖြူစင်ကြယ်ကို ပြောင်းလဲဝတ်လိုက်သည်။ ရွှေကျင်နှင့် ကျောက်ကြီးအကြားရှိ လေချွန်တောင် နှင့် သက်ကယ်တောင်ပေါ်သို့ သွားရောက်၍ သီလစောင့်ထိန်းခြင်းစတဲ့ အလုပ်များကို ဆက်လက်ကျင့်သည်။ထိုအချိန်မှစ၍ ကရင်ဗြဟ္မာစိုရ်အဖွဲ့ကို ဦးဆောင်ဖွဲ့စည်းတည်ထောင်လိုက်သည်။ထို့ကြောင့် လူအချင်းချင်း မေတ္တာထားနိုင်ရန် ဗြဟ္မာစိုရ်တရားကို စတင်ဟောပြော၊ဆော်သြလိုက်သည်။စောဆာဖိုးဝါး၏ သတင်းသည် တောမီးပမာ ရပ်ဝေးရပ်နီးဆီသို့ ပျံ့နှံ့သွားတော့သည်။ ဤသို့ဖြင့် ရပ်ဝေးရပ်နီးရှိ အမျိုးသားအပါအ၀င် နယ်ရှိလူများအားလုံး လေချွန်တောင်ပေါ်သို့ စုဝေးရောက်ရှိလာကြသည်။ထိုအချိန်မှစ၍ ဘိုးပိုက်ဆံဟု အမည်တွင်သွားသည်။
ဘိုးပိုက်ဆံကို မနာလိုသူတို့က တိုင်ကြားမှုကြောင့် ဗြိတိသျှအစိုးရက ဖမ်းဆီးလိုက်သည်။ အပြစ်မရှိဘဲ အချုပ်က လွတ်လာပြီးနောက် ၁၈၈၂-ခုနှစ်သို့ရောက်လျှင် သူ့နောက်လိုက်များနှင့်အတူ ရွှေကျင်မြို့ နိုင်ငံခြားခရစ်ယာန်သာသနာပြုအဖွဲ့ထံ ၀င်ရောက်ခိုလှုံခဲ့ရသည်။ ၁၈၈၈-ခုနှစ်သို့ရောက်လျှင် ဘိုးပိုက်ဆံနှင့်နောက်လိုက်များသည် ဖဒိုပလော(ခေါ်) ဖဒိုရွာကြီးကို တည်လိုက်သည်။ဖဒိုရွာသည် ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်၏ အနောက်ဘက်(၇)မိုင်ကျော်အကွာတွင် တည်ရှိသည်။
သာသနာပြုအဖွဲ့၏အကူအညီဖြင့် မြေဧကပေါင်း(၁၅၀၀၀)ကို ဂရမ်ရလိုက်သည်။ဘိုးပိုက်ဆံသည် မူလဗြဟ္မာစိုရ်အခြေခံတရားနှင့် ခရစ်ယာန်တရားကို ပေါင်းစပ်၍ ခရစ်ယာန်ဘာသာသို့ ကူးပြောင်းသွားလေသည်။ဘိုးပိုက်ဆံ၏ အယူဝါဒမှာ ဘာသာပေါင်းစုံမှ အလေးထားအပ်သော ဗြဟ္မစိုရ်အခြေခံတရားပင်ဖြစ်ပါသည်။ အလှူဒါနပြုရာတွင်လည်း တစ်ခေတ်တစ်ခါက ထင်ရှားသော ရသေ့ကြီးဦးခန္ဓီနှင့် တန်းတူလောက်ရှိသည်ဟု ဆိုပါသည်။ ၁၉၁၂-ခုနှစ်၊အသက်(၇၀)အရွယ်တွင် ဘိုးပိုက်ဆံသည် ဖဒိုရွာကြီး၌ပင် ထူးဆန်းစွာ ပျောက်ဆုံးခြင်းနှင့်အတူ သေဆုံးသွားလေသည်။သို့ရာတွင် သူ့ကို ကြည်ညိုလေးစားသူများက တစ်နေ့တွင် ဘိုးပိုက်ဆံပြန်လာဦးမည်ဟု ယုံကြည်နေဆဲဖြစ်သည်။