Dec 27, 2008

သမီးတစ်နေ့ ပြန်လာမယ်…

အမိအဖကိုလွှမ်း ကျောင်းအိုကြီးကိုလွှမ်းမျှော်ငေး
လွယ်အိတ်လေးကို ပွေ့ပိုက်လို့ သမီးငိုရှိုက်မိခဲ့တယ်။
အလုပ်အကိုင်နဲ့ နိုင်ငံရပ်ခြားကို ရောက်ပေမယ့်
သမီးလျှောက်ခဲ့တဲ့ ရွာလမ်းကလေး ပြန်လို့တွေးရင်း
ခရေပွင့်လေးတွေကြွေ မိုးရေနဲ့ လိမ့်လူး
မဖူးခင် ကြိုတင်ပန်ချင်တဲ့ သမီးဆန္ဒ
အဝေးက လွှမ်း၊ လွှမ်းပေမယ့် အားတင်း
ငါပြန်လာတဲ့ နံနက်ခင်းနေရာင်အ၀င့်မှာ
ခရေပန်းတွေ ပွင့်ရမယ်..အမိုး အမေရယ်
ရွာရိုးမှာ နားပန်းဆံနဲ့ သမီးခရေပန်ချင်တယ်..။
ဒီလိုနဲ့ ဘ၀တူ အမိအဖဝေးကြတဲ့
တိုင်းရင်းဆွေ မောင်နှမတွေနဲ့ ဆန္ဒတွေ ဖလှယ်
မျှော်လင့်ချက်တွေ နှီးနှောရင်း
ဘ၀အမောကို ကြိတ်မှိတ် ဖြေသိမ့်ပြီးတော့နေရတယ်….။
သမီးလွှမ်းရင် သူတို့လည်းလွှမ်း
သမီးလည်းလွှမ်း တစ်စိတ်တစ်ဝမ်းဖွဲ့နှောင်တယ်..။
ဥရောပ နှင်းဖွဲဖွဲမှာ..အမည်းအဖြူအ၀ါ
အသားရောင်ပဒေသာနဲ့
မိတ်သဟာယ ရွေးဆုံဆည်းဖို့
အမိအဖဝေးတဲ့ သမီးတို့နဲ့ တွေ့ဆုံပြီး
ကျန်းမာပါစေ..ချမ်းမြေ့ပါစေ
ဘေးရန်ကင်းပါစေ..လို့ မေတ္တာသွန်းလောင်း
ဆုတောင်းခြင်းနှင့်အတူ..သူရိယနေခြည်
ရွှေဖားစည်သံနဲ့ ကရင်အလံ လွှင့်အထူမှာ
လက်ခုပ်သြဘာပေးကြတယ်
နှစ်သစ်နှုတ်ခွန်းဆက်ကြတယ်…။
ဘယ်တိုင်းပြည်ရောက်ရောက်
ဘယ်ဒေသမှာနေနေ သစ္စာခိုင်မာ
အပြာ အနီ အဖြူ ကရင်အလံထူလို့
ပြည်သူတွေကို တိုင်တည်
နေခြည်သစ်နဲ့ ချစ်ကြည်ကြတယ်။
ခရေပန်းပန် ကရင်အလံနဲ့
သမီးတစ်နေ့ပြန်လာမယ်….။
(နှစ်သစ်ဖားစည်သံနဲ့ ကရင်အမျိုးသားအလံလွှင့်ထူသော နိုင်ငံခြားရောက် ကရင်ညီငယ်ညီမငယ်များသို့ အမှတ်တရ)
စောကိုမြင့်

No comments: