Nov 9, 2009

နွမ်းလျ အိမ်အပြန်...

နွမ်းလျ အိမ်အပြန်- တက္ကသိုလ် စောနွယ်

ယခင်ပို့စ်မှ အဆက်...

စာစု(၇)

ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ပြီးမှတော့ နောက်ဆုတ်ရန်မသင့်ဟု ဆရာထူးရယ် ခံယူထားသည်။ သားကလေးပင် ဆေးတက္ကသိုလ် တက်ခဲ့သည်မှာ ပဉ္စမနှစ်ရောက်ခဲ့ပြီ။ သည်ကြားကာလအတွက် တောင့်တောင့်ခံ ကျားကန်ခဲ့ရသည့်ဘ၀ကို တွက်နေလို့မဖြစ်၊ သားကလေး လှေပြေးတုန်း တက်ကျိုးလို့မဖြစ် ဟု ဆရာအံကြိတ်ကာ တွန်းကန်ထားသည်။
တောကျောင်းဆရာဘ၀က ရရှိခဲ့သော ဆုလဒ်ဖြစ်သည့် အဆုပ်တီဘီရောဂါသည် ယခုလို နှစ်ရှည်လများ အလုပ်ကပမ်း၊ အိပ်ရေးက နေ့စဉ်ရက်ဆက် ပျက်ဖန်များသောအခါ ဆရာ့ကို ခပ်ကြမ်းကြမ်း ထုနှက်လာတော့သည်။.ဒီကြားထဲ….အစားအသောက်က ချွေတာရပြန်ဆိုတော့ ဆရာ့အသားအရေက ကျုံးထဲက ဆင်အိုကြီးပမာ ဖျင်းတွဲ ညစ်ထေးလာသည်.။ သို့သော်….ဆရာ အားမငယ်….၊ ကျန်းမာရေးဌာနက တီဘီဆေးပြားကို အချိန်မှန်၊ ရက်မှန်သောက်ရင်း….သားလေးမသိအောင် ရောဂါကို ကြိုးစားကုသရရှာသည်..။
သားလေး …ပန်းတိုင်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ဖို့ဆိုတာ နှစ်အတန်ကြာ လိုသေးသည်။ အထူးသဖြင့် မွေးစားဖခင်.. ဆရာ့ရဲ့ တီဘီရောဂါ အတွက် စက်ဆုပ် ရွံရှာ အားငယ်မှာ အထူးစိုးရိမ်တာလည်း ပါသည်။
`အပါး`
`ပြောလေသား`
`အပါးကို သားတစ်ခု မေးချင်တယ်`…၊
`အပါး…သားကို မလိမ်ပါနဲ့ အပါးရယ်….`
တစ်နေ့သော ကျောင်းပိတ်ရက်တွင် သား၏ ထူးဆန်းစွာ မေးလာသော အမေးစကားတစ်ခွန်းကြောင့် ဆရာတွေဝေသွားမိသည်..။
`အပါး…အလိမ်ပါနဲ့ တဲ့`..။
`သားကို အပါးလိမ်ရင်လည်း..သားစိတ်မဆိုးပါဘူး.. အပါး၊ သားကြားရတာက အပါး..ညစဉ် အချိန်ပိုဆင်းတာဟာ…..`
`ဘာများလဲလို့ ဖိုးခွါးရယ်၊ ဟုတ်တယ်လေ ဖိုးခွါးရဲ့..၊ အပါးက ..သူများငွေ၊ သူများဥစ္စာကို အချေင် ခိုးဝှက်ယူတာမှ မဟုတ်တာ..`
`နောက်ပြီး လုံခြုံတဲ့ အုတ်တံတိုင်း ခြံစည်းရိုးကနေ ညအတွက် လုံခြုံရေး တာဝန်ယူရတာပါ သားရဲ့..။ညစောင့်လုပ်ဆိုတာ အမြင်သာ သိမ်ငယ်တာကွဲ့..၊တာဝန်ဟာ အရမ်းမြင့်မြတ်ပါတယ် ဖိုးခွါးရယ်…`။
`ဟုတ်တော့ ဟုတ်ပါတယ်..ပါး..၊ သားအတွက် သိပ်ပင်ပန်းနေပြီ အပါးရယ်..`။
သားကလေး မျက်ရည်လည်စွာ ခြေဆုပ်လက်နယ် ပြုရင်း ပြောလာတော့…..။
ဆက်ဖတ်ရန်...

ဆရာ့ရင်မှာ သားအတွက် အမောတွေ ပြေပျောက်သွားပြီး..၊ သားအပေါ် သံယောဇဉ်က ပို၍ ရစ်တွယ်ချည်နှောင်သွားပြန်သည်။
`အပါး ..မပင်ပန်းလှပါဘူး..သားရယ်…၊ သားက တစ်နေ့ကျရင် အပါး ..ဆန္ဒကိုဖြည့်ဆည်းပေးမယ့် သားလေးပါကွယ်..၊ အပါး…ဆယ်ခါပြန် မောရင်မောပါစေ…။ သားဂုဏ်ယူတတ်ရင် ကျေနပ်ပါပြီ ဖိုးခွါးလေးရယ်..`။
ဒါပေမယ့် ဖိုးခွါးလေးရဲ့ အရိပ်အခြေကို ကြည့်ရသည်မှာ တစ်မျိုးပဲ ဟု ဆရာထင်မြင်မိသလိုပါပဲ..၊
အင်းလေ…..၊ သားကလေးက အထက်တန်းကျောင်းသားလေးမှ မဟုတ်တော့တာ..။

စာစု(၈)

`ဟုတ်တယ်..အပါး၊ သားက မေသူ အပါးကို မသိဘူး ထင်နေတာ..။ ဟိုနေ့ကမှ ..၊မေသူ ဒဲ့တိုးကြီး မေးလာတာ…`၊
`အဲဒီတော့…`
`ဟင်း..`
သားရဲ့ ရှေ့ဆက် ထွက်လာမည့် စကားသံတွေ အစား ၊ လေပူတစ်ချက်သာ မချိမဆံ့ မှုတ်ထုတ်လိုက်တာကြောင့်…၊ ဆရာ အခြေအနေကို သုံးသပ်မိသွားသည်။
`ဖိုးခွါး စိတ်ထဲမှာ မထားပါနဲ့တော့ သားရယ်..၊ ဖိုးခွါး မကြိုက်ရင် ..အပါး ဆက်မလုပ်တော့ပါဘူး ကလေးရယ်..`။
`အပါး တာဝန်ထန်းဆောင် ခဲ့တဲ့ အိမ်က ၊ ကလေးမမှန်း မသိလို့ သူမေးသမျှကို ရိုးရိုးသားသား အပါး ဖြေမိလိုက်တာပါ..`။အဲဒီ အိမ်မှာ ..အပါး..ညစောင့်လုပ်လာတာ ..ဆယ်နှစ်ပြည့်တော့မည်။ အခုဆို သားကတောင် ( အမ်-ဘီ-ဘီ-အက်စ်၊ ) အပိုင်း(က) ရောက်ခဲ့ပြီပဲ။ မကြာခင်သော ကာလမှာ သားကလေး ဆရာဝန်ဖြစ်တော့မည်။ ဆရာလည်း ဒီညစောင့်အလုပ်ကို လုပ်ဖို့မှ မလိုတော့ပဲ၊ ကုမ္ပဏီက အလုပ်တစ်ခုနှင့်ပင် အဆင်ပြေလောက်ပါပြီဟု ရင်ဝယ် တေးထားမိသည်။
ဘာပဲဖြစ်ဖြစ် သားကို ဦးစားပေး စစ်ပေးရဦးမယ် မဟုတ်ပါလား….။

စာစု(၉)

ရာသီစက်ဝန်းသို့ တရွေ့ရွေ့ ကုန်ဆုံးပြောင်းလဲကုန်ပေပြီ။ သားကလေး အလုပ်သင်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ခွင့်ရပြီ၊ ရည်မှန်းချက်ပန်းတိုင်ကို ဆွတ်ခူးရရှိတော့မှာမို့ အတိုင်းမသိ၊ ဆရာ့ရင်၌ ၀မ်းသာလုံး ဆို့နင့်နေရှာသည်။ အမိရွာသို့ ပြန်ရန် ဟန်ပြင်စ ပြုနိုင်ခဲ့သည်။
`အပါး…သားကို တစ်နှစ်တန်သည်၊ နှစ်-နှစ်တန်သည် ၊ ရန်ကုန်မှာ အလုပ်လုပ်ခွင့်ပြုပါ..`၊
သား၏ မတောင်းတစဖူး အတောင်းထူးတာကြောင့် ဆရာ မျက်မှောင်ကြုတ်မိသွားသည်။`ဒီကလေး ဘာဖြစ်တာပါလိမ့်` ဟု ရင်ထဲ စိုးထိတ်မိပါသည်။
`ဟုတ်ပါတယ် အပါး၊ သားရခဲ့တဲ့ ပညာကို မတင်းတိမ်နိုင်သေးတာကြောင့် လေ့လာဆည်းပူးရင်း ပညာကို အရောင်တင်ချင်တာပါ`..။ ဆရာ့ရင်၌ အေးသွားသည်။
ဟုတ်မှာပါ..၊ သားကလေး ဘွဲ့ရတော့ ဂုဏ်ထူးတွေ တသီတတန်းကြီး မဟုတ်ပါလား..။ တောသားလေး တစ်ယောက်ဖြစ်ပေမယ့်.. သူများထက် ထူးချွန်ခဲ့တာပဲလေ..။
အဲဒီတုန်းက နိုင်ကြာကျောင်းတိုက် ဆရာတော်ဘုရားကြီးနဲ့ ရွာကို စာရေးလျှောက်ထား ကြွားလိုက်ရသေးတာ မှတ်မိတာပဲ မဟုတ်လား။ ရွာက မြို့နဲ့ နီးပေမယ့် ကျန်းမာရေး ဗဟုသုတ နည်းပါးခဲ့တာကြောင့် သူတို့ရွာပေါက် ..၊ ဆရာဝန်လေးတစ်ယောက် မြို့ကပြန်လာမှာ မျှော်နေပါသတဲ့..လေ။
ဒါပေမယ့် အခုချိန်မှာ ရွာမှာလည်း ဘွဲ့ရ ပညာတတ်တွေ ပေါ်ထွန်းလာတာမို့ အရင်ကလောက် မဆိုးတော့ပါ၊ ကရင်ပြည်နယ်ရဲ့ မြို့တော် ဘားအံမှာ …တက္ကသိုလ်၊ ပညာရေးကောလိပ်၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်လည်း ရှိနေပြီ မဟုတ်လား..။ အဲဒါကြောင့် သားကလေးရဲ့ ဆန္ဒအတိုင်း ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီးမှာ အလုပ်ဝင်စေခဲ့ပါတယ်။ သားက တကယ်ကြိုးစားရှာပါတယ်။ အဲးဒါကြောင့်လည်း သားလေး လုပ်သက်(၃) နှစ် မပြည့်မှီမှာပဲ နိုင်ငံခြား ပညာတော်သင် ၀င်ရောက်ဖြေဆိုအောင်မြင်ခဲ့ပါတယ်။
သားလေး ကနေဒါနိုင်ငံမှာ ခွဲစိတ်ပါရဂူဘွဲ့ သွားရောက်ပညာသင်ရတော့မည်ဆိုတော့…ဆရာသိပ်ဝမ်းသာသလို..၊ ၀မ်းနည်းမိပြန်ပါသည်။ ၀မ်းသာတာက… ဆရာပြုစုပျိုးထောင်ခဲ့သော ပန်းကလေးတစ်ပွင့် လန်းဆန်းစွင့်ကားစွာ ရနံ့ဝေလာတာမို့ တစ်ကြောင်း…၊
ဝမ်းနည်းတာက …. သားလေး ဆရာ့ရင်ခွင်ထဲကို ၀င်ရောက် မှေးသိပ်ခဲ့ပြီ ဆိုကတည်းက တစ်ကြိမ်တစ်ခါမျှ ရက်ကြာရှည်စွာ ခွဲ၍ မနေခဲ့ရသလို…၊ ရွာအတွက် ရည်မှန်းချက်များ ဝေးသထက် ဝေးသွားမှာကို စိုးရိမ်သောကြောင့်ဖြစ်ပါသည်။ အထူးသဖြင့် နေခြည်သစ်တို့ ကျေးလက်ဒေသမှာ မဖြန့်ကျဲနိုင်မှာ စိုးရိမ်သောက ဝေရမှာ စိုးသောကြောင့်ဟု ၀န်ခံရပါသည်။

စာစု(၁၀)

လေယာဉ်ပေါ်က သားရဲ့ လက်ပြနှုတ်ဆက်ဟန်ဟာ… အပါးကို တမင်သက်သက် ကြေကွဲစေတာလား သားရယ်…၊ `အော်`…ဆရာချစ်သော သားကို (၂)နှစ်ကြီးများတောင် ခွဲခွါနေရဦးမှာပါလား..၊ ဒါပေမယ့် ခွဲခွါကျန်ရစ်ချင်လို့ ခွဲခွါချန်ရစ်ခဲ့တာမှ မဟုတ်တာ…၊ နိုင်ငံအတွက် ၊ သွေးချင်းများအတွက်၊ မိမိပြည်နယ်နဲ့ လူမျိုးများအတွက် ရည်စူးပြီး၊ လွမ်းအသည်းကို စတေးခဲ့တာပဲ မဟုတ်လား..။
သားလေး ပညာတော်သင် ထွက်ခွါပြီး မကြာခင်မှာပဲ .. ဆရာတစ်ယောက် ရွာကို မကြာခဏဆိုသလို ရောက်လာခဲ့သည်..၊ ရပ်ရေး ရွာရေး ၀ိုင်းဝန်းကူညီရင်း ပန်းပျိုးသောလက်ကို ဆက်လက်တာဝန်ပေးလျက်ရှိသည်။ ဒါပေသည့်….အစဉ်အလာကောင်းဖြင့် ရပ်တည်ဖွံ့ဖြိုးခဲ့သော ရွာကလေးမှာ ခေါင်းဆောင်ကောင်းတစ်ချို့တို့ တိမ်းပါးခဲ့ကြပြီ။
နိုင်ကြာကျောင်းဆရာတော်ဘုရာကြီးနှင့် အုန်းတပင်ဆရာတော်ဘုရားကြီးနှစ်ပါး ဘ၀နတ်ထံ ပျံလွန်တော်မူကြ၍ နှလုံးအိမ်အတွင်း ကြိမ်မီးအုံးရသလို ၊ မန်းဘိုးနီ၊ မန်းကျော်အေး၊ မန်းသန်းရင်နှင့် မန်းလှအေးတို့ ကွယ်လွန်အနိစ္စရောက်ခဲ့ကြပေပြီ။
သို့သော်…တက်ကျိုးသော်လည်း လက်တို့နှင့် အစားထိုး လှော်နိုင်သေးတာမို့ ၊ကျန်ရစ်သူများအား မလျှော့စတမ်း ပန်းတိုင်အရောက်လှမ်းဖို့ .. အင်အားတို့ အသင့်ပြင်ဆင်ထားရပါဦးမည်..။

စာစု(၁၁)

ငှက်တို့သည် လေထဲ၌ ပျံသန်းရင်း ဘ၀ နိဂုံးချုပ်ကြရသော်လည်း ….၊ နှစ်ရာသီတို့သည် ရက်မှ လ စားကာ၊
လမှနှစ်သို့ ပြောင်း၍ ကာလများ တဖြည့်းဖြည်း ကုန်ခန်းရင်း အသစ်အသစ်တို့ ပြောင်းရွှေ့ အစားထိုးဝင်ရောက်လာကြတော့သည်။
စောချမ်းမြေ့ ခလောက်နို့ ရွာသားတစ်ယောက် ခွဲစိတ်ဆရာဝန်ကြီး ဖြစ်ခဲ့ပြီ၊ မကြာမှီ ကာလအတွင်း အမိမြေသို့ ပြန်လာတော့မည်..။ သားကလေး အမိမြေသို့ ပြန်လာတော့မည် ဟု ကြားသိရသော ဆရာ့မှာ အခုမှ အသက်ကောင်းကောင်း ရှူနိုင်တော့သည်။ သားအတွက် မြတ်ဗုဒ္ဓထံပါး ၀ပ်တွားပူဇော်ရင်း… တောင်းဆုချွေခဲ့သည်မှာ နေ့စဉ်နှင့်အမျှ…။သားကို သားရေပေါ်အိပ်၊ သားရေနားစား ..အဖြစ်မခံနိုင်ပါ..။ သစ္စာမဲ့သူဟုလည်း အပြောမခံရက်..၊ နိုင်ငံနှင့် လူမျိုးအပေါ် သစ္စာရှိသော သားကောင်းရတနာ တစ်ယောက်ကို ရင်ကော့ ပိုင်ဆိုင်ခဲ့ပါပြီ..။
အဘယ်ကြောင့်ဆိုသော်… ယနေ့ ခေတ်ပညာတတ် လူငယ်များသည် တိုင်းတစ်ပါးအပေါ် …အပေါ်ယံအမြင်ဖြင့် အထင်ကြီးကြပြီး၊ ကိုယ့်မြေ ကိုယ့်ရေပေါ်မှ သြဇာမခံ၊ ရွက်ကျပင် ပေါက်တတ်သောကြောင့်ပင် ဖြစ်ပါသည်။
သားလေး ကရင်နှစ်သစ်ကူးအမီ နိုင်ငံခြားမှ ပြန်လာမည်တဲ့….။

ဆက်လက်ဖော်ပြပါဦးမယ်...။

No comments: