Mar 7, 2010

တွေ့ရကြုံရ စိတ်ဓာတ်ကျ

စာရေးသူ တွေ့ရကြုံရသမျှကို တစေ့တစောင်း ပြောပြလိုပါသည်။ အခြားတော့ မဟုတ်ပါ။ စာဖတ်သူတို့ သိပြီးသားဖြစ်သည့် ကရင်စာပေ ရေးထုံးကြောင့် စုစည်းရာမှ ပြိုကွဲရသည့် ကိစ္စပါပဲ။စာရေးသူတို့ ကရင်လူမျိုးသည် ကရင်စာပေ တိုးတက်ရေးကို ၀န်ဆောင်မှုအားနည်းပြီး ရေးထုံးပြိုင်ဆိုင်မှုကြောင့် ယနေ့တိုင်ကရင်စာပေ တိုးတက်မှုနှေးကွေးသည်ဟု ယူဆမိပါသည်။

ရေးထုံးကွဲတော့ လက်တွဲရခက်သည် ဟုဆိုနိုင်သလို ရေးထုံးမတူ ၀ိုင်းမကူ ဟုလည်း ပြောကြပါသည်။ သို့နှင့်ပတ်သက်ပြီး သည်ကနေ့ ရေးထုံးတစ်ခု ထပ်ပေါ်လာပြန်သည်။ ကရင်အမျိုးသားများ အတွက်နောက်ထပ်အက်ကြောင်းနိမိတ်တစ်ခုလို့ ဆိုရလေမလားပဲ။ နဂိုကမှ ရေးထုံးကြောင့် စုစည်းရခက်၍ ယခုတော့ တစ်ပူပေါ် နှစ်ပူဆင့်မကဘဲ နှစ်ပူပေါ် လေးပူဆင့်အဖြစ်သို့ ဆိုက်ရောက်ပေပြီ။

အဘယ့်ကြောင့်ဆိုသော် မူရင်းရေးထုံးနှင့်ပဲ လူတွေက အကျင့်ပါလေတော့ ယခုမှ ရေးထုံးအသစ်တစ်ခုကို မသင်မနေရ အမိန့်ဆိုပြီး သင်နေရသည်။ ပညာသင်တာ မမှားဘူး ဆိုလို့နိုင်သော်လည်း အချို့က ခေတ်နောက်ပြန်ဆွဲသည်ဟု ဆိုသည်။ အပိုအလုပ်ဆိုပြီး လုံးဝလက်မခံကြပေ။ အချို့ကမူ စာပေဗဟုတုတနည်းပြီး အယူသီးလွန်းကာ လက်ခံကြသည်လည်း ရှိသည်။ ပုဂ္ဂိုလ်စွဲလို့ပဲ ဆိုဆို၊ အယူသီးလို့ပဲ ပြောပြော ဒါတွေက အဓိက မဟုတ်ပါ။ အရေးကြီးသည်က နားလည်မှုပင်ဖြစ်သည်။

ယခု လက်ရှိအနေအထားမှာ နားလည်မှု နည်းနည်းလွဲသည်နှင့် တူပါသည်။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့ရေးထုံးမှ သူ့ရေးထုံး၊ ကိုယ့်ရေးထုံးမှ ကိုယ့်ရေးထုံး… အဲသည်လို အချင်းချင်း ပြိုင်တူကြွေးကြော်ကြသည်။ နောက်ဆုံးတော့ ဘယ်ဟာမှ ပန်းတိုင်မရောက်ပါ။ ဒီပုပ်ထဲက ဒီပဲသာဖြစ်သည်။ ဖြစ်သင့်သည်က အများ၏ဆန္ဒကို မေးပြီးမှ လူထုက လက်ခံလျှင် အတည်ပြု ဖော်ထုတ်သင်ကြား၊ လက်မခံလျှင် ရပ်တန်းက ရပ်သင့်သည်။ ကရင်လူမျိုးကို ချစ်သည်ဆိုလျှင် ဘာမကျေနပ်စရာ အကြောင်းရှိသနည်း။

+ Read more

သည်လိုမှ မလုပ်လျှင် အခြားနည်းလမ်းမရှိပေ။ သည်လိုမဟုတ်ဘဲ သူ့ပရိသတ်၊ ကိုယ့်ပရိသတ်ဆိုပြီး အတ္တကို ရှေ့တန်းတင်လျှင်တော့ထပ်ပြိုကွဲရန်သာရှိသည်။ စစ်မှန်သော ကရင်အမျိုးသားစာပေ(၀ါ) ဘုံစာပေ ဘယ်တော့မှ ဖြစ်လာနိုင်မည်မဟုတ်ပါ။ ဘာကြောင့် သည်လိုပြောရသလဲဆိုလျှင် နယ်တစ်နယ်က ကရင်နှစ်သစ်နေ့ မင်္ဂလာအခမ်းအနားတစ်ခုမှာ ဟောပြောစင်မြင့် နောက်ခံစာလုံးကို မူရင်းရေးထုံးစာလုံးနှင့် မရေးသည့်အတွက် တချို့က သဘောမတူဘဲ စကားများကြသည်။
ပုဂ္ဂိုလ်စွဲသမားများကလည်း ယခုပေါ်သည့် ရေးထုံးနှင့်ရေးမှ နှစ်သစ်ကူးပွဲ ပါဝင်ဆင်နွဲမည်ဟု ဆိုပြန်သည်။ အဲသလို ရေးထုံးအစွဲကြီးနေလျှင် စည်းလုံးညီညွတ်ရေးကို ဘယ်လိုတည်ဆောက်မည်နည်း။ သည်နေရာမှာ ရေးထုံးနှင့် ကရင်နှစ်သစ်ကူးကျင်းပနေတာလား၊ အမျိုးသားရေးအတွက် ကျင်းပနေတာလား…. စသည်ဖြင့် မေးစရာရှိပါသည်။ အသင်စာဖတ်သူ မည်သို့ဖြေမည်နည်း….။

ဖြစ်ရပ်တစ်ခု ရှိသေးသည်။ ရွာတစ်ရွာက ဖြစ်ပျက်တဲ့ ကရင်စာပေသင်တန်း ကိစ္စပါ။ ထိုရွာသည် တစ်နှစ်တစ်ကြိမ် ကရင်စာပေသင်တန်းကို မပျက်မကွက် ဖွင့်လှစ်လေ့ရှိသည်။ အဲသည်ကြားမှာပင် ယခုပေါ်နေသည့် ရေးထုံးအဖွဲ့ကလည်း မသင်မနေရ ဆိုပြီး ဖိအားလာပေးသည်။ ရှိရင်း အဖွဲ့ကလည်း လက်မခံချင်။ သည်တော့ အချင်းချင်း အစာမကြေမှုတွေ ဖြစ်လာသည်။ ဘာမှ မဟုတ်သည့် ကိစ္စတစ်ခုကြောင့် တစ်ယောက်နှင့်တစ်ယောက်၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အယုံအကြည်နည်းလာသည်။ သဘေထား ကွဲလွဲလာသည်။ သူစိမ်းလို ဆက်ဆံလာကြသည်။ တရားခံကား ….စာပေရေးထုံး အစွဲကြောင့် ဟု ဆိုရလေမလား…။
နောက်တစ်ရွာကတော့ ရေးထုံးနှစ်မျိုးစလုံး တွဲသင်ကြသည်။ သို့သော် တွဲသင်တိုင်း စုစည်းမှု ဖြစ်မလာပေ။ အကြောင်းကား သင်တန်းရက်စေ့လို့ သင်တန်းဆင်းပွဲဆုချီးမြှင့်သည့်အချိန်မှာ ဆုကြေးမတူလို့ နည်းပြအချင်းချင်း၊ ဆုရသူအချင်းချင်း စကားများကြခြင်းဖြစ်ပါသည်။ အဲသလို ပြဿနာဖြစ်ပြီးနောက်ပိုင်း ကရင်စာပေသင်တန်းဖွင့်လှစ်ခြင်း မတွေ့ရတော့ပေ။ ဒါလည်းပဲ ရေးထုံးကြောင့်လား။

ရေးထုံးနှင့်ပတ်သက်လို့ ကောင်းမကောင်း၊ အကျိုးရှိမရှိ စာရေးသူ မဝေဖန်လိုပါ။ ကရင်လူထု သို့မဟုတ် စာပေပညာရှင်များက ဝေဖန်ပါလိမ့်မည်။ လူထုဆန္ဒအရ စာရေးသူသိရသလောက် အချို့ဒေသတွေမှာ ယခင့်ယခင်က ကရင်စာပေကို အားတက်သရော သင်ယူပါလျက်နှင့် ယခုတော့ မသင်ယူကြပဲ နေနေကြသည်။သို့အတွက်ကြောင့် သိချင်ဇောနှင့် တီးခေါက်ကြည့်သောအခါ ဒေသခံတွေက အခုလို ပြောကြသည်။

မူရင်း(မူလ) ရေးထုံးနှင့်ပဲ လူတွေက စိတ်ဝင်စားကြသည်။မူလရေးထုံးကိုပဲ ဆက်သင်ကြလျှင် ပုဂ္ဂိုလ်စွဲလူကြီးတချို့က လက်မခံကြပေ။ သူတို့ရေးထုံးကိုသာ သင်ယူရမည်တဲ့။ သူတို့ရေးထုံးကို မသင်လျှင်သင်နေကျရေးထုံးကိုလည်း သင်ခွင့်မပေးချင်သလိုလိုရှိသည်။ဒါကြောင့် ဟိုရေးထုံးလည်း လူထုမကြိုက်၊ သည်ရေးထုံးလည်း မသင်ဖြစ်၊ ဟိုကမ်းမရောက် သည်ကမ်းမရောက် မြစ်လည်ကြောမှာ တ၀ဲလည်လည် သောင်တင်နေရတော့မည်။ ကြာလျှင် အသက်ထွက်ရန်သာ ရှိတော့သည်ဟု ရင်ဖွင့်လာသည်။ အဲသလိုမျိုးတွေ့နေကြားနေရတော့ စာရေးသူတို့ စာပေရေးသမားအဖို့ စိတ်ဓာတ်ကျမိသည်က အမှန်ပင်။ တစ်ခါတစ်လေစာပေပညာရှင်ကြီးတွေ ဘာကြောင့်ရေးထုံးအမျိုးမျိုး ထွင်ကြသနည်း ဟု မေးလိုက်ချင်သည်။ ရေးထုံးအသစ် တစ်ခုထွင်တိုင်း လူထုလက်ခံလျှင် အကြောင်းမဟုတ်။ လူထုလက်မခံဘဲနှင့် ကိုယ့်ယုံကြည်ချက်တစ်ခုတည်းကို
ရှေ့တန်းတင်ပြီး အမိန့်အာဏာနှင့်ဆက်သွားလျှင် အောင်မြင်လိမ့်မယ်လို့ မထင်နှင့်။ ´အမိန့်´ ၏နောက်မှာ ´အမုန်း´ ဆိုတာ လိုက်လာစမြဲပါ။ သို့ကြောင့် အမိန့်သမားများ သတိထားဆင်ခြင်သင့်ပေသည်။

´အမိန့်` ဟူသည်မှာလည်း သုံးသင့်သည့်နေရာတွင် သုံးရပါလိမ့်မည်။ ဥပမာ ပိုးကရင်လူမျိုးများ နေထိုင်ရာရွာ၌
ပိုးကရင်စာပေကို မသင်မနေရ အမိန့်ထုတ်လျှင် ပိုတောင်ကောင်းသေးသည်။ ထိုနည်းတူ စကောကရင်များ နေထိုင်ရာရွာများမှာလည်း စာပေသင်ကြားရေး အမိန့်ထုတ်လျှင် သဘာဝကျလှပါသည်။ အဲသလို သူ့ရေးထုံးနှင့်သူ လေ့လာသင်ယူ ဖော်ထုတ် ထိန်းသိမ်းပြီးသားရွာတွေကို နောက်ရေးထုံးအသစ်တစ်ခုနှင့် အမိန့်ထုတ်လျှင်ကော နည်းလမ်းကျပါမည်လော။စည်းရုံးရေး အသွင်ဆောင်ပါမည်လော။ရေရှည်ခရီးဖြစ်နိုင်ပါမည်လော။ စဉ်းစားစရာပင်၊ အမျိုးသားရေး အမြင်ရှိသူတိုင်း စဉ်းစားမိလိမ့်မည် ထင်ပါသည်။ထို့ကြောင့် ကရင်အမျိုးသားဘ၀ရှေ့ရေးအတွက် ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ ဒေသစွဲ စသောအဖွဲ့များဖြင့် ဆက်သွားမည်လော။ကရင်အမျိုးသားထု၏ ရွေးချယ်မှုကို ဦးစားပေးမည်လော။ဘယ်လမ်း ရွေးမည်နည်း။ အမှန်ရွေးရန် လိုအပ်ပေသည်။

စာပေလမ်းစဉ် ဟူသည် ပညာရှိတို့၏ လမ်းစဉ်ဖြစ်ပေသည်။သည်ထက် ပိုနားလည်အောင်၊စာပေရေးထုံးအက္ခရာတစ်ခုဖြစ်လာအောင် ပညာရှင်များကသာ ထွင်ယူရပါသည်။အက္ခရာတစ်ခု ထွင်သည့်နေရာမှာ အထောက်အထားခိုင်လုံရန် လိုအပ်ပါသည်။လူထုကို ရှင်းပြနိုင်ရမည်။ထိုသို့မဟုတ်ဘဲ ငါ့ဟာ မှန်တယ်ဆိုပြီး စစ်မြေပြင်မှာ စစ်တိုက်သလို တစ်ချက်လွတ်အမိန့် လုပ်သွားလို့ကတော့ ကြေကွဲစရာပင်။ထို့ကြောင့် စာပေနှင့်ပတ်သက်လို့ စိတ်ဓာတ်ကျစရာတစ်ခု ဖြစ်လာပါသည်။သို့အတွက် ပုဂ္ဂိုလ်စွဲ စာပေသမားများအဖို့ ရှေ့ဆက် လုပ်သင့် မလုပ်သင့် အမြဲတမ်း မျက်စိဖွင့် နားစွင့်နေရမည်။

မျက်မှောက်ကာလခေတ်၏စိန်ခေါ်မှုများကိုရင်ဆိုင်ကျော်လွှားနိုင်ရန်လက်တွေ့ကျသည့်အလုပ်ကိုသာယုံကြည်လက်ခံသင့်ပေသည်။
ဒဏ္ဍာရီပုံပြင်လိုလို၊ တဘောင်လိုလို စသည့် အဆိုအမိန့်များကိုတော့ ချိန်ထိုးကြည့်နူိုင်ရမည်။တဇွတ်ထိုး တဇောက်ကန်းမလုပ်သင့်၊ မျက်ကန်းမျိုးချစ်လည်း မဖြစ်သင့်ပေ။ကိုယ့်လူမျိုး အနာဂတ်လှပရေးကို ရည်သန်ပြီး လုပ်သင့်သည်ကိုသာ လုပ်ဆောင်စေချင်သည်။
ပြိုကွဲမှုသမိုင်းတရားခံ မဖြစ်စေချင်ပါ။ဘုံစာပေ(၀ါ)တစ်ခုတည်းသော ကရင်အမျိုးသားစာပေဖြစ်ချင်လျှင်
လက်ရှိအောင်မြင်ပြီးသား ကရင်စာပေသုံးမျိုးကို ခေါင်းချင်းဆိုင် တိုင်ပင်ဆွေးနွေးပြီးတော့ တစ်ခုခုကို အတည်ပြု၊ သို့မဟုတ် သုံးမျိုးထဲမှ တစ်ခုတည်းဖြစ်အောင် ပညာရှင်များ ဖန်တီးယူမှသာ ဖြစ်လာနိုင်ခြေရှိသည်ဟု ယူဆမိပါသည်။

သို့မဟုတ်လျှင် ဘုံစာပေကို ရည်ရွယ်ပြီး သူတစ်မျိုး၊ ကိုယ်တစ်မျိုး ရေးထုံးထွင်ကြမည်ဆိုလျှင်တော့ အရေအတွက်သာရှိပြီး အရည်အချင်းမရှိသော စာပေအက္ခရာသာ ဖြစ်လိမ့်မည်။ စာရေးသူသည် အမျိုးသားစာပေတာဝန်ထမ်းဆောင်သည့် ကာလတစ်လျှောက်မှာ ပိုတောင်စိတ်ဓာတ်ကျရသေးသည်။ဘာကြောင့်လဲဆိုလျှင် ရေးထုံးအသစ်တစ်ခု ထပ်တိုးလု့ပါပဲ။ဘယ်ရေးထုံးကို အတည်ယူရမှန်းတောင် မသိတော့ပေ။သို့ပေမယ့် ရေးထုံးကို အဓိကမထားတော့ဘဲ ကရင်စာပေ ဟူသောခံယူချက်ဖြင့် ကျနေသည့်စိတ်ဓာတ်ကို အားမာန်သွင်းကာ ကရင်စာပေအတွက် ဆက်လှမ်းလျက်ရှိသည်။ဆက်လှမ်းရင်း၊
ပြဿနာတိုးရင်း၊စိတ်ဓာတ်ကျရင်း၊ တစ်ခုတည်းသော ကရင်အမျိုးသားစာပေကို အိပ်မက်ရင်း……။
အညတတြလုလင်

No comments: