Apr 10, 2010

သိမှတ်ဖွယ်ရာ ကရင်ယဉ်ကျေးမှု အဖြာဖြာ အပိုင်း(၄)

လင်္ကာတေးသီချင်းများ

ကရင်လူမျိုးများသည် ရှေးယခင်က စာပေမတတ်ကြသော်လည်း တေးသီချင်းသီဆိုမှု၊ တေးသီချင်းဖွဲ့ဆိုမှုများတွင် ထူးချွန်ကြသည်။ ကရင်သြပွဲ(တာခေါင်ပွယ်) များတွင် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်သီဆိုပေး၊ စကားထာဖွဲ့ကြပုံတို့မှာ နှစ်သက်ဖွယ်ကောင်းသည်။

ရှေးက အဘိုးအဘွားတို့ သီဆိုခဲ့သော ကဗျာများ၊ လင်္ကာများကို သားစဉ်မြေးဆက်အထိ သီချင်းသီဆိုခြင်းဖြင့်သာ လက်ဆင့်ကမ်းသယ်ဆောင်သွားကြသည်။ပေထက်အက္ခရာတင်ခြင်း မရှိခဲ့၍ တေးသီချင်းလင်္ကာနှင့် သမိုင်းဆိုင်ရာ အဖြစ်အပျက်များ၊ စာပေအထောက်အထားများ နစ်နာ ဆုံးရှုံးခဲ့ရသည်။
တေးသီချင်းဖွဲ့ဆိုရာတွင် တောအလှ၊တောင်အလှ တခြားအလှဘွဲ့များနှင့် ငါးရာငါးဆယ် နိပါတ်တော်လာ ဇာတ်တော်များကိုပင် ဖွဲ့ဆိုသီကုံးကြလေသည်။

ရှေးက ဒုံးအက ကရာတွင် မြေ၀ိုင်းကကြသည်။ ဖြည်းဖြည်းနှင့် မှန်မှန် ငြိမ့်ငြိမ့်ညောင်းညောင်း ကကြသည်။ ဒုံးကရာတွင် မှတ်သားစရာတေးသီချင်းစာသားများကို ထည့်သွင်း အသုံးပြုကြသည်။ အပျို လူပျို လှည့်ရာတွင် ဗုံသံစုံ၊ ပလွေ(သို့မဟုတ်) တတို့ (ခွေ) ဂိန်တို့ကို အသုံးပြုကြသည်။ ဆောင်းသီချင်းများသည် လွန်စွာ နားထောင်၍ ကောင်းသည်။ ကရင်သြသံသည်လည်း နှစ်သက်ဖွယ်ကောင်းသည်။အခမ်းအနားများတွင် ဖားစည်တီး၍ အခမ်းအနားကို ဖွင့်လှစ်ကြသည်။ ဖားစည်တွင် မင်္ဂလာဖားစည်နှင့် အမင်္ဂလာဖားစည် ဟူ၍ရှိရာ
အသုဘ အခမ်းအနားများတွင် တီးသော အမင်္ဂလာဖားစည်၏အသံသည် ၀မ်းနည်းဖွယ်ကောင်းလှသည်။

ယနေ့ခေတ်ကာလကို လိုက်၍ ခေတ်ပေါ်ကရင်တေးသီချင်းများ လွန်စွာဆန်းသစ်လာသည်။ ရှေးတူရိယာများကို တီးခတ်နိုင်သူ ရှားပါးလာသကဲ့သို့ ကဗျာ၊ လင်္ကာများကိုဖွဲ့ဆိုတတ်သူများလည်း နည်းပါးလာသည်။ ဒေါနတောင်တန်းရှိ ကရင်ကျေးရွာများ၊ ပဲခူးရိုးမရှိ ကရင်ကျေးရွာများ၌ ကရင်လူမျိုးတို့သည် မြန်မာစကားကို လုံးဝမတတ်ဘဲ ရှေးဟောင်းကရင်လင်္ကာတေးများ သီဆိုနိုင်ဆဲ၊ မှတ်သားနိုင်ဆဲ၊ လက်ဆင့်ကမ်းနိုင်ဆဲဖြစ်သည်။ ဆုံးမစာနှင့်နွယ်သော စာလင်္ကာများ၊ ရှေးဟောင်းသီချင်းများကို ယနေ့လူငယ်တို့သည် မိမိတို့၏ ဘိုးဘွားများထံတွင် ပြန်လည်လေ့လာသင်ကြားသင့်လေသည်။

+ Read more

ကရင်တူရိယာများ

ကရင်လူမျိုးများ တီးမှုတ်လေ့ရှိသော တူရိယာများမှာ အများအားဖြင့် ရိုးရာသဘာဝ ကွက်သစ်/၀ါးနှင့် တိရိစ္ဆာန်များမှရသော ဦးချိုတို့ဖြင့် ပြုလုပ်ကြသည်။ ကရင်လူမျိုးများ အသုံးပြုသော တူရိယာများမှာ…

(၁)ဖားစည်၊
(၂)ကွယ် (ခေါ်) ခွေ (ခေါ်) ကျွဲချို၊ တံပိုး၊
(၃)စောင်းကောက်၊
(၄)၀ါး (ခေါ်) အိုးစည်၊
(၅)၀ါးဖြင့်ပြုလုပ်ထားသော ပီးဘား (ခေါ်) ဗုံသံစုံပလွေ၊
(၆)ပီးဘာပလွေ၊
(၇)တဟီ (ခေါ်) တယော၊
(၈)သော့တူး (ခေါ်) တယော၊
ပေါ်ကူး (ခေါ်) ၀ါးပတ္တလား၊
(၁၀)ဖွန်ဒွါ၊
(၁၁)လင်းလင်း၊
(၁၂)နွဲ့၊
(၁၃) စည်းဝါး၊ မောင်း၊
(၁၄)ဗျတ်စောင်း (ခေါ်) ဓဏာ၊
(၁၅)စည်ဒို ဟူ၍ တူရယာများကို ခွဲခြား အသုံးပြုကြလေသည်။

ယနေ့ ဒုံးအက ကရာတွင် ဘင် တူရိယာကို အသုံးပြုနေသည်ကိုလည်း တွေ့ကြရမည်။ သစ်သားစည်အစား ဘင် ကိုအသုံးပြုထားခြင်းဖြစ်သည်။ သားရေကြပ်ထားသော သစ်သားစည်၏အသံသည် လွန်စွာမြည်ဟီး၍ နားထောင်၍လည်း ကောင်းပါသည်။ သို့ရာတွင် သစ်သားစည် ပြုလုပ်ရန် အခက်အခဲရှိသောကြောင့် သယ်ရလွယ်ကူသော ဘင် ကို အစားထိုး သုံးစွဲခြင်းဖြစ်ပါသည်။

ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများ ထိန်းသိမ်းခြင်း

ကရင်လူမျိုးတို့တွင် ရှေးဘိုးစဉ်ဘောင်ဆက်က အသုံးပြုခဲ့သော ရှေးဟောင်းပစ္စည်းများမှာ မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနဦးစီးဌာနမှ (၇၅) နှစ်ကျော်သော ပစ္စည်းများကို ရှေးဟောင်းပစ္စည်းများအဖြစ် သတ်မှတ်ထားသည်။ ကရင်ပြည်နယ်တွင် ကော့ဂွန်းဂူဘုရားသည် ရှေးဟောင်း သမိုင်းဝင်ဖြစ်သည်။ ရှေးကျသောဘုရားများအနက် ကျောက်စာများလည်း ရှိသည်။ သို့သော် လုံခြုံမှု၊ ထိန်းသိမ်းမှု မရှိခဲ့ခြင်းတို့ကြောင့် ဆင်းတုများ ပျောက်ဆုံးခြင်း၊ နံရံတပ်ဘုရားများ ကွာကျခြင်း၊ ရာသီဥတုဒဏ်ကြောင့် ရှေးဟောင်းရုပ်ပွါးတော်များနှင့် ပညာလက်ရည်များ များစွာ ဆုံးရှုံးခဲ့ရသည်။

ထိုကဲ့သို့ စေတီပုထိုးကျောင်းကန်များသည် အပြင်ရိုးရာ အ၀တ်အစား၊ စာပေ၊အသုံးအဆောင်၊ တူရိယာများ၊မပျောက်ပျက်အောင် ထိန်းသိမ်းရမည်။ ဈေးကောင်းရသဖြင့် တစ်ဖက်နိုင်ငံသို့ ခိုးထုတ်၍ ရောင်းချခံရသော တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းများ အများအပြားရှိသည်။ ကရင်လူမျိုးတို့သည် ပေထက်၌ အက္ခရာတင်နိုင်သော်လည်း ထိန်းသိမ်းမှုစနစ်မကျခြင်းတို့ကြောင့် စာပေများ ပျက်စီးခဲ့ရသည်။ သမိုင်းအထောက်အထားများတွင် အဆက်ပြတ်ခဲ့သည်။ ကရင်လူမျိုးတို့၏ သင်တိုင်းနှင့် အထည်များဖြင့် ရက်လုပ်ထားသော ရှေးဟောင်း အနုပညာလက်ရာများသည် အလွန်အနုစိပ်ပြိး အဆင့်မြင့်သည်။ ထိုလက်ရာများသည် တောကြို တောင်ကြားတွင်နေထိုင်ကြသော ကရင်အမျိုးသမီးများ၏ စိတ်ကူးစိတ်သန်းမှ ထွက်ပေါ်လာပြီး လှပသည့် ဒီဇိုင်းအသစ်များဖြစ်သည်။ ၎င်းကဲ့သို့ အနုပညာလက်ရာများလည်း ဆက်လက်ထိန်းသိမ်းသွားရမည် ဖြစ်ပါသည်။

ရိုးရာယဉ်ကျေးမှု အကများ

ကရင်ဒုံးအကသည် ကရင်လူမျိုးတို့၏ ထင်ရှားသော အကဖြစ်သည်။ မြန်မာနိုင်ငံသာမက ကမ္ဘာ၌ လူကြိုက်များသော အက ဖြစ်သည်။ ဒုံးအကများအနက် …

(၁)ယောက်ျားလေးများသာ က ရသော ဒုံးအက၊
(၂)မိန်းကလေးများသာ က ရသော ဒုံးအက၊
(၃)အသက်(၆၀) ကျော် အဘိုးကြီးများသာ က ရသော ဒုံးအက၊
(၄) အမျိုးသား၊ အမျိုးသမီးများ ပါဝင်ရောနှောသော ဒုံးအက၊
(၅)အပျိုလူပျို ဒုံးအက၊
(၆)လူဦးရေ အကန့်အသတ် မရှိ ပါဝင်ကြသော ဒုံးအက ဟူ၍ ဖြစ်သည်။

အရိုးကောက်ပွဲ၊ဧည့်ခံပွဲ၊ ဘုရားပွဲ၊ နှစ်သစ်ကူးပွဲတော်တို့တွင် ကပြကြသည်။ ဇာတ်တော်များကို သရုပ်ဖော်ကာ က ပြသော ဒုံးအကလည်း ရှိသည်။
သံတောင်နယ်တစ်ဝိုက်တွင် ဒိုင်းအကကို အဓိကထား ကပြကြသည်။ ၀ါးညှပ်အကကို တောင်ပေါ်မြေပြန့် ကရင်များ အထူးသဖြင့် ကပြကြသည်။ ကရင်ပြည်နယ်၊ ပဲခူးတိုင်းရှိ စကောကရင်အချို့သည် ထောင်ကနဲ (ခေါ်) ပျားဖွတ်ခြင်း အားကစားကို ရိုးရာအက အနေဖြင့် ဆန်းသစ်ကပြကြသည်။ တချို့ ၀ါးညှပ်အကမှာ ၀ါးနှစ်လုံးသာ ပါပြီး တရစပ်ညှပ်သဖြင့် က သူမှာလည်း လျင်မြန်စွာ ခုန်၍ က ရသည်။အမျိုးသာများသာ က ရသော ရင်တုန်ဖွယ် အက ဖြစ်သည်။ လက်ညှပ်ဝါးထောက်အက၊ ဆူးထိုးအက၊ ကြိုးကျစ်အကများသည် စကောကရင်တို့၏ ရိုးရာအကများဖြစ်သည်။ ဒေါနတောင်ခြေရှိ အသုဘအိမ်တွင် အခေါင်းကိုလှည့်ပတ်၍ သီဆိုကန်တော့ က ပြရသော အက နှင့်တေးသီချင်းတို့မှာ ပျောက်ကွယ်လုနီးပါး ဖြစ်သည်။

ကရင်ရိုးရာ ဇာတ်များ ပေါ်ထွက်လာသော်လည်း ခေတ်အကြိုက် ဖွဲ့ဆိုသီကုံးခြင်းဖြင့်သာ ပရိသတ်အကြိုက် လိုက်နေကြသည်။
အချုပ်ဆိုရသော် ကရင်ရိုးရာ ကဏ္ဍအနေဖြင့် လေ့လာစရာ၊ မှတ်သားစရာ၊ သိဖွယ်ရာများစွာ ကျန်ပါသေးသည်။ ယဉ်ကျေးမှုကို ခြုံငုံမိစေရန်အတွက် အနှစ်ချုပ်တင်ပြခြင်းသာ ဖြစ်ပါသည်။ ကရင်လူမျိုးတို့၏ ယဉ်ကျေးသိမ်မွေ့သော စိတ်ဓာတ်၊ ရိုင်းပင်းကူညီတတ်သော စိတ်ဓာတ်၊ ချစ်ခင်ကြည်နူးစွာဖြင့် ပြုံးရွှင်စွာနေတတ်သော ကရင်တို့၏ ဓလေ့စရိုက်သည် နဂိုယဉ်ကျေးသော ကရင်လူမျိုးတို့၏ ယဉ်ကျေးမှုများပင် ဖြစ်ပါသည်။

ပြီးပါပြီ…။

စောအောင်သိန်း

သထုံမြို့နယ်၊ ၂၇၄၉-ခုနှစ်၊ ကရင်နှစ်သစ်ကေူးပွဲတော် စာစောင်မှ ပြန်လည်ရိုက်နိပ် တင်ပြလိုက်ပါသည်။


No comments: