´ကုသိမမဏ္ဍလ၊ ဟံသာဝတီမဏ္ဍလ၊ မုတ္တမမဏ္ဍလ၊ သင်္ခါတေသုတိသုရာမမဏ္ဍလေသု´ ဟု ကလျာဏီကျောက်စာ၌ ရေးထိုးထားသည်။ ထိုသုံးရပ်တွင် တဖုဿနှင့်ဘလ္လိကကုန်သည်ညီနောင်တို့သည် ဥက္ကလာပဇနပုဒ်မည်သော ရာမညတိုင်း၌ နေထိုင်ပြီး ရောင်းဝယ်ဖေါက်ကားပြီး ဘုရားရှင်နှင့်တွေ့၍ ဆံတော်ရှစ်ဆူကို ရရှိကာ ရွှေတိဂုံဘုရား၌ စေတီတည်ထားကိုးကွယ်ခဲ့ကြသည်။ တစ်ဖန် မုတ္တမနှင့် မဏ္ဍလတွင်ပါဝင်သော သထုံပြည်သည် အရှင်ဂ၀ံပတိမထေရ်ကိုပင့်၍ ရာမညတိုင်း သုဝဏဘူမိ သထုံပြည်သို့ ဘုရားရှင် ရှစ်ဝါ၌ ကြွရောက်ခဲ့ပါသည်။ သာသနာတော်နှစ် ၂၃၅-ခုနှစ်တွင်လည်း ရှင်သောဏနှင့် ရှင်ဥတ္တရမထေရ်တို့သည် သထုံပြည်သို့ သာသနာပြုကြွခဲ့ပြန်သည်။ ဤသာသနာရောက်ရှိမှု သုံးကြိမ်တွင် ဒုတိယအကြိမ် အရှင်ဂ၀ံပတိမထေရ်ပင့်၍ သုဝဏဘူမိ သထုံပြည်သို့ ဘုရားရှင်ကြွရောက်ခဲ့ပြီး ပြန်ကြွသွားသည့်အခါ ဘုရားရှင်အား ရည်စူး၍ သထုံမြို့ ရွှေစာရံဘုရားကို ရှင်ဘုရင်နှင့် ပြည်သူများက တည်ထားကိုးကွယ်ခဲ့ကြသည်။ ထိုစဉ် မွန်နှင့်အတူ နေထိုင်ခဲ့ကြသော ကရင်လူမျိုးတို့သည် ဘုရားရှင်အား ရည်စူးပြီး ရွှေစာရံဘုရားကြီး အနား ပရ၀ုဏ်တွင် စေတီတစ်ဆူ တည်ထားခဲ့ပါသည်။ ယင်းဘုရားသည် ရွှေစာရံဘုရားတည်စဉ်က ရွှေဆေးသည့်နေရာ၌ ဘုရားကို တည်ခြင်းဖြစ်၍ ရွှေဆေးခံဘုရားဟု ခေါ်ကြသော်လည်း ကရင်လူမျိုးအများဆုံး ပါဝင်ဦးဆောင် တည်ထားခြင်းဖြစ်သောကြောင့် ´ကုရင်ဘုရား´ဟုခေါ်ကြသည်။
ဆက်ဖတ်ရန်...
ယနေ့အထိ သထုံမြို့ရှိ ကရင်များက အခါကြီးရက်ကြီးနေ့များတွင် သွားရောက်ပူဇော် ဆည်းကပ်လေ့ရှိကြသည်။ စာရေးသူ ရွှေစာရံဘုရား သွားရောက်ဖူးခဲ့စဉ်က ထိုအကြောင်းကို သိချင်၍ အသက်ကြီးကြီး အဘိုးကြီးတစ်ဦးက ညွန်ပြရှင်ပြခဲ့ပါသည်။ ရွှေစာရံဘုရား သမိုင်းနှင့် ကရင်ရိုးရာ ဒုံးအကစာအုပ်များ၌ လေ့လာနိုင်ပါသည်။ သထုံမြို့ ဘုရားရှင်ကြွရောက်ခဲ့စဉ်က လူမျိုးအသီးသီး အက အမျိုးမျိုးဖြင့် ဘုရားရှင်အား ကြိုဆိုကပြခဲ့ကြရာတွင် ကရင်များသည် ကရင့်ရိုးရာ ဒုံးအကဖြင့် ကြိုဆိုကပြခဲ့ကြသည်ဟု စာရေးဆရာ မန်းသင့်နောင်က ( စကားချပ်…။ စာရေးဆရာ မန်းသင့်နောင်သည် ယခုကွယ်လွန်သွားပြီ ဖြစ်သည်၊ ကရင်သမိုင်း၌ ထင်ရှားသော ကရင်စာရေးဆရာ ကွယ်လွန်သွားခြင်းအတွက် နှမြောစရာကောင်းလေစွ..။ ကရင်တွင် စာရေးဆရာ ရှားပါးလှသည်။ မကွယ်လွန်ခင် ရက်ပိုင်းအလိုတွင် စာတင်သူကို စာအုပ်လက်ဆောင် ပေးခဲ့သေးသည်။ နှမြောစရာကောင်းလှသည်။) စိတ်ဝင်စားစရာတင်ပြထားသည်။ ထိုကြောင့် ကရင်လူမျိုးတို့သည် ရှေးနှစ်ထောင်ပေါင်းများစွာ ကတည်းက မွန်လူမျိုးတို့နှင့်အတူ ဗုဒ္ဓသာသနာကို ဦးစွာပထမ လက်ခံရရှိခဲ့ကြ၍ ကိုးကွယ်ဆည်းကပ်လာခဲ့ကြသည့် လူမျိုးစု တစ်ခုဖြစ်ပါသည်။ ယင်းဗုဒ္ဓယဉ်ကျေးမှုကြောင့်လည်း ယဉ်ကျေးသိမ်မွေ့လာခဲ့ကြသည်။
တစ်ဖန် ကရင်လူမျိုးများတို့၏ အသုံးအများဆုံးစာပေကို လေ့လာကြည့်သောအခါ ပိုးကရင်စာပေ (အရှေ့နှင့် အနောက်)နှင့် စကောကရင်စာပေတို့ပင်ဖြစ်သည်။ စာပေတို့တွင် အရှေ့ပိုးကရင်စာပေ (ပေစာ)သည် ရာဇ၀င်သမိုင်းအရ သိရသည်မှာ သထုံပြည် မနုဟာမင်းမြတ် အုပ်စိုးစဉ်က ကရင်အမတ်ကြီး ပညာရှိမွန်ဒိန်က တီထွင်ခဲ့ပြီး ဗုဒ္ဓပိဋကတ်တွေကို ကရင်ဘာသာစာပေဖြင့် ရေးသားထိန်းသိမ်းအသုံးပြုခဲ့ကြသော စာပေဖြစ်ပါသည်။ မြန်မာသက္ကရာဇ် ၄၁၉-ခုနှစ်၊ အနော်ရထာမင်းကြီးသည် သထုံပြည်သား မွန်ရဟန်းတော် ရှင်အရဟံနှင့်တွေ့၍ ဗုဒ္ဓပိဋကတ်တွေကို လိုချင်သည့်အခါ သထုံပြည် မနုဟာမင်းအား တိုက်ခိုက်ပြီး ပညာရှင်များနှင့်တကွ ပိဋကတ်အစုံတွေကို ပုဂံပြည်သို့ ပင့်ဆောင်သွားခဲ့သည်။ ထိုအချိန်က ပုဂံပြည်သည် စစ်မှန်သည့် ဗုဒ္ဓသာသနာ မထွန်းကားသေးဘဲ အရည်းကြီး မိစ္ဆာဝါဒတွေကိုသာ ကိုးကွယ်ခဲ့ကြရသည်။ စစ်အန္တရာယ်ကြောင့် ကရင်အမတ်ကြီး မွန်ဒိန်သည် မိမိ၏တပည့် ကရင်များနှင့်အတူ ကရင်စာပေ ပိဋကတ်တွေကို စစ်ဘေးကင်းရာဖြစ်သော ကျောက်ခေါင်း (ယိုးဒယား ထိုင်း)အရပ်ဒေသသို့ ထမ်းပိုးသယ်ဆောင် သွားခဲ့ကြရလေသည်။
ထိုအချိန်မတိုင်မီ ရှေးနှစ်ထောင်ပေါင်းများစွာက ရာမညမွန်ဒေသဖြစ်သော သထုံနှင့် မုတ္တမတို့သည် သင်္ဘောဆိပ်ကမ်းမြို့ဖြစ်ခဲ့သည်။ ယင်းဒေသတို့၌ မွန်နှင့်ကရင်တို့သည် ရောထွေးယှက်တင် မတူတကွ နေထိုင်လာခဲ့ကြသည်။ အိန္ဒိယကုန်သည်များသည် (၇၀၀)ရာစုနှစ် မတိုင်ခင်ကတည်းက သင်္ဘောဆိပ်ကမ်းမြို့ဖြစ်သော သထုံနှင့် မုတ္တမသို့ ကူးသန်းရောင်းဝယ် လာခဲ့ကြသည်။ ထိုစဉ်က ကုန်သည်များသည် အိန္ဒိယနိုင်ငံရှိ ဗြဟ္မီအက္ခရာပွါးဖြစ်သော `ပလ္လ၀အက္ခရာ´အရေးအသားကို မွန်ဒေသသို့ ယူဆောင်လာခဲ့ကြ၍ မွန်တို့သည် (၇၀၀)ရာစု လောက်တွင် စာပေကို စတင်ရေးသားနိုင်ခဲ့ကြသည်ဟု ပညာရှင်များက ဆိုပါသည်။သို့ဖြစ်လျှင် မွန်တို့နှင့်အတူ နေထိုင်လာခဲ့ကြသော ကရင်တို့သည်လည်း မွန်တို့ကဲ့သို့ နှစ် (၇၀၀)ရာစုကျော် ၀န်းကျင်လောက်ကပင် ပလ္လ၀အက္ခရာနှင့် ကရင်အသံထွက်အတိုင်း ကရင့်စာပေကို ပွါးယူရေးသား အသုံးပြုမည်မှာ သေချာလှပေသည်။
အကြောင်းမှာ ယနေ့အရှေ့ပိုးကရင်စာပေ(ပေစာ)အရေးအသားကို လေ့လာကြည့်ရာတွင် ရှေးကျလှသည့် မွန်ဝေါဟာရတွေ များစွာသုံးနှုန်းထားသည်ကို တွေ့မြင်ရသလို နောက်ပိုင်းတွင် မြန်မာဝေါဟာရတွေလည်း ကြိုးကြားကြိုးကြား ထည့်သုံးလာသည်ကို တွေ့ရပါသည်။ သဘောမှာ ရှေးကမွန်ခေတ်မွန်စာ တွင်ကျယ်ချိန်တွင် မွန်ဝေါဟာရတွေကို သုံးပြီး မြန်မာစာ အသုံးတွင်ကျယ်ချိန်တွင် မြန်မာဝေါဟာရတွေကို ထည့်သုံးလာခြင်း ဖြစ်တန်ရာသည်။ ၄င်းအပြင် ပါဋ္ဌိသက်ဝေါဟာရနှင့် သက္ကဋဘာသာ ဝေါဟာရတွေကိုလည်း သုံးထားသည်ကို တွေ့ရသည်။ထို့ကြောင့် အရှေ့ပိုးကရင်စာပေသည် နှစ်ပေါင်းထောင်ကျော်က ပေါ်ထွန်းခဲ့သော ကရင်စာပေပင် ဖြစ်ကြောင်း ခိုင်မာစွာပြောနိုင်ပါသည်။ ဂုဏ်ယူစရာ ၀မ်းမြောက်စရာဖြစ်သလို အမျိုးဂုဏ် ဇာတိဂုဏ်ကိုလည်း မြင့်မားစေပါသည်။
အကယ်၍များ အနော်ရထာဘုရင်သည် မနုဟာဘုရင်ကို စစ်မတိုက်ဘဲ ကြည်ဖြူစွာဖြင့် ပိဋကတ်တော်တွေကို တောင်းစဉ်က ပိဋကတ်တွေကို ပေးခဲ့ပါလျှင် ကရင်စာပေ(သို့မဟုတ်) ကရင်ဘာသာပြန်ပိဋကတ်စာပေများသည် ထိုစဉ်ကတည်းက တစ်ဖြည်းဖြည်းချင်း အရှိန်ရကာ မွန်စာပေနှင့်တန်းတူ တိုးတက်ပြန့်ပွါးလာနိုင်မည်ဖြစ်ပါသည်။ အလွန်ရှေးကျ၍ ´ပေစာ´ဖြင့် အသုံးပြုလာခဲ့သောစာပေမှာ မြန်မာ၊ ကရင်၊ မွန်၊ ရှမ်းသာ ရှိပါသည်။ မည်သို့ပင်ဖြစ်စေ ယနေ့အရှေ့ပိုးကရင်စာပေသည် အရှိန်ပြင်းစွာဖြင့် ကရင်စာပေလမ်းးကြောင်းပေါ်သို့ လျှောက်လှမ်းနေသည်ကို တွေ့ရ၍ ၀မ်းသာမဆုံး ဖြစ်မိပါသည်။ ဆက်လက်ပြီး နှစ်ထောင်သောင်းမက တည်တံ့တိုးပွါး လျှောက်လှမ်းနိုင်ရန်မှာ ကရင်အမျိုးသားတစ်ရပ်လုံး၏ အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် ခံယူရမှာ ဖြစ်ပါသည်။ အရှေ့ပိုးကရင်စာပေသည် လူပုဂ္ဂုလ်များက အရှိန်ပြင်းစွာဖြင့် သင်ယူအသုံးပြုနေကြသလို ရဟန်းတော်များကလည်း အရှိမပျက် သင်ယူကြပြီး တရားဓမ္မဟောကြားခြင်းများ ပြုလုပ်နေကြသည်ကို တွေ့ရ၍ အလွန်တရာမှ ၀မ်းမြောက်ခဲ့ရပါသည်။ ကော့ဒန်ဆရာတော်သည် ကရင်ကျမ်းစာများစွာ ရေးသားထားသည်ကိုလည်း တွေ့ခဲ့ရသည်။ ရွာသစ်ကျောင်းကြီးဆရာတော် ဦးစန္ဒန (စာရေးဆရာ)နှင့် စာပေယဉ်ကျေးမှုတွေကို ဆွေးနွေးခဲ့၍လည်း ဆရာတော်ကြီးက အရှ့ပိုးကရင်စာပေသမိုင်းစာအုပ်ကို အမှတ်တရ ချီးမြင့်ခဲ့ပါသည်။ ထိုဆရာတော်သည် စာရေးသူအား ကရင့်ယဉ်ကျေးမှုတွေ လေ့လာပြီး ရေးသားရန် တိုက်တွန်းခဲ့ပါသည်။ အမှန်တကယ်လည်း ကရင်စာပေတွေ၊ သမိုင်းကြောင်းတွေ၊ ယဉ်ကျေးမှု အကြောင်းတွေကို မော်ကွန်းတင် ရေးသားရန် ကရင်စာရေးဆရာ အများကြီး ပေါ်ထွန်းဖို့ လိုအပ်လှပါသည်။ မြန်မာစာပေဆိုလျှင် မိမိတို့ရဲ့ စာပေယဉ်ကျေးမှုတွေကို တိုးတက်ပြန့်ပွါးအောင် စာရေးဆရာတွေ၊ သမိုင်းသုတေသီတွေ၊ ပညာရှင်တွေ များပြားစွာ ရှိပါသည်။ မိမိတို့ ကရင်လူမျိုးသည်လည်း ထိုကဲ့သို့ မမီတောင်မှ စာပေတွေကို ရေးသားနိုင်သော၊ သုတေသနပြုနိုင်သော စာရေးဆရာတွေ အများကြီး လိုအပ်နေသေးသည်။ ဒါကြောင့် စာသင်ဖို့ အပြင်းကြရန်၊ စာပေဆိုတာ လူမျိုးတစ်မျိုးရဲ့ အသက်သွေးကြောဆိုတာ သိရှိနားလည်ရန်၊ မိမိစာပေတွေကို နှိက်နှိက်ချွတ်ချွတ် သိရှိနားလည်ပြီး ထိန်းသိမ်းစောင့်လျှောက်တတ်ရန် အများကြီးလိုပါသည်။ တစ်ချို့ကဆိုလျှင် မိမိတို့ရဲ့ယဉ်ကျေးမှု ဓလေ့တွေကို လေ့လာရန် မပြောနဲ့ဦး
မိမိတို့ရဲ့ ရိုးရာအကတွေ သင်ယူရန်ပင် အတော့်ကို ၀န်လေးနေသည်ကို တွေ့ရှိရသည်။ ဒါကြောင့် မိမိတို့ ခေတ်မှာ သမိုင်းကောင်းဖို့ရန်၊ လူသေသော်လည်း နာမည်ကောင်းကျန်ဖို့ရန်၊ မျိုးချစ်စိတ်ဓာတ်ရှိသူတိုင်း သိရှိကြရမည်။ မိမိတို့ တတ်နိုင်တဲ့ဘက်က ပါဝင်ကူညီဆောင်ရွက်ဖို့ လိုအပ်ပါသည်။ ပြီးစလွယ်နေ၊ ပြီးစလွယ်သွား၊ ဖာသိဖာသာ မနေကြဖို့၊ စာပေယဉ်ကျေးမှုတွေကို ချစ်မြတ်နိုးတတ်ဖို့ အရမ်းလိုအပ်နေပါသည်။ဒါကြောင့် ကရင်မျိုးသား၊ အမျိုးသမီးတိုင်း မိမိတို့ရဲ့ တန်ဖိုးထားရာ၊ ယုံကြည်ရာဖြစ်သော စာပေ၊ ယဉ်ကျေးမှူ၊ ပညာ၊ အနုပညာ၊ ရိုးရာဓလေ့၊ သမိုင်းအားလုံးကို မိမိတို့ရဲ့ နှလုံးသားထဲတွင် နက်ရှိုင်းစွာ တည်ရှိ ပျော်ဝင်နိုင်ပါစေ…………..။
No comments:
Post a Comment