Apr 9, 2010

ချစ်စရာ ဖြတ်ထုံး

ကမ္ဘာပေါ်ရှိ တိုင်းရင်းသား လူမျိုးတိုင်းဝယ် အစဉ်တစိုက် လိုက်နာခဲ့ကြသော ဓလေ့ထုံးတမ်းများ ရှိကြပေသည်။
လူမျိုးတိုင်းသည် မိမိတို့ သက်ဆိုင်ရာ ဓလေ့ထုံးတမ်းများကို လေးစားလိုက်နာကြသည်။ လက်ဆင့်ကမ်း ကျင့်သုံးခဲ့ကြသည်။ ဆက်လက်ထိန်းသိမ်းခဲ့ကြသည်။

ထိုဓလေ့ထုံးတမ်းတို့သည် သက်ဆိုင်ရာ လူမျိုးတို့က လေးစားလိုက်နာကြသည့်အလျောက်၊ မဖျောက်ဖျက်၊ မကျူးလွန်ရဲသည့်အလျောက် ဥပဒေများပမာ ခိုင်မာလာကာ အာဏာသက်ဝင်ကြလေသည်။ အငြင်းပွါးမှုများကို ဖြေရှင်းရာတွင်လည်း နှစ်ဦးနှစ်ဖက် လက်ခံထားသော ဓလေ့ထုံးတမ်းများဖြစ်ကြသောကြောင့် စည်းမျဉ်းဥပဒေများသဖွယ် ကိုးကားလာခဲ့ကြသည်။ ထို့ကြောင့် ဓလေ့ထုံးတမ်း ဥပဒေ (Customary law) ဟူ၍ ပေါ်ပေါက်လာခဲ့ပေသည်။

ယနေ့ ကမ္ဘာပေါ်ရှိ နိုင်ငံများတွင် ကျင့်သုံးလျက်ရှိသော ဥပဒေများကို အကြမ်းမြည်းအားဖြင့် နှစ်မျိုးခွဲခြားနိုင်သည်။ ပြဋ္ဌာန်း ဥပဒေ (Statute law) နှင့် ဓလေ့ထုံးတမ်းဥပဒေ (Customary law) ဟူ၍ ဖြစ်သည်။ ယနေ့ လူမှုအဖွဲ့အစည်းများတွင် တိုးတက်လာမှုများနှင့်အညီ တိုးပွါးလာသော အရှုပ်အထွေးကို ဖြေရှင်းရန် ဥပဒေအသစ် (Statute law) များကို ပြဋ္ဌာန်းလာသလို ဓလေ့ထုံးတမ်း ဥပဒေ (Customary law) များကိုလည်း ပစ်ပယ်၍ မရ၊ ဆက်လက် ကျင့်သုံးရစမြဲ ဖြစ်သည်။

မည်သည့် ကြီးကျယ်မြင့်မြတ်သည့် လူမျိုးဖြစ်စေ၊ မိမိတို့ ဓလေ့ထုံးတမ်းကို ထိန်းသိမ်းလိုက်နာမြဲဖြစ်သည်။ မည်မျှပင် သေးနုပ်သော လူမျိုးဖြစ်စေ၊ မိမိတို့ ဓလေ့ထုံးတမ်းကို ပစ်ပယ်ဖျောက်ဖျက်ရိုး မရှိပေ။ ဓလေ့ထုံးတမ်းဟူသည် လူမျိုး၏ အသက်သွေးကြောပင် ဖြစ်သည်။ ဓလေ့ထထုံးတမ်းဥပဒေ (Custnmary law) ဟူသည် လူမျိုး၏ ၀ိညာဉ်ပင် ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင်လည်း ကိုလိုနီဘ၀က အမွေရခဲ့သော Penal, Code, Code of Civil procedure, Evidence Act စသော အင်္ဂလပ် ဥပဒေအပြင် မြန်မာ ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်း ဥပဒေကို ကျင့်သုံးလျက် ရှိပေသည်။

+ Read more

ကရင်လူမျိုးတို့တွင်လည်း မည်သည့်လူမျိုးထက် မနိမ့်ကျသော ဓလေ့ထုံးတမ်းဥပဒေများ ပိုင်ဆိုင်ထားကြပါသည်။ ကရင်လူမျိုးတို့၏ ဓလေ့ထုံးတမ်းဥပဒေမှ လင်မယား ကွာရှင်းလိုမှုကို ဖြေရှင်းပေးသော ဖြတ်ထုံးမှာ စိတ်ဝင်စားစရာ ကောင်းလှပါသည်။
ကရင်လူမျိုးတို့၏ အိမ်ထောင်ရေးစနစ်မှာ တစ်လင် တစ်မယားစနစ်ပင် ဖြစ်ပါသည်။ လင်မယား ကွာရှင်းလိုမှု အလွန်နည်းပါးသည်။ တောင်ပေါ်ဒေသတွင် မရှိသလောက် ရှားသည်။ အချို့ဒေသများတွင် လင်မယားကွာရှင်းမှုကို ကျေးရွာလူကြီးများက လုံးဝ ကွာရှင်းခွင့်မပြုချေ။တစ်ဖက်သတ် ကွာရှင်းလိုမှုကိုလည်း ကျေးရွာလူကြီးများက အားမပေးကြချေ။
လင်မယားကွာရှင်းခြင်းသည် ကရင်လူနေမှုစနစ်တွင် မလိုအပ်သော ကိစ္စဟု မှတ်ယူကြသည်။အကြောင်း အမျိုးမျိုးကြောင့် မလွှဲရှောင်သာသော အခြေအနေမျိုးနှင့် ကြုံကြိုက်လာပါမှ ရပ်ရွာအကြီးအကဲများက ကွာရှင်း
ရေးကို ဆောင်ရွက်ပေးလေ့ရှိသည်။ လင်ကွာ၊မယားကွာမှုများတွင် နှစ်ဦးနှစ်ဖက်စလုံး ကွာရှင်းလိုကြောင်း အကြိမ်ကြိမ်တင်ပြလာလျှင် ရပ်ရွာအကြီးအကဲများက ကွာရှင်းပေးသည်။

သို့သော် ရပ်ရွာအကြီးအကဲတို့သည် လင်မယားနှစ်ဦးအား ကွာရှင်းပေးခြင်းမှ ရှောင်ရှားကြသည်။ ရွာအကြီးအကဲက ဖျောင်းဖျပြောဆိုသော်လည်း မရသည့်အခါမျိုးတွင် ကွာရှင်းလိုသော လင်းမယားအား မိမိတို့နေအိမ်တွင် ခုနှစ်ရက်ပတ်လုံး တစ်ခန်းထဲတွင် အတူနေစေပြီး နေ့စဉ် ထမင်းလက်ဆုံ စားစေသည်။
ခုနှစ်ရက်မြောက်သော် ကွာရှင်းလိုကြသေးလျှင် ရွာအကြီးအကဲက လူသိရှင်ကြား ကွာရှင်းပေးသည်။
ထိုသို့ နှစ်ဦးနှစ်ဖက်စလုံး သဘောတူ ကွာရှင်းပေးပြီးပါက ပစ္စည်းများကို အမျိုးအမည် အတန်းအစား ခွဲခြားခြင်းမရှိဘဲ စုပေါင်း၍ အညီအမျှ ခွဲဝေပေးသည်။ အိမ်ထောင်ပစ္စည်းများကို ခန်းဝင်ပစ္စည်း၊ နှစ်ပါးစုံလက်ထက်ပွါး၊ ပါရင်း စသည်ဖြင့် ပိုင်းခြားသတ်မှတ်ပြီး ယူသင့်သူအား ယူစေသည့် သဘောမျိုးမရှိချေ။

သားငယ်၊သမီးငယ်များကို မိခင်နောက် လိုက်ပါစေ၍ သားကြီး၊သမီးကြီးများကို ဆန္ဒအလျောက် ရွေးချယ်ပိုင်ခွင့်ပေးသည်။
အထက်ပါစီရင်ထုံးကိုလေ့လာကြည့်လျှင် ကရင်လူမျိုးတို့၏ ချစ်စရာကောင်းလှသော စိတ်နေသဘောထားကို တွေ့မြင်နိုင်မည်ဖြစ်သည်။ `ငယ်ကအချစ် အနှစ်တစ်ရာ မမေ့သာ´`ငယ်ကပေါင်း နှစ်တစ်သောင်း မမေ့ကောင်း´ ဆိုသကဲ့သို့ပင် ကွာရှင်းလိုသော လင်မယားအား တစ်ခန်းတည်းအတူထား၍ ထမင်းလက်ဆုံ ခုနှစ်ရက် စားစေခြင်းဖြင့် ရရှိလာမည့်ရလဒ်မှာ ကွာရှင်းခြင်းထက် ပြန်လည်သင့်မြတ်ခြင်းသို့သာ ဦးတည်နေမည်မှာ မလွှဲပေ။ရှေးကရင်လူကြီးများ၏ ပညားသားပါလှသောဖြေရှင်းပုံနှင့် တစ်လင်တစ်မယားစနစ်ကိုသာ ကျင့်သုံးစေပုံမှာ ချီးကျူးဖွယ်ဖြစ်သည်။

ကွာရှင်းပြီးလင်မယား၏ ပစ္စည်းခွဲဝေပုံမှာလည်း လိင်ခွဲခြားခြင်းမရှိ၊ လင်နှင့်မယား အညီအမျှထားရှိသော ကရင်လူမျိုးတို့၏ စိတ်သဘောထားများ၊ ထင်ဟပ်လျက်ရှိပေသည်။သားသမီးများကို ခွဲဝေပုံမှာလည်း အခြားယဉ်ကျေးမှုမြင့်မားသောလူမျိုးများနည်းတူ အမြော်အမြင်ကြီးစွာဖြင့် ကလေးငယ်ကို ပိုမိုဂရုစိုက် စောင့်ရှောက်နိုင်မည့် မိခင်ထံ လိုက်ပါစေသည်။ အသက်အရွယ်ရပြီး သား၊သမီးများကို စိတ်ဆန္ဒအတိုင်း လွတ်လပ်ခွင့်ပေးခြင်းမှာလည်း နိုင်ငံတကာဥပဒေများ အဆင့်မီသည်ကို တွေ့ရသည်။
ထို့ကြောင့် ကရင်ဓလေ့ထုံးတမ်းဥပဒေမှ အပြုသဘောဆောင်သော၊ တစ်လင်တစ်မယားစနစ်ကိုသာ အားပေးသော၊ လိင်ခွဲခြားခြင်းမရှိသော၊ အမြော်အမြင်ကြီး၍ အဆင့်အတန်းမြင့်လှသော လင်မယားကွာရှင်းမှု
ကရင့်ရိုးရာ ဖြတ်ထုံးတစ်ခုကို လေးစားစွာ မှတ်တမ်းတင်အပ်ပါသည်။

ကိုးကား---
၁။တိုင်းရင်းသားယဉ်ကျေးမှုရေးရာဓလေ့ထုံးစံများ(ကရင်) မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊
၂။ကရင်ရိုးရာ သုတပဒေသာ(မန်းလင်းမြတ်ကျော်)။

စကျော်မျိုးအောင်(ဥပဒေ)
၂၇၄၉-ခုနှစ်၊ကရင်နှစ်သစ်ကူးပွဲတော်၊ ကရင့်ကြေးမုံမှ။

No comments: