Mar 6, 2009

ကရင်ရှေ့ရေး အလင်းရောင်ပေးခဲ့သူ

ကရင်လူမျိုးတို့သည် စာပေအရေးအသားမပေါ်ပေါက်မီအချိန်ကတည်းက ထား ဟုခေါ်သော ကဗျာလင်္ကာများကို ၀ါသနာထုံခဲ့သည့်အလျောက် သက်ကြီးစကားသက်ငယ်ကြား ဆိုသည့်အတိုင်း သားစဉ်မြေးဆက်တို့အား မိမိလူမျိုးတို့ ရှေးကဖြစ်ပျက်ခဲ့သည်များကို နှုတ်တိုက်အာဂုံဆောင် လက်ဆင့်ကမ်းပြောကြားခဲ့ကြသည်။

ထိုရှေးကဗျာလင်္ကာများတွင် ကရင်လူမျိုးများ ထီ့ဆေ့မေ့ယွာ အရပ်တွင် သာယာဝပြောသောနိုင်ငံတစ်ခုအဖြစ် နေထိုင်ခဲ့ပြီး အကြီးအကဲမှာ ဘိုးတော်ကြီး ထော့မဲပါ ဖြစ်ကြောင်းပါရှိပါသည်။ ထီ့ဆေ့မေ့ယွာ ၏ အဓိပ္ပါယ်မှာ အလွန်ကျယ်ပြန့်သော သဲပြင်ကြီးအား မြစ်ချောင်းများဖြတ်ကျော်စီးဆင်းရာမှ ရေနှင့်အတူ သဲများ ရောပါစီးဆင်းသွားခြင်းကို ဆိုလိုသည်။ ထိုအရပ်ဒေသမှ စတင်ပြောင်းရွှေ့လာကြသည့် ကရင်လူမျိုးများသည် နှစ်ပေါင်းများစွာ ကြာသောအခါ နေရာဒေသအနှံ့အပြားသို့ ရောက်ရှိကွဲပြားသွားကြသော်လည်း တစ်ချိန်တွင် ဘိုးတော်ကြီး ထောမဲပါမှ သားသမီး မြေးမြစ်တို့အား ပြန်လည်စုစည်း၍ ၀က်သားဟင်းဖြင့် စုပေါင်းကျွေးမွေးကြဦးမည်ဟု အဆိုရှိခဲ့သည်။နှုတ်တိုက်အာဂုံဆောင်ပြောခဲ့ကြသည့် ကဗျာလင်္ကာများပင်ဖြစ်သော်လည်း အမျိုးသားရေးစရိုက်လက္ခဏာပါရှိသည်ဖြစ်၍ ကရင်လူမျိုးတို့၏နှလုံးအိမ်တွင် ယနေ့တိုင်စွဲထင်လျက်ရှိသည်။
ကရင်လူမျိုးတို့သည် အေးချမ်းစွာနေလိုသော သဘာဝရှိသည့်အားလျော်စွာ မိမိတို့ဖြတ်သန်းခဲ့ရသည့်ခရီးတစ်လျှောက် ဘ၀လုံခြုံမှုမရှိသောကြောင့် စိုးရိမ်ထိတ်လန့်စွာဖြင့် ပြေးဖို့ရန်အသင့်ဖြစ်နေခဲ့ရသည်။ လွန်ခဲ့သည့် ရာစုနှစ်တစ်ခုကျော် ၁၈၈၁-ခုနှစ်ဆီက ကရင်လူမျိုးတို့၏ ဘ၀လုံခြုံတိုးတက်မှုအတွက် ဖေါ်ဆောင်ပေးနိုင်မည့် အသင်းအဖွဲ့တစ်ခုကို ဖွဲ့စည်းလာခဲ့ကြသည်။၎င်းအဖွဲ့အစည်းမှာ ကရင်လူမျိုးတိုင်း၏နှလုံးအိမ်တွင် တည်ရှိနေဆဲဖြစ်သော ကရင်အမျိုးသားအသင်း (Karen National Association)ဖြစ်သည်။စကောကရင်ဘာသာစကားအားဖြင့် ဒေါကလူ ဟု အများသိကြသည်။ဒေါကလူအသင်းစတင်ဖွဲ့စည်းသည့်ကာလသည် အောက်မြန်မာနိုင်ငံကိုသာ အင်္ဂလိပ်တို့သိမ်းပိုက်နိုင်ခဲ့သည့်ကာလဖြစ်ပြီး အထက်မြန်မာနိုင်ငံကိုမူ သီပေါမင်းအုပ်ချုပ်ဆဲကာလဖြစ်သည်။အိန္ဒိယအမျိုးသားကွန်ဂရက်သည်၁၈၈၅-ခုနှစ်တွင်လည်းကောင်း၊ ၀ိုင်အမ်ဘီအေအသင်းသည်၁၉၀၆-ခုနှစ်တွင်လည်းကောင်း၊ ဒေါကလူအသင်းထက် နောက်ကျမှ ပေါ်ပေါက်ဖွဲ့စည်းလာခဲ့သည်။ဒေါကလူသင်းသည် ကရင်လူမျိုးမပပျောက်ရေးအတွက် မည်သည့်လူမျိုးကိုမျှ မထိခိုက်၊ မည်သည့်ဝါဒဘက်မှမလိုက်၊ အမျိုးသားရေးသန့်သန့်ဖြင့် ကရင်လူမျိုးတို့အား ဦးဆောင်မှုပေးခဲ့သည်။

ဆက်ဖတ်ရန်...

ကရင်မျိုးချစ်လူငယ်အမြောက်အများကိုလည်း မွေးထုတ်ပေးနိုင်ခဲ့သည်။ကရင်စကားပြောရေး၊ ကရင်ဝတ်စုံဝတ်ရေး၊ ကရင်လူမျိုးများအမည်ရှေ့တွင် နော်၊ နမ့်၊ စော၊ စ၊ မန်း စသည်တို့ ထည့်သွင်းပြောဆိုရေး၊ ကရင်စာပေသင်ကြားရေးမှသည် အမျိုးသားကိုယ်စားပြု ကရင်အမျိုးသားအလံ၊ ကရင်အမျိုးသားသီချင်း၊ ကရင်အမျိုးသားနေ့ (National Day) ရရှိရေးအတွက် တိုင်းတစ်ပါးအုပ်ချုပ်သူ အင်္ဂလိပ်အစိုးရထံ တင်ပြတောင်းဆိုခဲ့သည်။(ကရင်အမျိုးသားနေ့အစား ၁၉၃၈-ခုနှစ်တွင် ကရင်နှစ်သစ်ကူးနေ့ကိုသာ ရရှိခဲ့သည်။ထိုအချိန်သည် နယ်ချဲ့ဆန့်ကျင်ရေး၊ လွတ်လပ်ရေးတိုက်ပွဲပြင်းထန်စဉ်ကာလဖြစ်၍ ကရင်လူမျိုးတို့အား အမျိုးသားရေး၊ နိုင်ငံရေးလမ်းကြောင်း လွှဲပြောင်းပေးခဲ့ခြင်းသာဖြစ်သည်။စာရေးသူ)
ပဒေသရာဇ်ခေတ်တစ်လျှောက်လုံး ဖြတ်သန်းလာခဲ့ကြသည့်ကာလတွင်သာမက ထို့ထက်ဆိုးဝါးသည့် တိုင်းတစ်ပါးနယ်ချဲ့စနစ် စတင်ဝင်ရောက်လာချိန်၊ မြန်မာနိုင်ငံတစ်ခုလုံး သူ့ကျွန်ဘ၀မရောက်ရှိခင်ကတည်းက ဒေါကလူအသင်း၏အမျိုးသားကြိုးပမ်းမှုသည် ဘိုးဘေးတို့၏ အမျိုးသားရေးတာဝန်ကို လွှဲပြောင်းပေးနိုင်ခဲ့သလို နောက်မျိုးဆက်သစ်တို့အား အမြော်အမြင်ကြီးစွာ လက်ဆင့်ကမ်းပေးနိုင်ခဲ့သည်။ဒေါကလူအသင်းကို ပထမဆုံးတည်ထောင်ခဲ့သူမှာ ဒေါက်တာတီသံဗြာ (M.A,D.D) ဖြစ်သည်။ဒေါကလူအသင်းနှင့်ဒေါက်တာတီသံဗြာသည် ဒင်္ဂါးပြားတစ်ခု၏ ခေါင်းနှင့်ပန်းကို ခွဲမရသကဲ့သို့ ဒေါကလူအသင်းသည်လည်း ကရင်လူမျိုးတို့၏နှလုံးအိမ်တွင် ဖျက်မရသည့် အမျိုးသားရေးမှတ်တိုင်တစ်ခုဟု ဆိုချင်ပါသည်။
ဒေါက်တာတီသံဗြာ၏ အမည်ရင်းမှာ သံဗြာဖြစ်သည်။ ၁၈၄၂-ခုနှစ်၊ ပုသိမ်မြို့ ကျုံလားရွာတွင် မွေးဖွါးခဲ့ပြီး မိဘနှစ်ပါးစလုံးမှာ စကောကရင်လူမျိုးများဖြစ်ကြသည်။(၆)နှစ်သားအရွယ်တွင် ဖခင်ဆုံးပါး၍ မိခင် မုဆိုးမကြီးနှင့် နေထိုင်ကြီးပြင်းလာခဲ့ရပြီး စားဝတ်နေရေးအတွက် ကျွဲကျောင်းသည့်အလုပ်ကိုပင် လုပ်ကိုင်ခဲ့ရသည်။ သံဗြာ(၁၀)နှစ်သားအရွယ် ၁၈၅၂-ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲဖြစ်ပွါးလာသဖြင့် တောပုန်းဓားပြရန်မှ လွတ်ကင်းရန်အတွက် ပုသိမ်မြို့ပေါ်သို့ ပြောင်းရွှေ့ခဲ့ရသည်။ ထိုအချိန်မှစ၍ ကျွဲကျောင်းသား သံဗြာသည် အမေရိကန်နှစ်ခြင်းသာသနာမှ ဖွင့်လှစ်သည့် ကိုးဆူအကယ်ဒမီကျောင်းတွင် ပညာသင်ခွင့်ရခဲ့သည်။ ကိုးဆူအကယ်ဒမီကျောင်းသည် နွေရာသီတွင်သာဖွင့်လှစ်သည့်ကျောင်းဖြစ်သည်။
ဓနုဖြူမြို့တွင် အလှည့်ကျ နှစ်ခြင်းခရစ်ယာန်အစည်းအဝေးကျရောက်သည့် နှစ်တစ်နှစ်တွင် ရန်ကုန်၊ ပုသိမ်၊ ဓနုဖြူ ဒေသအသီးသီးမှ နှစ်ခြင်းခရစ်ယာန်ခေါင်းဆောင်များနှင့် ဘာသာဝင်အများအပြားလာရောက်ကြရာ သံဗြာတို့ သားအမိသည်လည်း အပါအ၀င်ဖြစ်သည်။ ထိုအစည်းအဝေးတွင် သူတို့သားအမိသည် သာသနာပြုဆရာ မစ္စတာဗင်တန်တို့ဇနီးမောင်နှံနှင့်ဆုံတွေ့ခဲ့သည်။ ဤသည်ပင် သံဗြာအဖို့ ဘ၀အလှည့်အပြောင်းဖြစ်စေခဲ့သည်။ (မစ္စတာဗင်တန်သည် အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲတွင် ပဲခူးရိုးမှဒေသမှ ကရင်စစ်ပြေးဒုက္ခသည်များအား ရန်ကုန် အလုံရွာ(ယခု ကရင်ခြံ)ကို ဂရန်ခံဝယ်ယူ၍ ရွာတည်ထောင်ပေးခဲ့သူဖြစ်သည်။)
သံဗြာ၏ရိုးသားမှု၊ ဥာဏ်ရည်ထက်မြက်မှုကို သာသနာပြုဆရာများက သဘောကျကြသည်။ မစ္စတာဗင်တန်၏ ရည်ရွယ်ချက်မှာ ခရစ်ယာန်သာသနာပြုလုပ်ငန်းကို နောင်တစ်ချိန်တွင် ဒေသခံတိုင်းရင်းသားများသို့ လွှဲပြောင်းပေးနိုင်ရေးအတွက် ကယ်ဆယ်ရေးလုပ်ငန်းနှင့်အတူ ကျန်းမာရေး၊ ပညာရေးလုပ်ငန်းများကိုပါ ဘက်စုံဆောင်ရွက်ခဲ့သည်။ဤအထဲတွင် သံဗြာအား အမေရိကန်ပြည်သို့ပို့၍ ပညာသင်ကြားစေရေးလည်းပါဝင်သည်။ သံဗြာကိုယ်တိုင် ပညာသင်ကြားလိုစိတ်၊ စွန့်စားလိုစိတ်ရှိသူဖြစ်၍ သံဗြာ၏မိခင်သည်လည်း သား၏နောင်ရေးအတွက် သံဗြာအား မစ္စတာဗင်တန်ဇနီးမောင်နှံထံသို့ အပ်နှံလိုက်သည်။ သံဗြာကို ပညာသင်စေလွတ်ရန် ရည်ရွယ်၍ ရန်ကုန်သို့ခေါ်ဆောင်လာခဲ့သည်။၁၈၅၈-ခုနှစ်တွင် မစ္စတာဗင်တန်ကွယ်လွန်၍ သံဗြာအဖို့ ပညာသင်ကြားရေးသည်လည်း ကံမကောင်းအကြောင်းမလှ၍ ရပ်ဆိုင်းသွားခဲ့ရသည်။
၁၈၆၅-ခုနှစ်သို့ ရောက်သောအခါ အမေရိကန်ပြည်သို့ပြန်၍ အနားယူမည့် သာသနာပြုဆရာမ မစ္စစ်အင်ဂေါအား သာသနာပြုအားလုံးက သံဗြာကို ခေါ်ဆောင်သွားရန်အဆိုပြုကြရာ သံဗြာအဖို့ အမေရိကန်ပြည်သို့ ပညာသင်ကြားရေးအတွက် အခွင့်အလမ်းတစ်ခု ထပ်မံပေါ်ပေါက်ခဲ့ပြန်သည်။သံဗြာသည် အလားအလာကောင်းသည့် လူငယ်တစ်ဦးဟု အများကယူဆထားကြရာ မစ္စစ်အင်ဂေါနှင့်အတူ အမေရိကန်နိုင်ငံသို့ ပညာသင်ကြားရန် လိုက်ပါခွင့်ရခဲ့သည်။သံဗြာ၏အကြောင်းကြားမှုကြောင့် ပုသိမ်တွင် ရှိနေသည့်မိခင်ကြီးသည်လည်း မိမိသားအား ၀မ်းသာအားရဖြင့် ရန်ကုန်သို့လာ၍ နှုတ်ဆက်ခဲ့သည်။သို့သော်လည်း သံဗြာ၏မိခင်သည် အဖမဲ့သားအား မိစုံဖစုံမဟုတ်ဘဲ လူလားမြောက်အောင် ကျွေးမွေးစောင့်ရှောက်ခဲ့ရပြီး မပြည့်မစုံဘ၀ဖြစ်၍ နိုင်ငံခြားပညာသင်သွားမည့် သားဖြစ်သူအား ငွေသားတစ်မတ်နှင့် ကရမက်တုံးလေး တစ်တုံးသာ ရေခြားမြေခြားသွားမည့် သားဖြစ်သူအား အမှတ်တရ အလွမ်းပြေလက်ဆောင်ပေးလိုက်နိုင်ရှာသည်။ သို့သော်လည်း သံဗြာ၏ မုဆိုးမမိခင်စိတ်ထဲတွင် မိခင်မေတ္တာသည်လည်းကောင်း၊ အနာဂတ်ကရင်အမျိုးသားများအတွက် သားကောင်းတစ်ယောက် မွေးဖွားကျွေးမွေးခွင့်ရခဲ့သည့် ရည်မှန်းချက်နှင့်ဂုဏ်ယူမှုသည်လည်းကောင်း ငွေသားတစ်မတ်နှင့် ကရမက်တုံးလေးတစ်တုံးဖြင့် နှိုင်းယှဉ်တန်ဖိုးဖြတ်၍ ရနိုင်မည်မထင်ပါ။
အမေရိကန်နိုင်ငံသို့အသွား စီးလာသည့် ပင်လယ်ကူးသင်္ဘောသည် ထိုစဉ်က အာဖရိကတိုက်ဂွတ်ဟုပ်အငူကို လှည့်ပတ်မောင်းရသဖြင့် အမေရိကန်ပြည်သို့ရောက်ရန် (၆)လကြာမောင်နှင်ခဲ့ရသည်။ သံဗြာ၏အသက်သည် (၂၃)နှစ်အရွယ်ဖြစ်သည်။ အမေရိကန်ပြည်သို့ရောက်ပြီး နယူးယောက်မြို့မှတဆင့် ဘော်စတွန်မြို့သို့ရောက်ခဲ့သည်။ ထိုနိုင်ငံတွင် သံဗြာသည် စားဝတ်နေရေးအတွက် သတင်းစာ၊ ဂျာနယ်၊မဂ္ဂဇင်းများကို လမ်းတောက်လျှောက်ရောင်းချပြီး ပညာသင်ကြားရေးအတွက် ငွေစုခဲ့ရသည်။သံဗြာသည် မြန်မာနိုင်ငံတွင် နေထိုင်စဉ်ကတည်းက မစ္စတာဗင်တန်တို့ဇနီးမောင်နှံကျေးဇူးကြောင့် မြေတိုင်းပညာကို တတ်မြောက်ခဲ့ရာ အမေရိကန်ပြည်၏ မီးရထားဌာနတွင် မြေတိုင်းအလုပ်ကို ဆက်လုပ်ရင်း ငွေစုပြန်သည်။ထိုစဉ်က အမေရိကတိုက် တောတောင်များတွင် ကျွဲရိုင်းများပေါလှ၍ မီးရထားဖေါက်လုပ်ရာတွင် ကျွဲရိုင်းအန္တရာယ်ကို နှိမ်နင်းရေးအတွက် မီးရထားကုမ္မဏီများက သေနတ်ပစ်ခတ်နှိမ်နင်းရန် လူငှားခဲ့သည်။ ငယ်စဉ်က လောက်လေးခွဖြင့် ကျွဲကျောင်းခဲ့ဖူးသည့် သံဗြာအတွက် ကျွဲရိုင်းများနှိမ်နင်းရေးအလုပ်ရခဲ့ပြန်သည်။
သံဗြာသည် စာနယ်ဇင်းရောင်းချသည့်အလုပ်၊ မြေတိုင်းအလုပ်၊ ကျွဲရိုင်းနှိမ်နင်းရေးအလုပ်တို့မှ စုဆောင်းရရှိသည့်ငွေဖြင့် ဂိုချက်စတာတက္ကသိုလ်၌ တက်ရောက်ပညာသင်ကြားခဲ့သည်။ အမေရိကန်ပြည်ထောင်စုသို့ရောက်ပြီး (၆)နှစ်အကြာ ၁၈၇၁-ခုနှစ်တွင် ၀ိဇ္ဇာဘွဲ့(B.A)ကို ရရှိခဲ့သည်။ နောက်(၂)ကြာသောအခါ (M.A)ဘွဲ့ကို ရရှိခဲ့ပြန်သည်။ မိမိစရိတ်ဖြင့် အမေရိကန်နိုင်ငံတွင် မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည့် မြန်မာနိုင်ငံသားများအနက် ဒေါက်တာတီသံဗြာသည် ပထမဆုံးဖြစ်သည်။ ဒေါက်တာတီသံဗြာသည် ပညာရေးရည်မှန်းချက်ပြည့်စုံသည်နှင့် အမိနိုင်ငံသို့ ပြန်လာခဲ့သည်။ ကမ္ဘာအရပ်ရပ်သို့ရောက်ဖူးခဲ့ပြီး အမေရိကန်ပြည်ထောင်စုတွင် မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည့် ဒေါက်တာတီသံဗြာသည် အမိနိုင်ငံသို့ပြန်ရောက်သောအခါ ဗြိတိသျှအုပ်ချုပ်ရေးယန္တရားတွင် ရာထူးပေးဆွဲဆောင်သော်လည်း ငြင်းပယ်ခဲ့သည်။အလုံ-ပဲခူး ကရင်အထက်တန်းကျောင်း(ယခု အ.ထ.က (၁၀)အလုံ)တွင် ကျောင်းဆရာအဖြစ် ၀င်ရောက်အမှုထမ်းခဲ့သည်။စကောကရင်ဘာသာဖြင့် စာအုပ်ပေါင်း(၂၅)အုပ်အထိ ပြုစုခဲ့ရာ စကောကရင်-အင်္ဂလိပ် အဘိဓာန်သည်လည်း အပါအ၀င်ဖြစ်သည်။ခရစ်ယာန်ဘာသာတရားဆိုင်ရာ စာပေပြုစုမှုအတွက် (D.D)ဘွဲ့ကိုလည်း ရရှိပြန်သည်။
နှစ်ရှည်လများ ကမ္ဘာအရပ်ရပ်တွင် ရောက်ရှိနေထိုင်ခဲ့ဖူးသော်လည်း ဒေါက်တာတီသံဗြာသည် အမိမြေနှင့် မိမိလူမျိုးကို ချစ်မြတ်နိုးသူဖြစ်ကြောင်း ၄င်း၏ ရင်ဖွင့်ရေးသားချက်တစ်ခုတွင် ကမ္ဘာပေါ်မှာ အလှပဆုံးဖြစ်သည့် မိမိမွေးရပ်ဇာတိမြေသို့ ပြန်လာသော ကျွန်ုပ်အား ရန်ကုန်မြစ်ဝဲယာနှစ်ဘက်ရှိ ရေစပ်ဆီမှ လေအဟုန်ကြောင့် ယိမ်းညွတ်နေသော လမုပင်ကလေးများသည်ပင် ၀မ်းပန်းတသာ ကြိုဆိုနေကြရော့လေသလားဟု ကျွန်ုပ်မှတ်ထင်မိတော့သည် ဟူ၍ပါရှိသည်။အမိမြေနှင့် အမျိုးကိုချစ်တတ်သူ၊ ကရင်လူမျိုးတို့၏အမျိုးသားရေးကို အတိုင်းအဆ ဖေါ်မပြနိုင်သောရည်မှန်းချက်ဖြင့် အမျိုးသားရေး မီးရှူးတိုင်အဖြစ် ၁၈၈၁-ခုနှစ် ဒေါကလူခေါ် ကရင်အမျိုးသားအသင်း (Karen National Association)ကို တည်ထောင်ခဲ့သူ ဒေါက်တာတီသံဗြာသည် ကရင့်နှလုံးအိမ်ထဲတွင် ထင်ကျန်ရစ်နေဆဲ အမျိုးသားရေးမှတ်တိုင်တစ်ခု ဖြစ်ပေသည်။

မန်းထိန်ဝင်းစိန်

No comments: