Oct 13, 2009

ကရင်ရိုးရာ ဗေဒင်များ

မီးသွေးဗေဒင်

ဟိုးရှေးရှေးတုန်းက ဘုရားပေးခဲ့တဲ့ အတတ်ပညာဆိုင်ရာ စာအုပ်ကို သစ်ငုတ်တိုပေါ်မှာ တင်ပစ်ခဲ့ပြီး တောင်ယာလုပ်ငန်းကို သာ ကြိုးစားလုပ်ကိုင်ယင်း စာအုပ်ကို မေ့နေခဲ့ကြတယ်။ တောင်ယာလုပ်ချိန်ကုန်ဆုံးပြီး သော်လည်း အခြားအလုပ်တွေများနေတဲ့အတွက် စာအုပ်ကို မေ့နေကြတယ်လေ။

တောင်ယာမီးရှို့ချိန်မှာ သစ်ငုတ်တိုနဲ့ စာအုပ်ပါ မီးလောင်ကျွမ်းသွာိးလို့ စာအုပ်ကို သတိရချိန်မှာ ပြန်ရှာကြည့်တော့ သစ်ငုတ်က မီးလောင်းသွားတော့ မီးသွေးတုန်းကလေးတွေပဲ တွေ့ရတော့တယ်။ အတတ်ပညာဆိုင်ရာ စာအုပ်မီးလောင်သွားသဖြင့် မီးသွေးကို အဓိကထားပြီး မီးသွေးဗေဒင်ဟောခြင်းကို စတင်ခဲ့ပါတယ်။

မီးသွေးဗေဒင်ကို မှန်သင့်သလောက်မှန်တယ်ဆိုပြီးယုံကြည်ကြပါတယ်။ ဒါကြောင့် ယခုထိအောင် မီးသွေးဗေဒင်ကို အသုံးပြုခဲ့ကြပါတယ်။ ပစ္စည်းပျောက်၊ ကျန်းမာရေး၊ အလုပ်အကိုင်နဲ့ သွားလာရေးတို့မှာ အောင်မြင်/မအောင်မြင်နဲ့ ကောင်းမကောင်းတို့ကို မီးသွေးဗေဒင်ကို အသုံးပြုပြီး တွက်ချက်ခဲ့ကြပါတယ်။

ဗေဒင်တွက်လိုသူကလည်း ဗေဒင်ဆရာထံသွားပြီ ကွမ်းတယာ (သို့) ဆေးတငုံစာ ကိုပေးပြီး ဘာအတွက်လာကြည့်တယ်ဆိုတာကိုပြောပြရပါတယ်။ အဲ့ဒီအခါ ဗေဒင်ဆရာက မီးဖိုမှာရှိတဲ့ မီးသွေးသန့်သန့် သုံးတုံးကို သွားယူစေတယ်။ ထိုမီးသွေးသည် ထမင်းအို၊ ဟင်းအိုးချတဲ့ဘက်ကနေမယူရပါဘူး။ ဗေဒင်ဆရာ က မီးသွေးသုံးတုံးကို ရပြီးတဲ့အခါမှာ ၀ါးတပိုင်းယူပြီ ၇ွတ်ဖတ်ရပါတယ်။ အဲ့ဒီနောက်မှာ ၀ါးပေါ်တွင် မီးသွေးဖြင့် အစဉ်လိုက် ကန့်လန့်ခြစ်သွားရတယ်။

မီးသွေးနဲ့ခြစ်သော အမှတ်အသား တုတ်ချောင်းကလေးများ ၀ါးအဆုံးသို့ရောက်တဲ့အခါမှာ ခြစ်ထားတဲ့ အမှတ် အသားများကို နှစ်ချောင်းတစ်ခါ ဖျက်ပစ်ရပါတယ်။ ဒီလို အလားတူ သုံးကြိမ်တိတိ လုပ်ရပါတယ်။ ထိုသို့ဖျက်ပစ်ရာ၌ ကျန်အစွန်းဆုံး မီးသွေးခြစ်ရာသည် စုံ၊ မ၊ မရှိ ဆိုပြီ အသီးသီးတွေ့ရမှာဖြစ်ပါတယ်။

သုံးကြိမ်အနက် မီးသွေးခြစ်ရာ တချောင်း “မ” သုံးကြိမ် တိတိဝါးအစွန်းဆုံးနေရာတွင် ကျန်လျှင် အကောင်းဆုံး ဆိုပြီး ဟောကိန်းထုတ်ပါတယ်။
“မ” နှစ်ကြိမ် “စုံ” တကြိမ်ကျန်လျှင် သင့်ရုံကောင်း၊ “မ” တကြိမ် “စုံ” နှစ်ကြိမ်ကျန်လျှင် မကောင်း၊ “စုံ” သုံကြိမ် တိတိ ကျန်လျှင် အဆိုးဆုံးဆိုပြီး ဟောကိန်းထုတ်ပါတယ်။

မူရင်း။ ။http://www.smilemay.blogspot.com

No comments: