တိုင်းရင်းသားလူမျိုးများထဲတွင် ကရင်လူမျိုးသည် ဒုတိယလူဦးရေအများဆုံးရှိသော တိုင်းရင်းသားလူမျိုးတစ်မျိုးပင် ဖြစ်ပါသည်။ယေဘုယျအားဖြင့် ကရင်မျိုးနွယ်စုဝင်အားလုံးကို ကရင်လူမျိုးဟုခေါ်ဆိုကြသော်လည်း တောင်ပေါ်မြေပြန့်စသော နေရာဒေသများတွင် ပြန့်ကျဲစွာနေထိုင်ကြသော ဤလူမျိုးစုဝင်များသည် အဓိက မျိုးနွယ်စုနှစ်ခုဖြစ်သော (မိုထိ)ခေါ် ပိုးကရင်အနွယ်ဝင်များနှင့် (ဘာထိ)ခေါ် စကောကရင်အနွယ်တို့မှ ပေါက်ဖွားလာကြသော လူမျိုးနွယ်စုများပင်ဖြစ်ကြသည်။ဤမျိုးနွယ်စုများသည် ပြောဆိုသည့်စကား၊ စာပေ၊ ၀တ်စားဆင်ယဉ်မှု၊ ဓလေ့ရိုးရာများ၊ဒေသအလိုက်ကွဲပြားခြားနားမှုများ၊ အနည်းနှင့်အများရှိနေကြခြင်းကြောင့် ကရင်(၁၂)မျိုးဟူသော ခေါ်ဝေါ်ပြောဆိုချက်များ ရှိခဲ့ပေသည်။
အတိတ်ခေတ်ကာလများ၌ ဖြစ်ပျက်ခဲ့သော သမိုင်းလမ်းကြောင်းများအရ ကရင်လူမျိုးများအပေါ်၌ အာဏာလွှမ်းမိုးနိုင်ခဲ့သော လူများခြားများတို့၏ ဓလေ့ထုံးတမ်းယဉ်ကျေးမှုနှင့် ကိုးကွယ်ယုံကြည်မှု၊ အယူဝါဒများသည်လည်း ကရင်လူမျိုးများအပေါ်၌ အမှန်တကယ်လွှမ်းမိုးနိုင်ခဲ့သည်။ နှစ်ပရိစ္ဆေဒကြာညောင်းလာသောအခါ၌ မိမိတို့၏ပင်ကိုယ်ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနှင့် အယူဝါဒများအဖြစ် မှတ်ယူလာကြသည်။
ဆက်ဖတ်ရန်...
ယင်းကဲ့သို့သော ဖြစ်ပျက်ပြောင်းလဲမှုများသည် ကြာညောင်း၍ အမြစ်တွယ်လာသောအခါ ဒေသအစွဲ၊မျိုးနွယ်စုအစွဲ၊အယူဝါဒအစွဲစသည့် အစွဲအလမ်းများ မျိုးနွယ်စုတစ်ခုနှင့်တစ်ခုအတွင်းမှာ ကြီးထွားလာခြင်းကြောင့် စည်းလုံးညီညွတ်သော ကရင်လူမျိုးကြီးတစ်မျိုးအဖြစ် ရပ်တည်လာနိုင်ခြင်း မရှိကြသည်ကို တွေ့ရှိရပေမည်။ စည်းလုံးညီညွတ်မှုမရှိသော လူမျိုးတစ်မျိုး၏ ဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် နှေးကွေးနေမည်မှာ အံ့သြဖွယ်ရာမရှိပါ။
ထိုကြောင့် ၁၇၄၄-ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အထိန်းအမှတ်စာစောင်ဖြစ်သော
ကရင့်ကြေးမုံတွင် ပါရှိသော ကရင်နှစ်သစ်ကူးနှင့်အတူ" အတွေးကို ဆန့်ထုတ်ခြင်း "မှဆောင်းပါးရှင် မန်းဌေးရှိန်၏အဆိုအတိုင်း ပြန်လည်ကောက်နှုတ်ဖေါ်ပြရလျှင် ၁၈၈၁-ခုနှစ် ကတည်းက "ဒေါကလု" ခေါ် ကရင်အမျိုးသားအသင်းကြီးကို ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ကြောင်း၊ ထိုစဉ်ကာလကတည်းက ကရင်အမျိုးသားတို့မှာ နေရာဒေသပြန့်ကြဲစွာ နေထိုင်ကြခြင်း၊ စကား၊ စာပေနှင့် ကိုးကွယ်မှု ကွဲပြားခြင်းများ ရှိနေပြီးဖြစ်သည်။ ဒေသအစွဲ၊ စကား၊စာပေနှင့် ကိုးကွယ်မှု အစွဲများ အမြစ်တွယ်လာနေပြီးဖြစ်သည်။
ထိုအခြေအနေမျိုးတွင် ဒေါကလု အသင်းသည် ကွဲပြားနေသော ကရင်လူ့အဖွဲ့အစည်းကို ဦးဆောင်မှု အခန်းကဏ္ဍဖွင့်လှစ်၍ အမျိုးသားဖွံ့ဖြိုးရေး၊ တိုးတက်ရေးကို ဖေါ်ဆောင်လာခဲ့ရသည်။ကာလအတန်ကြာခဲ့ပြီ။ ခေတ်အဆက်ဆက် ပြောင်းလဲခဲ့ပြီ။ စနစ်အမျိုးမျိုးကိုလည်း ဖြတ်သန်းခဲ့ပြီးပြီ၊ တာဝေးအပြေးပြိုင်ပွဲမှာ ကျွန်တော်တို့တစ်တွေ အများနှင့်ယှဉ်ပြီး ပြေးနိုင်ခဲ့ပါရဲ့လား..။
နောက်မှာ အဝေးကြီး ကျန်ရစ်နေပါသလား..။အဖြေကတော့ ရှင်းပါသည်..။ဘယ်သူမပြု မိမိအမှု မဟုတ်ပါလား။သို့ဖြစ်ပါ၍ ကရင်လူမျိုးများသည် ရောက်ရှိနေသော အနေအထားမှာ "ပိုနေမြဲ ကျားနေမြဲ အတိုင်း" ဆက်လက်တည်ရှိနေကြမှာလား..။
ဒါမှမဟုတ် ရောက်ရှိလာသောအချိန်အခါ၊ရရှိထားသော
အနေအထားနှင့် အခွင့်အလမ်းများကို တစ်မျိုးသားလုံးအတွက် အကျိုးရှိအောင် ပူးပေါင်းဆောင်ရွက်ကြမည်လား..။
သူတစ်ပါးတို့ ဆောင်ရွက်ပေးတာကိုပဲ စောင့်မျှော်လင့်နေသူများ ဖြစ်နေကြမှာလား …
စသည့်မေးခွန်းများသည် ကရင်လူမျိုးများအတွက် သေချာရေရာပြီး ဖွံ့ဖြိုးတိုးတက်မှုရှိသော အနာဂတ် မျှော်မှန်းချက်များ ပြည့်ဝလာရေးကို လိုးလားသူတိုင်း ၀ိုင်းဝန်းလက်တွဲ ဖြေဆိုကြရမည်ဖြစ်ပါသည်။
လူမျိုးတစ်မျိုး၏နောက်ကြောင်းသမိုင်းကို ပြန်လည်ဆန်းစစ်ကြည့်လျှင် ခေတ်ဟောင်းသမိုင်းမှာ
အမျိုးသားရေးကို ဆောင်ရွက်ခဲ့သော ခေါင်းဆောင်များ၊ သူ့နေရာနှင့်သူ ရှိခဲ့သလိုပါပဲ၊
ပါလီမန်ခေတ်မှာလည်း ထင်းရှားသော ကရင်ခေါင်းဆောင်များစွာ ရှိခဲ့ပါသည်။
နောက်ပိုင်းမှာတော့ ခေတ်တွေ ပြောင်းလဲ၊စနစ်တွေပြောင်းလဲ၍လား..တော့ မဆိုနိုင်ပါ။ အမျိုးသားရေးကို စွမ်းဆောင်ပေးနိုင်သူ ခေါင်းဆောင်ဟူ၍ ညွန်ပြစရာ ထင်ထင်ရှားရှား မတွေ့ရတော့ပါ..။ဘယ်လူမျိုးတွင် မဆို တစ်ခေတ်တစ်ခါတွင် ထင်ရှားသော ခေါင်းဆောင်ဟူ၍ ခေတ်အဆက်ဆက်မှာ ပေါ်ထွက်လေ့ရှိပါသည်။ မှန်မှန်ကန်ကန် ရဲရဲဝံ့ဝံ့ဖြင့် ဦးဆောင်မှုပြုနိုင်သော ခေါင်းဆောင်နောက်မှာ အများစုက
စည်းလုံးညီညွတ်စွာဖြင့် အားပေးထောက်ခံ့မှုပြုကြလျှင် တိုးတက်သော လမ်းကြောင်းပေါ်သို့ ရောက်ရှိသွားကြချည်းပင် ဖြစ်ပါသည်။
ကရင်လူထုကြီးတစ်ရပ်လုံးအနေဖြင့် ၂၁-ရာစုအတွင်းဝယ် အလျင်အမြန်တိုးတက်နေသော
ကမ္ဘာကြီးနှင့်ယှဉ်၍ အတွေးအခေါ်၊ အမြှော်အမြင်၊ စိတ်နေစိတ်ထား၊ လုပ်ကိုင်ဆောင်ရွက်မှုများ ကျယ်ပြန့်စွာတိုးတက်ပြောင်းလဲခြင်း မရှိကြလျှင် သူတစ်ပါးနောက်မှာ အဝေးကြီးကျန်ရစ်နေမည်မှာ သေချာလှပါသည်။သာဓကအားဖြင့် ယနေ့ကမ္ဘာကြီးမှာ အဖွံ့ဖြိုးဆုံးအတိုးတက်ဆုံး နိုင်ငံကြီးများစာရင်းတွင် အမေရိကန်နိုင်ငံလည်း တစ်နိုင်ငံအပါအ၀င်ပင်ဖြစ်သည်။ အမေရိကန်နိုင်ငံသည် ကမ္ဘာပေါ်တွင် အတိုးတက်ဆုံးနိုင်ငံဟုဆိုနိုင်ပါသည်။ အမေကန်နိုင်ငံ၏ အတွေးအခေါ်၊အယူအဆ၊ လုပ်ထုံးလုပ်နည်းတွေကို အတုယူစရာကောင်းပါသည်။ အမေရိကန်အစိုးရ အဖွဲ့အစည်းတွင် ထိပ်တန်းရာထူးနေရာတွင် ဘယ်လူမျိုး၊ ဘယ်အမျိုးအနွယ်၊ ဘယ်ဘာသာဝင်တွေဖြစ်ရမည်ဟု စည်းကမ်းတွေ သတ်သတ်မှတ်မှတ် မထားဘဲ အသားဖြူသည်ဖြစ်စေ၊ အသားမည်းသည်ဖြစ်စေ၊ ဘယ်ဘာသာကိုပဲ ကိုးကွယ်ကိုးကွယ် အရည်အချင်းပြည့်မှီလျှင်၊ လုပ်ရည်ကိုင်ရည်ရှိလျှင် ဘယ်အမေရိကန်သားပဲဖြစ်ဖြစ် ထိုက်တန်သော အစိုးရရာထူးနေရာများကို ရရှိပိုင်ခွင့်ရှိပါသည်။ အခွင့်အရေးတန်းတူ ရရှိပိုင်ခွင့်၊ ခံစားပိုင်ခွင့်ရှိသည်။ အရင်က လူရာမသွင်းဘဲ အဖိအနိပ်ခံ ကပ္ပလီမျိုးနွယ်စုများသည်ပင် ယနေ့ခေတ်တွင် သမ္မတရာထူးတွေ ရရှိနေကြပြီးဖြစ်ပါသည်။ဤသည်ကို ကြည့်ခြင်းအားဖြင့် အမေရိကန်လူမျိုးတို့၏ အတွေးအခေါ်သည် ပြောင်းလဲနေသော ခေတ်ကာလနှင့် လျော်ညီစွာ ပြောင်းလဲတိုးတက်နေသည်ကို တွေ့ရှိရမည်ဖြစ်သည်။
ပြောင်းလဲနေသော အတွေးအခေါ်များနှင့်အတူ မှန်ကန်သောလုပ်နည်းလုပ်ဟန်များကိုလည်း အကောင်အထည်ပေါ်လာအောင် ကြိုးစားဆောင်ရွက်နေကြခြင်းကြောင့် ကောင်းသောအကျိုးကျေးဇူးများကိုလည်း ခံစားကြရသည်။
ယနေ့ကရင်လူမျိုးများသည် ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် တစ်မျိုးသားလုံးနှင့်သက်ဆိုင်သောအရေးအရာကိစ္စအ၀၀တို့ကို တိုင်ပင်ဆောင်ရွက်ပေးနိုင်မည့် ယခင်”ဒေါကလု” ကဲ့သို့သော အမျိုးသားအသင်းကြီးတစ်ခု ပြန်လည်ဖွဲ့စည်းတည်ထောင်နိုင်ကြလျှင် ကောင်းမည်ဟုယူဆရပါသည်။ငြိမ်းချမ်းသောနည်းလမ်းဖြင့် ယင်းကဲ့သို့သော အမျိုးသားအသင်းကြီးတစ်ခုကို ကရင်လူထုတစ်ရပ်လုံးက ၀မ်းမြောက်ဝမ်းသာစွာဖြင့် ကြိုဆိုကြမည်မှာ ယုံမှားသံသယမရှိပါ.။ အကယ်၍ ဤအသင်းကြီးတစ်ခု တည်ရှိလာနိုင်သောအခါ ကရင်အမျိုးသားတို့အတွင်းမှ “မီးခဲပြာဖုံး”ဆိုသလို အရည်အချင်းရှိသော အမျိုးသားခေါင်းဆောင်များလည်း ပြန်လည်ပေါ်ထွက်လာနိုင်မည်ဖြစ်ပါသည်..။
ကမ္ဘာပေါ်ရှိလူမျိုးတိုင်းသည် သူ့သမိုင်း နှင့်သူ ရှိကြသည်။ လူမျိုးတစ်မျိုးသည် မိမိလူမျိုး၏ သမိုင်းဖြစ်စဉ်များကို သိရှိနားလည်ထားကြဖို့လိုအပ်ပါသည်။ ခေတ်ကာလသုံးပါးမှာ အတိတ်ခေတ်ကာလသမိုင်းကို သိရှိထားမှ မျက်မှောက်ကာလမှာ ဘယ်လိုအခြေအနေမျိုးရောက်ရှိနေသည်၊ အနာဂတ်ကို ဘယ်လိုဘယ်ပုံနည်းဖြင့် လျှောက်လှမ်းကြရမည်ကို ပြင်ဆင်ထားနိုင်မည်ဖြစ်ပါသည်။ယနေ့ခေတ် ကရင်အများစုတို့သည် မိမိတို့၏သမိုင်းကြောင်းကို မသိရှိမနားလည်ကြပါ။ အကြောင်းရင်းမှာ ကရင်လူမျိုးများ၏ ရာဇ၀င်သမိုင်းကြောင်းကို ရေးသားဖေါ်ပြသောစာအုပ်များကို ယနေ့ခေတ်မှာ ရှာမတွေ့နိုင်ကြတော့ပါ။စာအုပ်စာပေနှင့် သမိုင်းကို တန်ဖိုးထား သိရှိနားလည်သူ လူတစ်ချို့တို့ဆီမှာသာ ကရင်လူမျိုးနှင့်ပတ်သက်သော စာအုပ်ဟောင်းများကို ရှိနိုင်ပေလိမ့်မည်။ယနေ့ခေတ်လူငယ်များသည် မိမိလူမျိုးတို့၏ သမိုင်းကြောင်းတစ်စေ့တစ်စောင်းကိုမှ တီးမိခေါက်မိမရှိကြလျှင် နောင်လာမည့်မျိုးဆက်သစ်များမှာလည်း ပို၍အလှမ်းကွာဝေးတော့မည်ဖြစ်သောကြောင့် သမိုင်းပျောက်သည့် လူမျိုးတစ်မျိုးအဖြစ် ဖြစ်သွားနိုင်ပေသည်။
သို့ဖြစ်ပါ၍ ကရင်လူမျိုးတို့၏အကြောင်းနှင့် သမိုင်းဖြစ်စဉ်အမှန်ကို ရေးသားထားသောစာအုပ်စာပေများ၊ များများထွက်ပေါ်ဖို့ လိုအပ်လှပေသည်။ သမိုင်းအကြောင်းကို ရေးရာမှာလည်း အပိုင်းနှစ်ပိုင်းခွဲပြီး ရေးသားကြဖို့ လိုအပ်လိမ့်မည်ထင်ပါသည်။ ပထမပိုင်းမှာ ရှေးပဝေသဏီနှင့် အတိတ်ဟောင်းများကာလ၌ ရှိခဲ့သော ကရင်လူမျိုးတို့၏အကြောင်းနှင့် အဖြစ်အပျက်များ ပါဝင်ကြရပါမည်။ဒုတိယအပိုင်းမှာ ကိုလိုနီခေတ်နှင့် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက် ဖြစ်ပျက်ခဲ့သောအခြေအနေများ၊အကြောင်းအရာများ ပါဝင်ရပါမည်။ကရင်လူမျိုးတို့၏သမိုင်းကို ကရင်လူမျိုးများပြန်လည်ရေးသားမှသာ မှန်ကန်ပြည့်စုံပေလိမ့်မည်။ တိုင်းတစ်ပါးသူတို့ရေးသားကြသော ကရင်ရာဇ၀င်သမိုင်းသည် အားလုံးမှန်ကန်ပြည့်စုံမည်ဟု
တစ်ထစ်ချပြော၍ မရနိုင်ပါ။ဒီသဘောတရားကိ တစ်ချို့သောသူများက စောဒကတက်ချင
်တက်ကြပေလိမ့်မည်။ သို့သော်လည်းကမ္ဘာ့သမိုင်းကိုပဲကြည့်ကြည့်၊ မြန်မာ့သမိုင်းကိုပဲကြည့်ကြည့် သမိုင်းဖြစ်စဉ် အမှန်အတိုင်းရေးသားထားကြသည်ကို တွေ့ရှိရပေမည်။သမိုင်းကြောင်းမှာ ကောင်းလျှင်ကောင်းသလို ရေးသားတတ်ပြီး၊ မကောင်းလျှင်မကောင်းသလို ရေးသားကြသည်ကို သမိုင်းစာအုပ်တွေမှာ တွေ့မြင်ဖတ်ရှူနိုင်ကြပါသည်။ကရင်လူမျိုးတို့၏သမိုင်းကိုလည်း ဒီအတိုင်းရေးသားနိုင်ရမည်။ဒါမှသာလျှင် မိမိတို့လူမျိုးရာဇ၀င် သမိုင်းကိုပြန်ပြီး လေ့လာဖတ်ရှုသောအခါ နောင်လာနောင့်သားများသည်လည်း ဘယ်ခေတ်၊ဘယ်အချိန်တွေမှာ ဘာတွေဖြစ်ခဲ့သည်၊ သမိုင်းကြောင်း၏ ဘယ်ခေတ်မှာ ကောင်းမွန်တိုးတက်ပြီး၊ ဘယ်ခေတ်မှာ ဆုတ်ယုတ်နေသည်ကို သိရှိနားလည်နိုင်ပေမည်။ဘယ်နေရာမှာ မှားခဲ့သည်စသည့် မှတ်သားဖွယ်ရာအချက်အလက်များ၊ ဆင်ခြင်ဖွယ်ရာများ၊ အတုယူစရာများ၊ သင်ခန်းစာယူစရာများကိုလည်း သတိပြုမိကြပေလိမ့်မည်။
မြန်မာ့သမိုင်းကို လေ့လာကြည့်လျှင်လည်း ခေတ်သစ်သမိုင်းမှာ ကောင်းသောအမွှေအနှစ်များထားရစ်ခဲ့ပြီးဖြစ်သည်။ သူတို့လူမျိုးပြောဆိုနေကြသော စကားတစ်ခွန်းမှာ “ဗမာတွေစည်းကမ်းဖောက်၍ ထီးနန်းပျောက်ခဲ့ရသည်” ဆိုသောစကားနည်တူ ကရင်လူမျိုးများမှာလည်း စည်းကမ်းဖောက်၍ လူမျိုးမပျောက်သင့်ပေ။အတိတ်ကာလ၏ ဘယ်နေရာမှာ အမှားအယွင်းလုပ်ခဲ့မိလို့ မျက်မှောက်ခေတ်ကာလမှာ ဘယ်အခြေအနေမျိုး ဆိုက်ရောက်နေရသည်ကို ဆင်ခြင်သုံးသပ်ဖို့
လိုအပ်နေပါပြီ။ ကရင်လူမျိုးတိုင်း ဦးနှောက်ထဲ၊ အသည်းနှလုံးထဲမှာလည်း ဒီသုံးသပ်ချက်မျိုးကို အမြဲတမ်း ထည့်သွင်းထားရမည်ဖြစ်ပါသည်..။ ။ ။
မူရင်း..၂၇၄၅-ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အထိန်းအမှတ်စာစောင် ကရင့်ကြေးမုံမှ ကဆောဝါး (တောင်ငူ) ဆောင်းပါးကို ပြန်လည်ရေးသားတင်ပြပါသည်။
No comments:
Post a Comment