အဲအဲ တစ်ဘက်နိုင်ငံမှာ ပျော်ရဲ့လား….။ အဆင်ပြေရဲ့လား…၊ ယင့်သာကိုကော သတိမှ ရသေးရဲ့လား…၊ ယင့်သာက ဒီလိုနွေရာသီရောက်ရင်တော့ အဲအဲကို ပိုပြီးသတိရတယ် သိလား….။ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့နှစ်က နွေရာသီ ကရင်စာပေသင်တန်းမှာ ကလေးတွေကို စာသင်ပေးခဲ့တာတွေရယ်၊ ကလေးတွေ အမျိုးသားရေးစိတ်ဓာတ်ရှိဖို့..၊ အမျိုးကိုချစ်ဖို့..၊ သွန်သင်ပေးခဲ့တာတွေရယ်…၊သင်တန်းကာလမှာ တို့နှစ်ယောက်ဦးဆောင်ပြီး သင်တန်းသား သင်တန်းသူတွေနှင့်တကွ အမျိုးသား အလံတော်ကို မနက်တိုင်း လွင့်တင်ပြီး ဦးညွတ်အလေးပြုခဲ့တာတွေရယ်..၊ သင်တန်းဆင်းတဲ့နေ့ လှုပ်ရှားခဲ့တာတွေရယ်..၊ ဆုပေးပွဲ အခမ်းအနားမှာ ဆုချီးမြင့်ခဲ့တာတွေရယ်..၊ အဲဒီနေ့မှာ ရိုးရာဝတ်စုံတွေ ၀တ်ဆင်ပြီး ကရင့်အမျိုးသမီးတစ်ဦးပီပီ ´လှရဲ့လား´လို့ အဲအဲက ယင့်သာ ကို မေးခဲ့တာတွေရယ်..၊ ရိုးရာအစားအစာတွေကို ဧည့်ခံကျွေးမွေးခဲ့တာတွေရယ်..၊စသည်ဖြင့် အဲအဲပါဝင် ကူညီခဲ့တာတွေအားလုံးကို ယင့်သာ အမြဲတမ်း မြင်ယောင်တမ်းတမိတယ် အဲအဲရယ်။
တပေါင်းလပြည့် လသာတဲ့ ညတစ်ညမှာ အဲအဲရှိတဲ့အိမ်ကို ယင့်သာ ရောက်လာပြီး နှစ်ယောက်သား အိမ်ရှေ့ဝရံတာမှာ လမင်းကြီးကို မော်ကြည့်ပြီး တစ်ယောက်အကြောင်းတစ်ယောက် ဖလှယ်ကြတယ်မဟုတ်လား..၊ အဲအဲပြောတဲ့ စကားတစ်ခွန်းကို ယင့်သာ ဘယ်လိုမှ မေ့ပျောက်လို့ မရဘူးသိလား..။ ´ကရင်လူမျိုးတွေ ဘာကြောင့် စိတ်ဝမ်းကွဲကြတာလဲ..၊ စိတ်ဝမ်းမကွဲဘဲ လမင်းကြီးလို လူသားတွေကို အလင်းရောင်ပေးနိုင်ရင် သိပ်ပျော်ဖို့ ကောင်းမှာပဲ´ ဆိုတဲ့စကားလေ။ လပြည့်ညတိုင်း အဲအဲရဲ့စကားတွေကို အမြဲတမ်း ကြားယောင်မိတယ်။
ယင့်သာ ကတော့ အချိန်တန်ရင် ကလေးတွေကို စာသင်ပေးလိုက်၊ တစ်ရက်ပြီး တစ်ရက်၊ တစ်လပြီးတစ်လ၊ တစ်နှစ်ပြီး တစ်နှစ်၊ အချိန်တွေ ဘယ်လိုကုန်ဆုံးသွားမှန်း မသိ၊ နွေပြန်ရောက်တော့ ကရင်စာပေသင်တန်းနဲ့ လုံးပန်းရပြန်ရော။ ဒီလိုနဲ့ဘဲ အချိန်ကုန်ခဲ့ရတယ်၊ ကိုယ်ပိုင်စီးပွါးရေးဆိုလို့ ဗလာနတ္ထိ၊ အဲအဲက ပြည်ပမှာ ကောင်းစားနေလောက်ပြီပေါ့နော်။ အဆင့်မြင့် စီးပွါးရေးတွေ လုံးပန်းနေရလို့ ကိုယ့်စာပေ၊ ယဉ်ကျေးမှုတွေကိုကော မေ့နေပြီလား…။သတိရမယ် မထင်ပါဘူးလေ။ အဲအဲကို အပြစ်မဆိုသာ လောက်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်နိုင်ငံကိုက စီးပွါးရေးမကောင်းတာ..။ စီးပွါးရေးလုပ်နိုင်လောက်အောင်လည်း ကိုယ့်နိုင်ငံက အခြေခံလူတန်းစားတွေကိုမှ အလုပ်မပေးနိုင်..။ ကိုယ့်မိသားစု စားဝတ်နေရေးတောင်မှ အနိုင်နိုင် ရုန်းကန်နေရတဲ့ ဘ၀၊ ဒါကြောင့် စီးပွါးဖြစ်ထွန်းတဲ့ တစ်ဘက်နိုင်ငံကိုပဲ အားကိုးရတော့တာပေါ့။ တစ်ဘက်နိုင်ငံမှာလည်း သတင်းတွေ အမျိုးမျိုးကြားရ ၊ အဆင်ပြေတဲ့လူရှိသလို၊ မပြေတဲ့လူတွေလည်း ရှိပြန်တော့ စိတ်တော့မကောင်းပါဘူး။ ဒါပေမယ့် ဘယ်တတ်နိုင်ပါ့မလဲလေ။
ကိုယ့်တိုင်းပြည်မဟုတ်တော့ အစစရာရာ သတိဝီရယနဲ့နေပါနော်။ နောင်တစ်ချိန်မှာ ကိုယ့်လူမျိုးရှိတဲ့ အမိမြေကို မမေ့ပါနဲ့နော်။ အဲအဲ ပြည်ပမသွားခင်မှာ မဖွံ့ဖြိုးသေးတဲ့ နယ်စပ်ဒေသ ကျေးလက်တွေမှာ ပညာရေးရော ယဉ်ကျေးမှုတွေကိုပါ အားကြိုးမာန်တက် (၂)နှစ်တိုင်တိုင် ထမ်းဆောင်ခဲ့တဲ့ အဲအဲအတွက် ဘာတစ်ခုမှ မထောက်ပံ့ပေးနိုင်ခဲ့ဘူးလေ။ ဒါတွေအားလုံးဟာ အသင်းအဖွဲ့တစ်ခုရဲ့ ဦးဆောင်မှု မကောင်းတာပါ။နောက်ဆုံး ´ ၀မ်းမ၀ သီလမမြဲ´ ဆိုသလို အခြေအနေ အမျိုးမျိုးကြောင့် ကိုယ့်လမ်းကိုရှာ ပြည်ပထွက်ခွါခဲ့ရတဲ့ အဆင့်အထိပဲ မဟုတ်လား..။ယင့်သာ နားလည်ပေးပါတယ် အဲအဲရယ်။
ယခု ကရင်ပြည်နယ် ဒေသတစ်ခုလုံး စာပေယဉ်ကျေးမှု တိုးတက်ပြန့်ပွါးဖို့ လူငယ်ပိုင်းမှာ ယင့်သာ တစ်ယောက်တည်း လှုပ်ရှားနေရတယ်။ ရွာတွေလည်းများတော့ တစ်ရွာဝင်တစ်ရွာထွက် အချိန်တွေ မနည်းလုနေရရှာတယ်လေ။ ဒီလောက်ကြိုးစားနေတာတောင်မှ အကြောင်းအမျိုးမျိုးကြောင့် ကရင်စာပေသင်တန်း မဖွင့်လှစ်ရသေးတဲ့ ရွာတွေ အများကြီးကျန်သေးတယ်။ မြို့တိုင်းရွာတိုင်း ကရင်စာပေ ဖွင့်လှစ်နိုင်ရေးအတွက် အားခဲကြိုးစားနေဆဲပါ။ နယ်စပ်အစွန်အဖျားမှာ စာပေယဉ်ကျေးမှုအတွက် လမ်းလျှောက်ရတဲ့ခရီးဟာ ´သွေးခင်းလမ်း မဟုတ်သော်လည်း သွေးခင်းလမ်းသလိုပါပဲ´အခက်အခဲအမျိုးမျိုး ဖြတ်သန်းခဲ့ရတယ်လေ။ဒါတွေအားလုံးဟာ အဲအဲသိပြီးသားပဲလေ။
စာပေအတွက် လှုပ်ရှားရတာ တစ်ယောက်တည်းမို့ ´ နှမ်းတစ်စေ့ ဆီမထွက်နိုင်´ ဆိုသလိုမျိုးပေါ့။အတိုင်းအတာ တစ်ခုထိ အောင်မြင်သော်လည်း ရာနှုန်းပြည့် မအောင်မြင်နိုင်ဘူးလေ။
အမျိုးသားရေးဆိုတာ ငါတို့ ကရင်လူမျိုးတစ်ရပ်လုံးက ၀ိုင်းဝန်းကူညီမှ ငါတို့ လိုချင်တဲ့ ပန်တိုင်ကို ရောက်မယ်မဟုတ်လား…။ဒီအချိန်မှာ အဲအဲရှိရင် သိပ်ကောင်းမှာပဲ လို့ တွေးနေမိတယ်။
အဲအဲရယ် ဖြစ်နိုင်ရင်…စီးပွါးရေးပြည့်စုံရင် ပြန်လာပါတော့လား..။ကျေးလက်တွေမှာ ကရင်ကလေးငယ်တွေကို အဲအဲတတ်ထားတဲ့ (B.A)ဆိုတဲ့ ပညာနဲ့ ဝေငှပေးနိုင်ရင် သိပ်ကောင်းမှာပဲ။
ကလေးသူငယ်ဆိုတာ နောင်တစ်ချိန်မှာ ကိုယ့်လူမျိုး၊ကိုယ့်စာပေတွေကို တင့်မြင့်တင်ပေးမယ့် ကြယ်ပွင့်လေးတွေ လို့အဲအဲပြောခဲ့တယ် မဟုတ်လား..။ကိုယ့်ရဲ့ အနာဂတ်ကလေးသူငယ်တွေကို စာပေမတတ်၊ ပညာမတတ်၊ သူတစ်ပါးတွေ အဖိနှိပ်ခံလက်အောက် မရောက်စေချင်ဘူး မဟုတ်လား..။ဒါတွေက အဲအဲပြောခဲ့တဲ့စကားတွေလေ။ပညာရေးဟာ လူမျိုးအတွက် အဓိက မဟာတံတိုင်းကြီးဆိုတာ အဲအဲ အသိဆုံးပဲလေ။ ကလေးတွေကို ပညာသင်ပေးတယ်ဆိုတာ အမျိုးသားရေး ရှုထောင့်က ကြည့်ရင် အင်မတန်မွန်မြတ်တဲ့ ၀န်ဆောင်မှုတစ်ခုပါ။
အဲအဲကို ပြန်လာစေချင်ပေမယ့် တကယ်တမ်း အဲအဲပြန်လာရင် …. အမျိုးသားရေးတာဝန်ကို တစ်ဖက်တစ်လမ်းက ကူညီရင် ရင်ထဲက မေတ္တာ၊ စေတနာကလွဲပြီး ဘာမှ မထောက်ပံ့ပေးနိုင်ဘူးဆိုတာ ရိုးသားစွာ ကြိုတင်ဝန်ခံပါရစေ.။ ဒါပေမယ့် ငါတို့အမျိုးသားရေးဘက်ကကြည့်လျှင် ငါတို့ ဒီဘ၀မှာ ကိုယ့်လူမျိုး၊ ကိုယ့်ယဉ်ကျေးမှုတွေကို ကိုယ်တတ်နိုင်တဲ့ဘက်က ကောင်းကောင်းမွန်မွန် သမိုင်းမော်ကွန်းတင်ရမယ်လေ။ ငါတို့ အမျိုးသားရေးကို ငါတို့က မလုပ်ဘဲ ဘယ်သူမှ လာပြီးလုပ်ပေးမှာ မဟုတ်ဘူးဆိုတာ အဲအဲ အသိဆုံးပါပဲလေ။ ကရင်လူမျိုးတိုင်းဟာ ဒီလို့ပဲ သူလည်းမလုပ်၊ ကိုယ်လည်းမဟုတ်ဘူးဆိုရင် ဘယ်မှာ ကိုယ့်လူမျိုးတိုးတက်တော့မှာလဲ။ လူတိုင်းလူတိုင်းဟာ မျိုးချစ်စိတ်ဓာတ်မွေးဖို့၊ ကိုယ့်လူမျိုးကို ကိုယ်တိုင် ချစ်မြတ်နိုးတတ်ဖို့ မိမိတို့ ကိုယ်စီ အသိတရားရှိသင့်နေပြီလေ။နောက်ပြီး အနာဂတ် ကလေးတွေကိုလည်း ဒီအသိတရား ရှိအောင် ရိုက်သွင်းပေးရမယ်လို့ အဲအဲပြောခဲ့တာပဲလေ။
ဒါကြောင့် ယင့်သာက ထမင်း တစ်နပ်သာစားရပေမယ့် ကိုယ့်လူမျိုးကလေးတွေကို သိပ်သနားလို့ ဘ၀ကို အနစ်နာခံပြီး လူမျိုးအတွက် ပေးဆပ်ခဲ့တာလေ။
အဲအဲက ခေတ်ပညာတတ် တစ်ယောက်အနေနဲ့ ကိုယ့်လူမျိုးကို မေ့ပြီး လျစ်လျူမရှုသင့်ဘူးလို့ ယင့်သာ ထင်တယ်လေ။ အနာဂတ်မဲ့ ကလေးငယ်တွေကို လွတ်လပ်သော ကြီးပွါးတိုးတက်မှု ဘ၀လမ်းစဉ်ကို လမ်းညွန်ပေးတဲ့ ပန်းဥယျာဉ်မှူးကြီးတစ်ယောက် ဖြစ်စေချင်တယ် အဲအဲရယ်။
ယင့်သာ စေတနာကို နားလည်ပေးနိုင်မယ်လို့ ယင့်သာ မျှော်လင့်ပါတယ် အဲအဲရယ်…၊ ဘာလိုလိုနဲ့ နွေရာသီ ကရင်စာပေသင်တန်း ဆင်းပွဲတောင် နီးကပ်လာပြီ၊ နွေရာသီ ရောက်တိုင်း လူမျိုးရဲ့ အသက်သွေးကြော ဖြစ်တဲ့ စာပေကို သူငါအပြိုင် မဟုတ်သည့်တိုင် အမျိုးကို စောင့်ရှောက်သူအဖို့တော့ ကိုယ့်အသိစိတ်ဓာတ်ဖြင့် စာပေယဉ်ကျေးမှု သင်တန်းတွေဖွင့်လှစ်ကြပြီလေ..။သင်တန်းမှာ တိုင်ဆိုင်မှု ရှိတော့ အဲအဲကို သတိရပြန်ရော…။
ကရင်လူမျိုးတွေ ထာဝရရှင်သန် တည်တံ့ခိုင်မြဲဖို့ ဘိုးဘွးများထားရစ်ခဲ့တဲ့ စာပေယဉ်ကျေးမှု ရိုးရာဓလေ့တွေကို ဆက်လက်ထိန်းသိမ်းရမည်မှာ လူငယ်တွေအားလုံး ရှောင်လွဲ၍ မရတဲ့ သမိုင်းပေးတာဝန် တစ်ရပ်မဟုတ်လား….။အဲအဲနဲ့အတူ လက်တွဲခဲ့တာတွေ၊ မမေ့နိုင်ဘဲ အမြဲသတိရလျက်ပါ…။ယင့်သာ စာရေးတာ များနေပြီ..ဖတ်ရတာ ပျင်းမှာစိုးလို့ စာကို ဒီလောက်နဲ့ဘဲ အဆုံးသတ်ပါရစေဦး..နော့်…။ တမ်းတခြင်းများစွာနဲ့….. ယင့်သာ…..။
စောနန်းဝေ (၀င်းရော်)ရဲ့စာကို ခြေခံပြီး ပြန်လည်တင်ပြပါသည်။
No comments:
Post a Comment